Friday, October 18, 2013

ပြည်သူ၊ အီလစ်နှင့် အကူးအပြောင်း နိုင်ငံရေး

,


တင်မောင်သန်း

အကူးအပြောင်း၏ သဘောသဘာဝ

        “အကူးအပြောင်းဆိုတာ အချစ်မပါဘဲ ပြေရာပြေကြောင်း ပြုလိုက်ရတဲ့ အိမ်ထောင်ရေး သာ ဖြစ်တယ်”  ဤသို့ ဖွင့်ဆိုသူမှာ အမေရိကန်နိုင်ငံ၊ ကမ္ဘာကျော် စတန်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ တယ်ရီကား ဖြစ်ပါသည်။ လက်တွေ့ လိုအပ်ချက်အရ မယူလိုလို့   ကလည်း မဖြစ်သောကြောင့် အိမ်ထောင်ပြုလိုက်သည်။ နှစ်ဖက်လိုလိုလားလား ရှိလို့မဟုတ်ချေ။ ဘာလုပ်ကြမည်လဲ။ မင်းကလည်း မင်း။ ငါကလည်း ငါ.. နေကြမည်လား။ နောင်ဂျိန်ချ နေကြမည်လား။ အဆင်ပြေပြေ ဆက်လျှောက်ကြမည်လား။ ရွေးချယ်လို့ရပါသည်။ အကူးအပြောင်းမှာ ဘယ်ဘက်ကမှ ကိုယ့်စံနဲ့ အကိုက် အဖြေမရရှိနိုင်။ ရာနှုန်းပြည့် ကျေနပ်မှု မရှိနိုင်။

အကူးအပြောင်းဘာလဲ

        ဒီမိုကရေစီသို့ အရွေ့ကို ဆန်းစစ်လေ့လာကြရာတွင် အဖွင့် (liberalization) ၊ အကူး (transition) နှင့် အခိုင် (Cons-olidation) ဆိုပြီး ဒီမိုကရေစီအရွေ့ကို ခွဲခြားကြည့်ကြ သည်ကိုလည်း တွေ့ရပါသည်။ ပညာရှင်တစ်ယောက်နှင့် တစ်ယောက်ခွဲပုံ မတူကြပါ။ သို့သော် အဖွင့်ပြီးလျှင် အကူးလာမည်။ အကူးပြီးသော် အခိုင်လာမည်ဟူ၍ အဖြောင့်အတန်း သွားချင်မှတော့ သွားပါလိမ့်မည်။ လီနီယာသဘော မဟုတ်ဟု ဆို၏။ အကူးအပြောင်း သဘောတရား၏ ဂုရုတစ်ပါးဖြစ်သော ရှမစ်တာနှင့် ဟန်ဂေရီနိုင်ငံ၊ ဗဟို ဥရောပတက္ကသိုလ်၊ ဒီမိုကရေစီ၏ အပြစ်အနာအဆာများကို လေ့လာသော ဌာနမှ ပါမောက္ခ ရှနိုက်ဒါတို့က နိုင်ငံပေါင်း ၃၀ ကျော်ကို လေ့လာခဲ့ပါသည်။ သူတို့လေ့လာချက် အရဆိုသော် ဖွဲ့စည်းပုံသဘောတူညီချက်ရရှိရေးနှင့် အတိုက်အခံနှင့် အာဏာရ အဖွဲ့ကြား တွေ့ဆုံ ဆွေးနွေးရေး တို့သည် အကူးအတွက် အဓိကကျသည်။

အလယ်အလတ်သမားများ၊ ရယ်ဒီကယ်များ၊ ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား တင်းမာသူများ

        အကူးအပြောင်း၏ အပြန်အလှန် သက်ရောက်ကြသော အားများတွင် အာဏာရအုပ်စု အတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ၊ သဘောထား တင်းမာသူများ၊ အတိုက်အခံ ဘက်မှ အလယ်အလတ်ကျသူများနှင့် တော်လှန်သော အပြောင်းအလဲ မျိုးကို လိုလားသည့် ရယ်ဒီကယ်များဟူသော အင်အားစုများ ရှိသည်။ အာဏာရအုပ်စု အတွင်းမှ ပြုပြင် ပြောင်းလဲရေးသမားများနှင့် အတိုက်အခံထဲမှ အလယ်အလတ် ကျသူများ ညီညွတ်တွဲမိသော် ဒီမိုကရေစီခရီးအတွက် အလားအလာကောင်းသည်၊ အာမခံချက် ရှိနိုင်သည်ဟု တောင် အမေရိကနှင့် အရှေ့ဥရောပအာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းပုံကို လေ့လာပြီး ပညာရှင်များက ပြောကြပါသည်။ ရိုးရိုးရှင်းရှင်း နားလည်နိုင်ရန် အောက်ပါအတွဲအစပ် ဇယားကွက်လေးဖြင့် ပြတတ်ပါသည်။


အတိုက်အခံအတွင်း ရယ်ဒီကယ် လှိုင်းမြင့်မားလာလေ၊ အလယ်အလတ်များ အားနည်း သွားလေ၊ အာဏာရ အုပ်စုအတွင်း သဘောထား တင်းမာသူများ အားကောင်းလာလေ ဖြစ်တတ်ပါသည်။ ပြည်သူလူထုမှ ထိုသဘောထားများကို မြင်ချင်မှ မြင်ပါလိမ့်မည်။ လူအများစုမှာ ဖြစ်ချင်တာနှင့် ဖြစ်သင့်တာကိုပဲ မြင်သိနေနိုင်ပါ၏။ ထို့ကြောင့် အီလစ်ဟု ခေါ်သော နိုင်ငံရေးအရ ထိပ်ပိုင်း ပုဂ္ဂိုလ်များကြား သဘောတူညီချက် ရရှိခြင်းသည် အကူးအပြောင်းများ၏ လက္ခဏာတစ်ရပ် ဖြစ်လာပါသည်။

အာဏာသိမ်းနိုင်ခြေ
        စစ်အာဏာရှင်စနစ်မှ ကူးပြောင်းကြသောအခါ အာဏာသိမ်းနိုင်ခြေကို မစဉ်းစားလို့ မရ။ အကူးအပြောင်းတွင် ဖွဲ့စည်းပုံဆိုင်ရာ သဘော      တူညီချက်ရရှိနိုင်သော်လည်း စစ်တပ်က အခွင့်ထူးများ ရယူထားသည်ကတော့ ဆက်လက် ရှိနေတတ်သည်။ နိုင်ငံရေးတွင် စစ်တပ်က ပါနေတတ်သည်။ ယင်းသို့ပါနေသော အခြေအနေတွင် ချက်ခြင်းလက်ငင်း အာဏာ သိမ်းနိုင်ခြေမှာ ၂၀ ရာခိုင်နှုန်းရှိသည်။ ယခုချက်ချင်း သိမ်းနိုင်ခြေနည်းသည်ဆိုသော်လည်း နောင်တွင် အာဏာသိမ်းနိုင်ခြေကတော့ လျော့သွားသည်မဟုတ်ချေ။ ၆၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။ အကယ်၍ စစ်တပ်ကို အရပ်သား ထိန်းချုပ်မှုအောက်သို့ ရောက်အောင် လုပ်မည်ဆိုလျှင်တော့ ချက်ချင်းလက်ငင်း အာဏာသိမ်းနိုင်ခြေက ၈၀ ရာခိုင်နှုန်းအထိ မြင့်မားသွားကြောင်း တွေ့ရပါသည်။ စစ်တပ်ကသာ အရပ်သား ထိန်းချုပ်မှုအောက် တကယ် ရောက်သွားပြီဆိုလျှင်တော့ နောင်တွင် စစ်တပ်က အာဏာသိမ်းနိုင်ခြေမှာ တစ်ရာခိုင်နှုန်းသာ ရှိပေတော့သည်။

ပြည်တွင်းစစ်နှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး

        အချက်သုံးချက် စဉ်းစားစရာရှိပါသည်။

၁။ ပြည်တွင်းစစ်အခြေအနေနှင့် ဒီမိုကရေစီ စွမ်းဆောင်ရည်များကို ဆက်စပ်လေ့လာထားချက် တစ်ရပ်လည်းရှိပါသေးသည်။ ဒီမိုကရေစီ အရည်အသွေးရော၊ စွမ်းဆောင်နိုင်ရည်ရော နည်းပါးသော နိုင်ငံများတွင် ပြည်တွင်းစစ်များ ရှိသည်ကို တွေ့ရပါသည်။ ဒီမိုကရေစီ မြင့်မားလာသော်လည်း စွမ်းဆောင်ရည်နိမ့်နေလျှင် အာဏာသိမ်းမှုများ ပြန်ဖြစ်လာတတ်သည် ကိုလည်း ထိုလေ့လာချက်တွင် တွေ့ရပါ၏။ ထို့ကြောင့် ပြည်တွင်းစစ်ပါဖြစ်နေသော နိုင်ငံများတွင် ဒီမိုကရေစီ တက်လာခြင်းတစ်ခုတည်းဖြင့် အာဏာသိမ်းနိုင်ခြေကို ဟန့်တား နိုင်သည်မဟုတ်ချေ။ စွမ်းဆောင်နိုင်ရည်လည်း အရေးကြီးပါ၏။ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရနှင့် တပ်မတော်၏ စွမ်းဆောင်ရည်အကုန် အကျုံးဝင်ပါသည်။

        ဆက်စပ်မှုကို ပုံအတိုင်းပြပါသည်။



၂။ စစ်တပ်ထိန်းချုပ်မှုရှိခဲ့သော လက်တင်အမေရိက နိုင်ငံများတွင် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ ကိစ္စများကို ကိုင်တွယ်နိုင်ဖို့ အကြောင်းအချက်တစ်ချက်သည် အရေးကြီး၏။ အစိုးရသည် တည်ငြိမ်သော အစိုးရဖြစ်လာပြီး အကျိုးသင့်၊ အကြောင်းသင့် စဉ်းစား အုပ်ချုပ်နိုင်စွမ်းသော အစိုးရဖြစ်လာသောအခါတွင်မှသာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု သုံးသပ်ကြပါသည်။ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားအုပ်ချုပ် ကြသည်ဟု ဆိုသည်မှာ မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လေ့လာသော အလေ့အထ၊ ယင်းတို့ကို အခြေခံပြီး မူဝါဒရွေးချယ်သော အလေ့အထ စသော စွမ်းဆောင်ရည်များ ထွန်းကားလာခြင်းကို ဆိုလိုပါသည်။ ထို့ပြင် အရပ်ဘက် ဦးဆောင်သူများကလည်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စများကို နားလည်နိုင်ကြရပါသည်။ ယင်းအသိအမြင်များရှိလာသလို အင်စတီကျူးရှင်းဟုခေါ်သော ကျင့်ထုံးနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ တိုးတက်မှုများလည်း ရှိလာကြပါသည်။

၃။ ပြည်တွင်းစစ်ကြာလာလေ၊ စစ်တပ်များကြီးလာလေ၊ သြဇာတက်လာလေ ဖြစ်တတ်ပါသည်။ ထို့အခါ လူ့အဖွဲ့အစည်းအတွင်း စစ်ဆန်သော နိုင်ငံရေးက လွှမ်းလာပါသည်။ စစ်ဆန်သော နိုင်ငံရေးမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုနှင့် အလှမ်းဝေး ပေ၏။ ထိုစစ်ဆန်သော နိုင်ငံရေးမှ ခွာရန် ပြည်တွင်းစစ် အဆုံးသတ်ရေး အလွန်အရေးကြီး ပါသည်။ ပြည်တွင်းစစ် အဆုံးသတ်လိုက်သဖြင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုများ အပြည့်အဝ ထွန်းကားလာလိမ့်မည်ဟု အဓိပ္ပါယ်မရပါ။ ရွေးချယ်စရာမှာ တရားမျှတမှု မပြည့်စုံ+ပြည်တွင်းစစ်နှင့် တရားမျှတမှု+ပြည်တွင်းစစ်မဲ့ အခြေအနေနှစ်ရပ်သာ ဖြစ်ပါသည်ဟု ပညာရှင် TerrenceLyon က ဆိုပါသည်။ ပြည်တွင်းစစ်မဲ့သဖြင့် စစ်ဆန်သော နိုင်ငံရေးအားကောင်းမှု နည်းလာသည်။ ထို့ကြောင့် စစ်ဆန်သော နိုင်ငံရေးမှ ဒီမိုကရေစီ နိုင်ငံသို့ ပိုရွေ့နိုင်သော သဘောသာ ဖြစ်ပါသည်။

ဆင်းရဲတွင်း ထောင်ချောက်

        နိုင်ငံများ ဆင်းရဲကြသည်မှာ ထောင်ချောက်တစ်ခုခုတွင် မိနေသောကြောင့် ဖြစ်ပါသည် ဟု ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပညာကျော် ပေါလ်ကော်လီယာက ဆိုပါသည်။ သူပြောသော ထောင်ချောက်လေးခုရှိ၏။ ပြည်တွင်းစစ်၊ သဘာဝ အရင်းအမြစ်များကို လွဲလွဲချော်ချော် စီမံခန့်ခွဲခြင်း၊ အားနည်းလှသော အုပ်ချုပ်ရေးနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်မှုတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘယ်ထောင်ချောက်များထဲ ပိတ်မိနေသလဲ ဆင်ခြင်ကြည့်နိုင်ပါ၏။ ဦးစားပေး လုပ်ငန်းစဉ်းစားရာတွင် ထိုထောင်ချောက်များထဲမှ ထွက်နိုင်ရေးကို ပြည်သူများ မေ့မထားသင့်ပေ။

လူထုလှုပ်ရှားမှုနှင့် အပြောင်းလဲ

       နိုင်ငံများ၏ အပြောင်းအလဲကို လေ့လာသောအခါ လူထုလှုပ်ရှားမှုမှာလည်း အရေးကြီး လှသော အဓိကအချက်ကြီးတစ်ချက် ဖြစ်ပါသည်။ အရှေ့ဥရောပမှ အရောင်တော်လှန်ရေး များသည်လည်းကောင်း၊ အာရှမှဖိလစ်ပိုင်၊ အင်ဒိုနီးရှား အပြောင်းလဲများသည်လည်းကောင်း လူထုလှုပ်ရှားမှုများနှင့် ဆက်စပ်နေကြပါသည်။ သို့သော် ထိုလှုပ်ရှားမှု အားလုံးတွင် အာဏာရ အသိုက်အဝန်းနှင့် စစ်တပ်အတွင်း အပြောင်းအလဲ လိုလားသူများ၊ ဒီမိုကရေစီသဘောအရ ရင့်ကျက်သူများရှိပြီး ထိုပုဂ္ဂိုလ်များမှာလည်း အဆုံးအဖြတ် ပေးနိုင်သော နေရာများတွင် အားကောင်းစွာ ရှိနေကြဖို့လိုပါသည်။ လူထုလှုပ်ရှားမှုနှင့် သူတို့ ပူးပေါင်းသွားသော အခါတွင်မှ အပြောင်းအလဲ ဖြစ်ပါသည်။ မဟုတ်လျှင် ဖိနှိပ်မှုနှင့် အဆုံးသတ်ပါသည်။

 ချိန်ထိုး သင့်၊ မသင့်

        မြန်မာပြည်၏ ပြဿနာတော်တော်များများကို အထက်ပါ အကြောင်းအချက်များနှင့် ချိန်ထိုးစဉ်းစားကြည့်နိုင်ပါသည်။ ထို့နောက် မည်သည့်နယ်ပယ်ကို အာရုံစိုက်မည်၊ ဘာကို ဘယ်လို အကောင်အထည်ဖော်မည်၊ မည်သို့ပြဿနာကို ချဉ်းကပ်မည် စသဖြင့် စဉ်းစားကြရ မည်မှာ မလွဲပါ။ ပြဿနာများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်ပါသည်။ လွှတ်တော်နှင့် အစိုးရသက်တမ်းတစ်ခုတည်းနှင့် ဖြေရှင်းဖို့ အလွန်ခက်ပါသည်။ မည်သို့ဆိုစေ၊ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ မည်သည့်နယ်ပယ်များတွင်  အဖိအဖော့ထားလုပ်ကြမည် ဆိုသည်ကိုတော့ ဆုံးဖြတ်ကြရမည်သာ ဖြစ်ပါသည်။ နိုင်ငံရေးမှာ အခြားအလုပ်များနှင့် မတူကြောင်း ကျွန်တော်နားလည်ပါသည်။ သို့သော် ရိုးရှင်းလှသော မူဝါဒကိစ္စများ ရွေးချယ် စဉ်းစားပုံကို အသုံးပြုကြည့်လျှင် အမြင်ပိုရှင်းအောင် အထောက်အကူပြုနိုင်မည်ဟု ထင်ပါသည်။

ဦးစားပေးကိစ္စ ရွေးချယ်ပုံ

        အောက်ပါဇယားလေးတွင် ဖြည့်ကြည့်ပါ။ ကိစ္စတိုင်း အရေးကြီးကြပါလိမ့်မည်။ သို့သော် မိမိက အရေးအကြီးဆုံးဟု ယူဆသော ကိစ္စကို ဆယ်မှတ်ပေးပါ။ အမှတ်တူမပေးခြင်းအားဖြင့် ဘာကိုအဓိက ပိုထားရမည်ဆိုသော အချက်ပေါ်လွင်လာနိုင်ပါသည်။ လုပ်လို့ရနိုင်ခြေ အရှိဆုံးကို တစ်ဆယ်ပေးပါ။ ၂၀၁၅  အတွင်း ဆောင်ရွက်နိုင်သော ကိစ္စများကိုသာ အကြောင်းအရာတိုင်းတွင် ဖြည့်ရန်ဖြစ်ပါသည်။ ဥပမာ အဖြစ် တချို့ကိစ္စများကို ထည့်ပေးထားခြင်းသာဖြစ်ပြီး ဤအကြောင်းရပ်များ ဖြစ်ရမည်ဟု မဆိုလိုပါ။ ဤဥပမာတွင် ပါတီတစ်ခုတွင်း အလုပ်များကို ပြထားသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အုပ်ချုပ်မှု ကောင်းရှိရေးကိစ္စများစသည်ဖြင့် ထည့်သွင်းစဉ်းစားနိုင်ပါသည်။


သို့သော် နိုင်ငံရေးမှာ ဤစဉ်းစားပုံထက်မကကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ ကျိုးကြောင်းယုတ္တိများကို လွန်၍ စိတ်ထံစားချက် ပြင်းပြင်းတစ်ချောင်းတည်းသော စိတ်ဖြင့် လှုပ်ရှားရသော အချိန်များလည်း ရှိပါသည်။ အလိုလို သိစိတ်ပေါ် အခြေခံပြီး ထိုသို့ လုပ်ရန် ဆုံးဖြတ်ရသည်လည်း ရှိပါသည်။ ထိုသို့သော အချိန်အခါကို ရောက်နေပြီလားဆိုသည် ကတော့ ဝိုင်းဝန်းစဉ်းစားကြရန်သာ ဖြစ်ပါသည်။

ထောင့်စုံ

        တင်ပြခဲ့သော အချက်များမှာ မြန်မာနိုင်ငံနှင့် အဓိကဆက်စပ်သည်ဟု ကျွန်တော် ယူဆသော အချက်များသာ ဖြစ်ပါသည်။ ကျန်သော အချက်များလည်း ရှိနိုင်ပါသေးသည်။ ဖွဲ့စည်းပုံကို အသစ်ပဲ ရေးရေး၊ ပြင်ပဲပြင်ပြင်၊ ပြည်သူများ ပိုပြည့်စုံစွာ စဉ်းစားနိုင်ရန် တတ်သိ သူများ ဖြည့်ပေးကြပါရန် မေတ္တာရပ်ခံပါ၏။ ထောင့်စုံစဉ်းစားနိုင်လေ ပြဿနာကို ကိုင်တွယ်နိုင်လေ ဖြစ်ပါသည်။


၁၁-၁၀-၂၀၁၃ ရက်ထုတ် 7 Day Daily သတင်းစာမှ ကောက်နှုတ်ကူးယူဖော်ပြသည်

0 comments to “ပြည်သူ၊ အီလစ်နှင့် အကူးအပြောင်း နိုင်ငံရေး”

Post a Comment