Tuesday, October 15, 2013

ကျွန်ုပ်တို့နှလုံးသားများထဲက နတ်ဆိုး

,


---------------
ရေးသားသူ- ရဲမိုး

လူတစ်ဦးက အခြားသူတစ်ဦးကို မညှာမတာရက်စက်စွာပြုမူရက်သည့် စိတ်ဆန္ဒကို ဘယ်လိုအခြေအနေတွေက ပျိုးထောင်ပေးပါသလဲ။

ကရုဏာတရားနှင့် ရက်စက်မှု၊ လူသားဆန်မှုနှင့် တောကြီးဥပဒေတို့အကြားက အကွာအဝေးကို တိုင်းတာကြည့်ကြရအောင်ပါ။

၁၉၇၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်တက္ကသိုလ်မှာ စိတ်ပညာရှင် ပါမောက္ခဖီးလ်စ်ဇင်ဘာဒိုက လုပ်ပိုင်ခွင့်အာဏာနှင့် ထူးခြားသည့်အခြေအနေ တစ်စုံတစ်ရာက သာမန်လူတစ်ဦး၏စိတ်ကို ဘယ်လိုပြောင်းလဲစေနိုင်သည်ကို လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ နောင်အခါ သမိုင်းတွင်မည့် ထိုစမ်းသပ်မှုကို “စတန်းဖို့ဒ် အကျဉ်းထောင်စမ်းသပ်မှု”ဟု သူတို့အမည်ပေးခဲ့ကြသည်။

လက်တွေ့စမ်းသပ်မှုမှာ ပါဝင်မည့်သူများကို ပါမောက္ခဇင်ဘာဒိုနှင့်အဖွဲ့က သတင်းစာတွင် ကြော်ငြာထည့်ပြီး ဖိတ်ခေါ်ခဲ့ကြသည်။ ၁၄ ရက် ကြာမြင့်မည့် အကျဉ်းထောင်ပုံစံ လက်တွေ့စမ်းသပ်မှုမှာ ပါဝင်လိုသူ လူငယ်များကို စာရင်းပေးကြဖို့ ကြေညာသည်။

အယောက် ၇၀ ကျော်ရှိသည့် လျှောက်ထားသူများကို စိတ်ရောဂါအခြေအနေ ရှိ၊ မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာမှုကို သေချာအောင် အင်တာဗျူးနှင့် အခြားစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ကောလိပ်ကျောင်းသား ၂၄ ယောက်ကို ဒေါင်ဒေါင်မြည် ရွေးချယ်လိုက်သည်။ အားလုံးက ကျန်းမာပြီး ထက်မြက်သည့် လူလတ်တန်းစား လူငယ်အမျိုးသားများဖြစ်သည်။

ဒုတိယအဆင့်မှာတော့ ဒင်္ဂါးနှင့်ခေါင်းပန်းလှန်ပြီး ၁၂ ယောက်ကို အကျဉ်းသားများ၊ ကျန် ၁၂ ယောက်ကို အကျဉ်းထောင်လုံခြုံရေးအစောင့်များအဖြစ် နှစ်စုခွဲထုတ်လိုက်သည်။ စိတ်ဝင်စားစရာကောင်းသည်က ပါမောက္ခဇင်ဘာဒို၏ ပြင်ဆင်မှုပင်။ လက်တွေ့စမ်းသပ်မှုကို တကယ့်အခြေအနေနှင့် ထပ်တူညီအောင် ဒေသခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်။ ရဲများက ထောင်သားအဖြစ် ပါဝင်ရမည့်သူများကို အိမ်တိုင်ရာရောက် လိုက်ဖမ်းသည်။ လက်ထိတ်ခတ်သည်။ အိမ်နီးနားချင်းတွေ အုတ်အော်သောင်းတင်း ဖြစ်ကြသည်။ ရဲဥသြသံများ ဆူညံပြီး အဖမ်းခံရသူများကို ရဲစခန်းသို့ခေါ်လာသည်။

စခန်းမှာ လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ပြီးသည့်အခါမှာတော့ စတန်းဖို့ဒ်တက္ကသိုလ်၊ စိတ်ပညာဌာန၏မြေအောက်ခန်းမှာ ဆောက်လုပ်ထားသည့် အကျဉ်းထောင်အတုထဲသို့ အကျဉ်းသားတွေကို ထည့်လိုက်သည်။ အကျဉ်းသားများကို သုံးယောက်တစ်ခန်းထည့်ထားသည့် ထောင်ကို ထောင်စောင့်များက အလှည့်ကျစောင့်ရသည်။ ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ကတော့ ထောင်မှူးအဖြစ် တာဝန်ယူသည်။

စစချင်း ထောင်မှူးကြီး ပါမောက္ခဇင်ဘာဒိုက ထောင်စောင့်အဖြစ် တာဝန်ယူရမည့် ကောလိပ်ကျောင်းသားများကို လမ်းညွှန်မှာကြားသည်။ အကျဉ်းသားများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခွင့်မရှိသည့်တိုင် အကျဉ်းသားများအပေါ် အပြည့်အ၀ထိန်းချုပ်ခွင့်နှင့် အခြားလုပ်ပိုင်ခွင့်များကိုတော့ ပေးထားလိုက်သည်။

ထောင်စောင့်များကို ကာကီဝတ်စုံများ ၀တ်ခိုင်းပြီး လိုအပ်သည့် တန်ဆာပလာအားလုံး တပ်ဆင်ပေးသည်။ အကျဉ်းသားများက မျက်လုံးချင်းဆက်သွယ်မှုမပြုလုပ်နိုင်ရန် လုံခြုံရေးအစောင့်များကို နေကာမျက်မှန်ကြီးများတပ်စေသည်။ အကျဉ်းသားများကိုတော့ တကယ့်ထောင်သားများလိုထားပြီး ပထမဆုံးဖမ်းလာသည့်နေ့မှာ မျက်နှာကို အ၀တ်မည်းဖြင့်စွပ်ကာ အခန်းထဲမှာ ပိတ်ထည့်ထားလိုက်သည်။ မျက်နှာကို အ၀တ်မည်းဖြင့် စွပ်ပြီးထားခဲ့သည့်အဖြစ်က အကျဉ်းသားများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပစ်ကျသွားစေသည်။

ဒုတိယနေ့မှာပင် ပုန်ကန်မှုကစတင်သည်။ အခန်းအမှတ်(၁)ထဲက အကျဉ်းသားများက အခန်းတံခါးကို ခုတင်နှင့်ပိတ်ဆို့ထားပြီး အမိန့်များကို အာခံသည်။ ထောင်စောင့်လုပ်သည့် ကောလိပ်ကျောင်းသားများကလည်း မရရအောင်ဖြိုခွဲသည်။ လက်တွေ့စမ်းသပ်မှုကို ကွပ်ကဲသည့်အဖွဲ့ထံက အမိန့်မတောင်းဘဲ မီးသတ်ဘူးများနှင့် တိုက်ခိုက်သည်။ စိတ်ဓာတ်စစ်ဆင်ရေးလည်း လုပ်သည်။ အာဏာဖီဆန်ရေးတွင် မပါဝင်သည့် အကျဉ်းသားများကို အစားအစာ ပိုကောင်းကောင်းစားရမည်ဟု မက်လုံးပေးသည်။ သို့တိုင် အကျဉ်းသားများက အခွင့်အရေးပိုမယူဘဲ ဘ၀တူတိုက်ပွဲဝင် အကျဉ်းသားများဘက်က ရပ်တည်သည့်အခါ ဗျူဟာကိုပြောင်းသည်။ အကျဉ်းသားတစ်ဦး သပိတ်မှောက်လျှင် အခြားအကျဉ်းသားများ၏ အခွင့်အရေးကိုပါ ရပ်စဲပစ်သည်။ အကျဉ်းသားများကို နာမည်မခေါ်ဘဲ အကျဉ်းသားနံပါတ်ကိုသာခေါ်ခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို လျှော့ကျစေသည်။

စမ်းသပ်မှုစတင်ပြီး ၃၆ နာရီမှာပင် အကျဉ်းသား ၈၆၁၂ က စိတ်ကစဥ့်ကလျားဖြစ်ပြီး အော်ဟစ်ဆူညံနေတော့သည်။ နောက်ဆုံးတော့ သူ့ကိုစစ်ဆေးပြီး ပြန်ထုတ်လိုက်ရသည်။

တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ အကျဉ်းသားများကို ၀စ်လစ်စားလစ်နေစေသည်။ အိပ်ရာခင်းများသိမ်းပြီး သမံတလင်းပေါ်မှာ အိပ်ခိုင်းသည်။ တိုက်ပိတ်သည်။ တိုက်ပွဲဝင်သည့် အကျဉ်းသားများအကြားမှာ တိုက်ပွဲမ၀င်သူအချို့ကို ရောထားခြင်းဖြင့် အချင်းချင်း မယုံသင်္ကာဖြစ်လာကြသည်။ ယုံကြည်မှုတွေ ပြိုကွဲသည်။

လက်တွေ့စမ်းသပ်မှုအစား တကယ့်ဘ၀ဖြစ်လာသည်။ အကျဉ်းထောင်အစောင့်လုပ်သူများက အကျဉ်းသားများကို “ပြဿနာကောင်တွေ”ဟု မြင်ကြပြီး တညီတညွတ်တည်း ရက်ရက်စက်စက် နှိပ်ကွပ်လာသည်။ နောက်ဆုံး အခန်းအပြင်ထွက်ပြီး အိမ်သာသွားခွင့်ကိုပင် မပေးတော့။ အခန်းထဲက ပုံးထဲမှာ သွားခိုင်းသည်။ မစင်ပုံးကိုလည်း သွန်ခွင့်မပေးတော့။

အကျဉ်းသားအမှတ် ၄၁၆ က အစာငတ်ခံဆန္ဒပြသည်။ သူ့ကို တိုက်ပိတ်လိုက်ကြသည်။ ၄၁၆ ကို တိုက်ထဲက လွှတ်ပေးစေလိုလျှင် ကျန်အကျဉ်းသားအားလုံး သူတို့ညအိပ်ဖို့ စောင်များကို စွန့်လွှတ်ရမည်ဟု ထောင်စောင့်များကပြောသည်။ ရက်စက်မှုအကြားမှာ ယုံကြည်မှုပြိုကွဲသွားသည့် အကျဉ်းသားအများစုက သူတို့စောင်တွေကို အဆုံးရှုံးမခံကြတော့ သူရဲကောင်း ၄၁၆ ဘက်က အများစု မရပ်တည်နိုင်ကြတော့။ ထောင်စောင့်များအဖြစ် တာဝန်ယူရသည့် ကောလိပ်ကျောင်းသားများကိုယ်တိုင် မတန်တဆရသည့် အာဏာကို ချဲ့ထွင်အသုံးချရင်း ရက်စက်သည့် အုပ်ချုပ်သူများ ဖြစ်လာခဲ့ကြတော့သည်။

နောက်ဆုံးတော့ ပါမောက္ခဇင်ဘာဒိုက သူ့တပည့်မ စိတ်ပညာဘွဲ့လွန်ကျောင်းသူ ခရစ္စတီနာမက်စ်လက်ကို လက်တွေ့စမ်းသပ်မှုကို လေ့လာဖို့ခေါ်လာသည်။ တကယ်တော့ ပါမောက္ခဇင်ဘာဒိုနှင့် ခရစ္စတီနာတို့က ချစ်ကျွမ်းဝင်နေသူ ဆရာတပည့်စုံတွဲဖြစ်သည်။ အကျဉ်းထောင်၏အခြေအနေကို ခရစ္စတီနာတွေ့သည့်အခါ ထိတ်လန့်သွားသည်။ စမ်းသပ်မှုကို ချက်ချင်းရပ်ပစ်ဖို့ အပြင်းအထန်ဝေဖန်သည်။ ပါမောက္ခဇင်ဘာဒိုကိုယ်တိုင်လည်း စမ်းသပ်မှုအခြေအနေထဲက အာဏာ၏ဖမ်းစားမှုကို ခံနေရပြီဟု စွပ်စွဲသည်။ နောက်ဆုံးတော့ ၁၄ ရက်ကြာ ပြုလုပ်မည်ဟု ရည်ရွယ်ထားသည့် စတန်းဖို့ဒ်အကျဉ်းထောင် လက်တွေ့စမ်းသပ်မှုကို ၆ ရက်ဖြင့် သူတို့ချောက်ချားစွာ ရပ်စဲလိုက်ရသည်။ ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများက သူတို့မျှော်လင့်ထားသည်ထက် အများကြီးပိုဆိုးသွားခဲ့သည်

လက်တွေ့စမ်းသပ်မှုပြီးဆုံးသည့်အခါ ထောင်စောင့်အဖြစ် တာဝန်ယူခဲ့သည့် ကောလိပ်ကျောင်းသားများက သူတို့၏ရက်စက်မှုအပေါ် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းအံ့သြခဲ့ကြရသည်။ တစ်ဦးကတော့ “အဲဒီလိုပြုမူနေမိတုန်းက နောင်တမရခဲ့ဘူး။ အပြစ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ ပြီးသွားမှ ကိုယ်လုပ်ခဲ့မိတာကို ပြန်တွေးမိပြီး နောင်တရတယ်”ဟု ပြန်ပြောခဲ့သည်။

“အဲဒီလို အပြုအမူတွေ လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တကယ်မထင်ခဲ့ပါဘူး”ဟု သူက မှတ်ချက်ချသည်။

ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ပင် လက်တွေ့စမ်းသပ်မှု၏ ဖမ်းစားမှုကို ခံစားရကြောင်း ၀န်ခံသည်။ လက်တွေ့စမ်းသပ်မှုမှာ ထောင်စောင့်များ၏ သုံးပုံတစ်ပုံက နှိပ်စက်မှုကို တဖြည်းဖြည်းယစ်မူးလာသည်ဟု ရလဒ်ထွက်လာသည်။ အံ့သြစရာကောင်းသည့် တွေ့ရှိချက်နောက်တစ်ခုက အလွန်အမင်းမရက်စက်သူ အခြားထောင်စောင့်များကလည်း ၀င်ရောက်ကန့်ကွက်ခြင်း မပြုလုပ်ကြ။ တားမြစ်သူ မည်သူမျှမရှိပါတဲ့။

နောက်ပိုင်းမှာ ပါမောက္ခဇင်ဘာဒိုက “နတ်ဆိုးရဲ့ရိုက်ချက်” The Lucifer Effect ဆိုသည့် စာအုပ်မှာ အခြေအနေတစ်ခုက လူ၏အပြုအမူကို လွှမ်းမိုးသွားနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏အပြုအမူကို ထိုပုဂ္ဂိုလ်၏ ကိုယ်ရည်ကိုယ်သွေးထက် ပတ်ဝန်းကျင်အခြေအနေနှင့် စနစ်က လွှမ်းမိုးသွားနိုင်သည်ဆိုသည့် အယူအဆဖြစ်သည်။ နောက်တွေ့ရှိချက်ကတော့ လူသာမန်တစ်ယောက်သည် သူ မလုပ်ရက်၊ မပြုမူရက်သည့် ကိစ္စတစ်ခုကို အခြေအနေနှစ်မျိုးမှာ ပြုမူနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။ ပထမအခြေအနေကတော့ အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်အဖြစ် လှုပ်ရှားနေချိန်ဖြစ်သည်။ တစ်ဦးတည်းမဟုတ်ဘဲ ရဲဘော်ရောင်းရင်းများနှင့် အစုလိုက်အဖွဲ့လိုက် အချိန်မျိုးဖြစ်သည်။ ဒုတိယအခြေအနေကတော့ တာဝန်တစ်ခုခုကို ယူထားရပြီး တာဝန်၏အနက်အဓိပ္ပာယ်ကို လွဲမှားစွာဖွင့်ဆိုခြင်းဖြစ်သည်။ “တာဝန်ကြောင့် လုပ်ရပါသည်၊ အမိန့်ကို နာခံရပါသည်။ ဒီနေရာမှာ ဒီလိုပဲ ပြုမူရပါသည်”ဆိုသည့် အကြောင်းပြချက်များဖြင့် မှားယွင်းမှုဖြစ်သည်။

အားလုံးကို ပြန်ချုပ်ရလျှင် လွန်ကဲသည့်အာဏာနှင့် မှားယွင်းသည့်စနစ်တို့သည် လူသား၏နှလုံးသားကို အရောင်ပြောင်းစေနိုင်သည်ဆိုသည့် တွေ့ရှိချက်ဖြစ်ပါသည်။ လူဘယ်လောက်ပြောင်းပြောင်း မှားယွင်းသည့်စနစ်ဟောင်းကို မပြောင်းနိုင်လျှင် တောကြီးယဉ်ကျေးမှုက ကျွန်တော်တို့ အလွတ်ရုန်းနိုင်မည်မဟုတ်ပါ။ လူ့အဖွဲ့အစည်းအတွက် “မှန်ကန်သည့်စနစ်” နှင့် “သင့်တင့်မျှတသည့်အထိုင်”ကို အားလုံးကြိုးစားတည်ဆောက်ကြခြင်းကသာ အနာဂတ်အတွက် အာမခံဖြစ်သည်။

ကျွန်တော်တို့ နှလုံးသားတွေထဲက နတ်ဆိုးတွေ ထွက်မလာနိုင်အောင် စနစ်နှင့်ပတ်ဝန်းကျင်ကို ပြုပြင်တည်ဆောက်ဖို့ လိုအပ်ပါသည်။
7Day News Journal

0 comments to “ကျွန်ုပ်တို့နှလုံးသားများထဲက နတ်ဆိုး”

Post a Comment