Friday, October 18, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၂)

,

========================================
နေပြည်တော် အောက်တိုဘာ ၁၅

ဦးသန်းအောင်။ ဟုတ်ကဲ့၊ အခုလို ဆရာဆွေးနွေးသွားတဲ့အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သမိုင်းနောက်ခံလေးတွေကို မသိသေးတဲ့သူတွေလည်း သိသွားရသလို၊ သိရှိပြီးသားသူတွေအတွက်လည်း ပြန်လည် အမှတ်ရစေပါတယ်။ အသစ်ရေးမလား၊ ပြင်ဆင်မလား ဆိုတဲ့ စဉ်းစားစရာ၊ တွေးခေါ်စရာကိစ္စနဲ့ ပတ်သက်လို့ ဆရာရဲ့အမြင်လေးကို တင်ပြသွားတဲ့အတွက်ကြောင့် ပြည်သူတွေအများကြီး ဗဟုသုတရကြမှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ဆရာ ဒေါက်တာမနန်တူးဂျာက တိုင်းရင်းသားတွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိစေဖို့နဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တာ လေးတွေ၊ ဖြည့်စွက်သင့်တာလေးတွေများ ရှိခဲ့ရင်လည်း ဆရာရဲ့ အမြင်လေးကို တင်ပြ ဆွေးနွေး ပေးစေချင်ပါတယ်ခင်ဗျာ။

ဒေါက်တာ မနန်တူးဂျာ
ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးရမယ်ဆိုရင် လက်ရှိ ၂ဝဝ၈ အခြေခံ ဥပဒေ တည်ဆောက်ပုံဟာ ပြည်ထောင်စုစနစ် ပုံစံဖြစ်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီအခြေခံဥပဒေမှာ အခြေခံဥပဒေတွေရဲ့ အခရာဖြစ်တဲ့ အာဏာ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ပြဋ္ဌာန်းထားတယ်၊ ပြီးရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကိုလည်း ခွဲဝေပေးထားတာ တွေ့ရပါတယ်။ ဆွေးနွေးချင်တာတစ်ခုက လက်ရှိအခြေခံဥပဒေဟာ လွန်ခဲ့တဲ့ အခြေခံ ဥပဒေတွေဖြစ်တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေများထက် သာလွန်တဲ့ အချက်တွေလည်း ရှိပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုလို့ရှိရင် လက်ရှိ အခြေခံဥပဒေရဲ့ အားသာချက်က ၁၉၄၇ ခုနှစ်အခြေခံဥပဒေဟာ တစ်ပြည်ထောင်စနစ် ဖြစ်တာနဲ့အညီ ဥပဒေပြုရေးအာဏာကို ပြည်နယ်တွေကို ခွဲမပေးထားဘူး။ ဒါကြောင့် အဲဒီအချိန်အခါ တုန်းက ပြည်နယ်တွေမှာ လွှတ်တော်ဆိုတာ မရှိခဲ့ဘူး။ ဒါပေမယ့် အခုလက်ရှိ အခြေခံ ဥပဒေအနေနဲ့ကတော့ ဥပဒေပြုရေးအာဏာကိုလည်း ပြည်နယ်တွေကို ခွဲထားပေးတဲ့ အတွက်ကြောင့် လက်ရှိ အချိန်အခါမှာ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ ဥပဒေပြု လွှတ်တော် ပေါ်ပေါက်လာပြီဖြစ်ပါတယ်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေထက် သာလွန်တဲ့အချက်ကို ပြောမယ်ဆိုလို့ရှိရင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ တစ်ပါတီဆိုရှယ်လစ်စနစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ်ပြဋ္ဌာန်းတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေခံ ဥပဒေကျတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ ဒါတွေဟာ သာလွန် ချက်တွေ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်ဆွေးနွေးချင်တာက အခုလက်ရှိ အခြေခံဥပဒေဟာ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးကိုလည်း ယခင်အခြေခံဥပဒေ နှစ်ရပ်ထက် ပိုပြီးပေးထားတာ တွေ့ရ ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ခုနတင်ပြခဲ့သလို ဒီပြည်နယ်တွေမှာ လွှတ်တော် ဆိုတာ လည်း ရှိပါတယ်။ ပြီးရင် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပြည်နယ်အစိုးရဆိုတာလည်း သတ်သတ် မှတ်မှတ် ဖွဲ့စည်းထားတာ ရှိပါတယ်။

အလားတူပဲ ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲက ပြည်နယ်မရရှိတဲ့ တိုင်းရင်းသားများ အနေနဲ့ မိမိတို့နေထိုင်ကြတဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဆိုတာတွေကို သတ်မှတ်ဖွဲ့စည်းပေးထားတာကို တွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အခုလက်ရှိ သုံးစွဲနေတဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

တစ်ချိန်တည်းမှာ ကျွန်တော်တင်ပြချင်တာက အခုလက်ရှိ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်သွားတယ်ဆိုရင် နောင်တစ်ချိန်ကျလို့ရှိရင် အများက လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ အဆင့်ကို ကျွန်တော်တို့ ရရှိသွားနိုင်တယ်လို့ မြင်ပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုလို့ရှိရင် အခုလက်ရှိမှာလည်း ပြည်နယ်နဲ့ တိုင်းဥပဒေပြုရေးအာဏာတွေ ပေးထားပါတယ်။ လွှတ်တော်တွေ ရှိပါတယ်။ နောက်ပြီးတော့ ဒီဥပဒေပြုရေးအာဏာတွေကို ဒီထက်မကပိုပြီး တိုးမြှင့်ပေးလိုက်မယ်ဆိုရင် အများပြည်သူတွေလိုလား တောင့်တနေတဲ့အဆင့်ကို ရောက်သွားတယ်လို့ ကျွန်တော် မြင်ပါတယ်။

အလားတူပဲ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားတဲ့ အစိုးရတွေနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရအနေနဲ့ ဘယ်သူတွေက ပါဝါတွေကို လျှော့တန်သလောက် လျှော့ချပြီး ပါဝါ Decentralization လုပ်တန်သလောက် လုပ်ပြီးတော့မှ ပြည်နယ် အစိုးရ တွေကို အာဏာတိုးပေးမယ်ဆိုရင်၊ ပြီးတော့ သယံဇာတနဲ့ ပတ်သက်ရင်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တွေ့တဲ့ သယံဇာတတွေကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြား ညှိနှိုင်း ဆောင်ရွက်ပြီးမှ မျှမျှတတ ခွဲဝေသုံးစွဲနိုင်ကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခုလက်ရှိ အခြေခံဥပဒေကို တဖြည်းဖြည်းချင်း လိုအပ်သလို ပြင်ဆင် သွားခြင်းအားဖြင့် နောင်တစ်ချိန်ကျလို့ရှိရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည့်စုံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဆင့်ကို ရောက်ရှိသွားနိုင်တယ်လို့ ကျွန်တော့် အနေနဲ့ ထင်မြင်ယူဆမိပါတယ်။

တစ်ချိန်တည်းမှာ ကျွန်တော် ဆက်လက်ဆွေးနွေးတင်ပြချင်တဲ့ အချက်ကတော့ တန်းတူ ညီမျှရေး ဖြစ်ပါတယ်။ အဲဒီ့တန်းတူညီမျှရေးနဲ့ ပတ်သက်ပြီးတော့မှ ပြောမယ်ဆိုလို့ ရှိရင်တော့ လူမျိုးအရသော်လည်းကောင်း၊ ကိုးကွယ်တဲ့ ဘာသာရေးအရ သော် လည်းကောင်း ခွဲခြားဆက်ဆံခြင်း မရှိဘဲနဲ့ ဒီမိုကရေစီအစိုးရအောက်မှာ အားလုံး တန်းတူ အခွင့်အရေး ရမယ်ဆိုရင် ဒီကိစ္စပြေလည်သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားများအနေနဲ့ အဓိကထားကြတဲ့ စာပေယဉ်ကျေးမှု အစရှိတာတွေကိုလည်း အစိုးရ အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်၊ ထိန်းသိမ်းကာကွယ် မြှင့်တင်ခွင့် ပေးလိုက်ကြမယ်ဆိုလို့ရှိရင် တိုင်းရင်းသားများ ပျော်ရွှင်ကျေနပ်ကြမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့်မို့လို့ ချုပ်ပြီး ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လိုအပ်သလို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည် တယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

ဦးသန်းအောင်။ ဟုတ်ကဲ့ အခုလို ဆရာအနေနဲ့ ဆရာ့ရဲ့ အမြင်လေးကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားတဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ တန်းတူမှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး ဆရာရဲ့ အကြံပြုချက်လေး၊ ဆွေးနွေးချက်လေးကို ရှင်းရှင်းလင်းလင်း သိလိုက်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ဆရာဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် အနေနဲ့ သယံဇာတ အရင်းအမြစ်တွေနဲ့ ဘဏ္ဍာငွေ တွေကို ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ ဘယ်လိုခွဲဝေသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေးကို တင်ပြဆွေးနွေး ပေးစေလိုပါတယ်ခင်ဗျ။


-------------------------------------------------------------

တည်ဆဲဥပဒေတွေကို မပြောင်းနိုင်ဘူးဆိုရင် ဘယ်လိုကောင်းတဲ့ အခြေခံဥပဒေမျိုးဖြစ်စေ မကျေနပ်ချက်တွေကတော့ အမြဲတမ်းရှိနေမှာပဲ

ဒေါက်တာအင်ဒရူးငွန်ကျုံးလျန
ကျွန်တော်ဒီနေ့ ဆွေးနွေးချင်တဲ့ ကိစ္စကတော့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် တွေအကြားမှာ သဘာဝသယံဇာတ အရင်းအမြစ်ကနေ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ဘယ်လို ခွဲဝေမလဲ၊ နောက်ပြီးတော့ ကျေးလက်နဲ့ မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်တွေကို ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေအရ ကျွန်တော်တို့ တဖြည်းဖြည်းချင်းနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဆရာကြီးဒေါက်တာမနန်တူးဂျာ ပြောသွားသလို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်စနစ် ဒါမှမဟုတ် ဖက်ဒရယ်မူလို့ ပြောလို့ရမယ့် လက္ခဏာအချက် (၅)ချက်ကို အခြေခံထားတာကို ကျွန်တော်နည်းနည်း ပြောလိုပါတယ်။

ပထမအချက်က စာနဲ့ရေးသားထားတဲ့ အခြေခံဥပဒေ ရှိပါတယ်။ အဲဒါ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဒုတိယအချက်က အစိုးရနှစ်ခု၊ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဆိုတဲ့ အစိုးရကို ဖန်တီးပေးထားပါတယ်။

တတိယအချက်က ပြည်သူထံကနေ ဆင်းသက်လာတဲ့ အချုပ်အခြာ အာဏာကြီးကို ခက်မကြီး သုံးဖြာနဲ့ ပိုင်းခြားပေးထားပါတယ်။ တရားစီရင်ရေးရှိတယ်။ အုပ်ချုပ်ရေးရှိတယ်။ ဥပဒေပြုရေး ရှိပါတယ်။

စတုတ္ထအနေနဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ သမာသမတ် ကျကျ ဖြေရှင်းပေးမယ့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးလည်း ရှိပါတယ်။ ပဉ္စမအနေနဲ့ လူဦးရေ ကို အခြေမခံဘဲ ဒေသန္တရနဲ့မျိုးနွယ်စုတွေ ဒီအနေအထားတွေ အခြေခံတဲ့ အမျိုးသား လွှတ်တော်ကိုလည်း ဖွဲ့စည်းပေးထားပါတယ်။

ဒီအချက် (၅) ချက်နဲ့ ပြည့်စုံတဲ့အတွက် ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေဟာ ဖက်ဒရယ်စနစ် ဒါမှမဟုတ် ဖက်ဒရယ်မူကို အခြေခံထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့အနေအထား၊ သူ့ရဲ့ရေးသားပုံ၊ ဖွဲ့စည်းပုံတွေကြောင့် ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်အဆင့်ကို ရောက်ပြီလား၊ မရောက်သေးဘူးလား ဆိုတာကတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လိုချင်တဲ့ဟာကို တဖြည်းဖြည်းချင်း ဖြည့်စွက် ပြီးတော့ ကျွန်တော်တို့ လုပ်လို့ရပါတယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

ဒုတိယအချက်အနေနဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဖွဲ့စည်းပုံဥပဒေအရ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခါစ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝသယံဇာတတွေ ပေါများလှတဲ့ တိုင်းပြည်မှာ ဒီအရင်းအမြစ်တွေကို ခွဲဝေမှုတွေ မလုပ်တတ်ရင်၊ ဘဏ္ဍာငွေတွေကို ခွဲဝေမှု မလုပ်တတ်ရင် ကျွန်တော်တို့ အကြီးအကျယ်ကြီးမားတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ တွေ့လာနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုသဘာဝ သယံဇာတတွေနဲ့ ဒီဘဏ္ဍာငွေတွေ ခွဲဝေမှု၊ ကျေးလက်နဲ့ မြို့ပြ ဆင်းရဲချမ်းသာ ကွာဟမှုကျွန်တော်တို့ မဖြေရှင်းခင်မှာ ဒီအခြေခံဥပဒေနဲ့ ဒီတည်ဆဲဥပဒေ တွေရဲ့ သဘောသဘာဝ ဆက်နွှယ်ပုံတွေကို နည်းနည်းပြောလိုပါတယ်။

ဘာလို့လဲဆိုတော့ ဗြိတိသျှလက်အောက်ကို ကျရောက်ပြီးကတည်းက ဒီနေ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ အသက်ဝင်လာတဲ့ ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းအထိ ခေတ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပါတယ်။ ဗြိတိသျှတွေ အုပ်ချုပ်တုန်းက သူတို့ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေ၊ နောက်ပိုင်း လွတ်လပ်ရေးရပြီးတော့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြဋ္ဌာန်း ထားတဲ့ တည်ဆဲဥပဒေတွေ၊ တော်လှန်ရေးကောင်စီခေတ်တုန်းက သူတို့ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေ၊ ဆိုရှယ်လစ် အစိုးရခေတ်တုန်းက ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေ၊ တပ်မတော်အစိုးရ လက်ထက်က ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေ ကျွန်တော်တို့မှာ တည်ဆဲ ဥပဒေပေါင်း ၄ဝဝ ကျော် ရှိပါတယ်။

ယခုအစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေပေါင်း ၄ဝ ကျော်ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိစ္စဓူဝ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားရဲ့ ဒီလည်ပတ် စေတဲ့အရာက ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေတောင် မဟုတ်သေးဘဲနဲ့ အမှန်ဆို ကျွန်တော်တို့ နိစ္စဓူဝ တည်ဆဲ ဥပဒေတွေနဲ့ အသက်ရှင် နေရပါတယ်။

အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကလည်း တချို့ဥပဒေကို ပြင်ဆင်တာတို့၊ ပြုပြင်တာတို့၊ ပြောင်းလဲတာတို့၊ အသစ် ပြဋ္ဌာန်းတာတို့ လုပ်ပါတယ်။ အဲဒီ တော့ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ အခြေခံဥပဒေအသစ် ရေးမလား၊ ဒါမှမဟုတ် လက်ရှိ ၂ဝဝ၈ ခုနှစ်ကို ပြင်မလားဆိုတဲ့ အဆင့်ကို မရောက်ခင်တောင်မှ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနဲ့ ကိုက်ညီခြင်းရှိ၊ မရှိဆိုပြီး တည်ဆဲဥပဒေ ၄ဝဝ ကျော်ကို အရင်ကြည့် တာက ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။
ဘာလို့လဲဆိုတော့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ ဗြိတိသျှ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ဖို့ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ တချို့ဟာ လက်ရှိ ၂ဝဝ၈ ခုနှစ် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ ပြဋ္ဌာန်းထားတာနဲ့ ဆန့်ကျင်တဲ့ဟာတွေ အများကြီး ရှိပါတယ်။ အဲဒီလိုပဲ အစိုးရ အသွင်မတူတဲ့ ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာလည်း ကျွန်တော်တို့ ၂ဝဝ၈ ခုနှစ်နဲ့ မကိုက်ညီတဲ့ အခါကျတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လုံးဝအသက်ဝင်ပြီးတော့ အလုပ်လုပ်ကိုင်ဖို့အတွက် အခက်အခဲ ဖြစ်စေပါတယ်။

အဲဒီတော့ ဒီဟာတွေကို ကျွန်တော်တို့ မဖြေရှင်းရင် ဘာဖြစ်မလဲဆိုတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှေ့ကဆရာကြီးတွေ တင်ပြသွားသလို ဇယား(၁)ရှိတယ်။ ဇယား(၂) ရှိတယ်။ ဇယား(၅) ရှိပါတယ်။ ကျွန်တော်တို့ ဒီသုံးခုနဲ့ အလုပ်လုပ်တဲ့အချိန်မှာ ဇယား(၁)နဲ့ ဇယား(၂) ကြားမှာ ပြဿနာ အဖြစ်စေဆုံးက သူ့မှာပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေ မဟုတ်ဘဲနဲ့ အဲဒီ ဇယား(၁) နဲ့ ဇယား(၂) ဘယ်လို အလုပ်လုပ်မလဲ၊ ဘယ်အချက်မှာ ဇယား (၁)အရ လုပ်ဆောင်မလဲ၊ ဘယ်အချက်မှ ဇယား (၂) အရ လုပ်ဆောင်မလဲ၊ ဘယ်အချက်မှာ ဇယား (၅) အရ လုပ်ဆောင်မလဲ ဆိုတဲ့ဟာက တည်ဆဲဥပဒေတွေ ဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေသာ ကောင်းကောင်း မလုပ်ထားနိုင်ရင် ဇယား (၂) မှာ ဘယ်လောက်ပဲ ပြဋ္ဌာန်းပေးထားထား ကျွန်တော်တို့က ဇယား (၂) အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သဘာဝသယံဇာတနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်ဖို့ အခွင့်အလမ်း တော်တော်နည်းပါတယ်။ ဥပမာအနေနဲ့ ကျွန်တော် သုံးခု တင်ပြလိုပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဇယား (၂) ထဲမှာ ဘာပေးထားသလဲဆိုတော့ ကျောက်မျက်ရတနာ သယံဇာတ ကိစ္စမှာ ပြည်နယ်အစိုးရနဲ့ တိုင်းဒေသကြီးအစိုးရကို လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် သူတို့က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သယံဇာတ၊ ကျောက်မျက်ရတနာကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြုပေမယ့် တကယ်တမ်း အကောင်အထည်ဖော် နေတာက အရင်တုန်းက သယံဇာတဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ အကောင်အထည်ဖော် နေပါတယ်။ အဲဒီမှာ ပြဿနာဖြစ်ပါတယ်။

ဒုတိယအချက်က စည်ပင်သာယာရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို ဥပဒေပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီနေ့ အထိ ကျွန်တော်တို့ တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ စည်ပင်သာယာရေး တည်ဆဲဥပဒေတွေနဲ့ပဲ တိုင်းပြည်မှာ နိစ္စဓူဝ စည်ပင်သာယာရေး ကိစ္စတွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ တတိယ အချက်မှာ ရေချိုငါး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြုခွင့်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပေးထားပါတယ်။ ဒါပေမယ့် ရေချိုလုပ်ငန်းတော့ ထားပါတော့။ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကလည်း လက်ရှိတည်ဆဲ ဥပဒေ လုပ်ဆောင် နေတဲ့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက လုပ်ပိုင်ခွင့်မရှိသလို ဖြစ်သွားတာပေါ့။

နောက်ဆုံးတစ်ခု ဥပမာပြချင်တာက သစ်လုပ်ငန်း ဖြစ်ပါတယ်။ သစ်တောနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ တည်ဆဲဥပဒေတွေနဲ့ လုပ်နေပါတယ်။ တစ်ဖက်မှာလည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပေးထားတယ်။ ဒါပေမယ့် ကျွန်းသစ် အပါအဝင် သစ်မာမှအပ ကျန်တဲ့ဟာကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေ လုပ်ပိုင်ခွင့်ရှိပေမယ့် အဲဒီ့ထဲမှာမှ စာရင်းအရ (၁၅ဝ)လောက် ပါသွားတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် သစ်ကနေ သူတို့ဘဏ္ဍာငွေရဖို့က ဝါးပဲ ကျန်ပါတော့မယ်။

အဲလိုမျိုး အခြေခံဥပဒေတွေတော့ ကောင်းပါရဲ့၊ ဒါပေမယ့် အဲဒီ့ကောင်းတဲ့ အခြေခံဥပဒေ တွေကို လက်တွေ့ အကောင်အထည်ဖော် ဆောင်တဲ့အချိန်မှာ ကျင့်သုံးတဲ့ ဒီတည်ဆဲ ဥပဒေတွေကို ကျွန်တော်တို့ အရင်ဆုံးစိစစ် ရမယ်။ အဲဒီဟာတွေ စိစစ်ပြီးမှ လက်ရှိ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ရယ်၊ (၂) ရယ်၊ (၅) ရယ် ကောင်းကောင်း လုပ်လာတဲ့ အခါကျရင် ကျွန်တော်တို့ အဲဒီ့အခါမှ ဇယား(၁)ကနေ နည်းနည်းများနေမလား၊ ဇယား (၂) ကိုပြောင်းရင် မကောင်းဘူးလား၊ (၂) ကဟာကို(၃) ကိုပြောင်းရင် မကောင်း ဘူးလား၊ (၅) ထဲမှာ ဒီ(၁)နဲ့(၂)ကို ဘယ်လိုညှိမလဲဆိုတာကို အခြေခံဥပဒေပြုပြင် နေတဲ့ ကိစ္စတွေကို လုပ်ဆောင်ရင်တော့ ကျွန်တော်တို့ နည်းလမ်းကျတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အကောင်းဆုံးသော မြန်မာပြည်အတွက် အကောင်းဆုံး သော အခြေခံဥပဒေ ရှိခဲ့တယ် ဆိုပါစို့။ အဲဒီ့ဥပဒေတွေရဲ့ အောက်မှာ တည်ဆဲ ဥပဒေတွေ က အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တည်ဆဲဥပဒေတွေကို မပြောင်းနိုင်ဘူးဆိုရင် ဘယ်လိုကောင်းတဲ့ အခြေခံ ဥပဒေမျိုးဖြစ်စေ ဖြစ်စေ၊ ကျွန်တော်တို့မှာ မကျေနပ်ချက်တွေကတော့ အမြဲတမ်း ရှိနေမှာပဲ။ အဲဒီတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က အသစ်ရေးဖို့ ကျွန်တော် လုံးဝမစဉ်းစားရဲပါဘူး။ ပြုပြင်ဖို့တောင်မှ နည်းနည်း စောနေလား၊ တည်ဆဲဥပဒေတွေကို အရင်ပြုပြင်ပြီးတော့ အဲဒီ့အခါကျမှ တည်ဆဲဥပဒေ (၄ဝဝ) ကျော်နဲ့ လက်ရှိ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လိုက်လျောညီထွေ ရှိတဲ့ အခါကျမှ တကယ်တမ်း ၂ဝဝ၈ ခုနှစ်အခြေခံဥပဒေဟာ တကယ်အလုပ်လုပ် နိုင်သလား၊ မလုပ်နိုင်ဘူးလား၊ ပြည်သူတွေရဲ့ လိုလားချက်ကို တကယ်ဆန္ဒ ဖြည့်စွမ်းနိုင်သလား ဆိုတဲ့ဟာကို သိနိုင်မယ်လို့ ယူဆပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့မှာ ပုဒ်မ (၄၄၆) ရှိပါတယ်။ အဲဒီ့ (၄၄၆) က လက်ရှိတည်ဆဲ ဥပဒေတွေဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ရင် အတည်ဖြစ်ရမယ်။ ဆန့်ကျင်ရင် ပျက်ပြယ်ရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေ၊ နည်းဥပဒေတွေ၊ အက်ဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာချက်တွေ၊ ပြန်တမ်းတွေ အများကြီးရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီ့ဟာ တွေကို လက်ရှိ အခြေအနေနဲ့ ကိုက်ညီခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးပြီးတော့၊ သုတေသန ပြုပြီးတော့ အများပြည်သူသိဖို့၊ လွှတ်တော်တွေ သိဖို့၊ အစိုးရတွေသိဖို့၊ အခြား သက်ဆိုင်ရာ ဌာနအသီးသီးတွေ သိဖို့လုပ်ပေးမယ့် ကော်မရှင်လိုဟာမျိုး တစ်ခုခုလောက် တော့ ကျွန်တော်တို့တိုင်းပြည်မှာ လိုအပ်နေတယ်လို့ ကျွန်တော်တော့ယူဆပါတယ်။


အပိုင်း ၃ ဆက်လက်တင်ပြပါမည်။

မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

0 comments to “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၂)”

Post a Comment