Monday, August 26, 2013

အချစ်ဆိုတာ အရမ်းပူလောင်တဲ့ အရာတစ်ခုပါ လို့ ဆိုလာတဲ့ မေမြတ်သိင်္ခ

,
ဘယ်အလုပ်မှာမဆို ဘယ်နေရာမှာမဆို အရာရာတိုင်းမှာ ပထမဆုံးအကြိမ်ဆိုတာ ရှိတတ်ကြပါတယ်။ လူတိုင်း လူတိုင်း ပထမဆုံးကနေပြီး စကြရတာဖြစ်သလို အဲဒီကမှနေတဆင့် အောင်မြင်မှုဆီကို တက်လှမ်းကြရတာ ဖြစ်ပါတယ်။ အလုပ်တစ်ခုကို လုပ်ရာမှာ အစကောင်းဖို့လိုသလို ရေရှည်အောင်မြင်သွားဖို့လည်း စဉ်ဆက်မပြတ် ကြိုးစားနေမှ တော်ကာကျမှာ ဖြစ်ပါတယ်။ အနုပညာအလုပ်ဆိုတာက ပိုပြီးတောင်မှ ခက်ပါသေးတယ်။ ကိုယ့်ရဲ့ ပြောင်မြောက်လှတဲ့ ဖန်တီးပုံဖော်မှုတွေနဲ့ ပရိသတ်တွေကို ဖမ်းစားကြရတာဖြစ်တဲ့အတွက် အနုပညာလောကကြီးထဲမှာ အောင်မြင်ကျင်လည်နိုင်ဖို့ဆိုတာ အစစအရာရာ အကြောင်းတိုက်ဆိုင်မှ ဖြစ်နိုင်တာပါ။ အဲဒီအကြောင်းတိုက်ဆိုင်မှုတွေနဲ့ အနုပညာလောကကြီးထဲကို ၀င်ရောက်ခြေချလာခဲ့တဲ့ တက်သစ်စ မင်းသမီးလေးတစ်ယောက် ရှိပါတယ်။ ငယ်စဉ်ကတည်းက အနုပညာမျိုးစေ့ပါလာခဲ့သူမို့ အချိန်အခါနဲ့ အခြေအနေကို အမိအရဖမ်းဆုပ်ပြီး အနုပညာနယ်ပယ်ထဲကို ခြေလှမ်းလာခဲ့တဲ့ မေမြတ်သိင်္ခ နဲ့ သူမဘ၀ရဲ့ အနုပညာကို ရင်းနှီးပွင့်လင်းစွာ ပြောဖြစ်ခဲ့သမျှကတော့…

မေး ညီမ ဒီအနုပညာလောကထဲကို ဘယ်လိုဝင်လာဖြစ်ခဲ့တာလဲ…
ဖြေ ညီမက ငယ်ငယ်လေးကတည်းက အနုပညာကို ၀ါသနာပါခဲ့တာပါ။ ညီမရဲ့ သူငယ်ချင်းက မင်းသားသစ် ဂျိမ်းနဲ့ ဇာတ်ကားတစ်ကား ရိုက်မယ်လို့ ပြောတယ်။
နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် သူက မရိုက်ဖြစ်တော့ဘူးတဲ့။ ညီမကို ၀င်ရိုက်ဖို့ ပြောတယ်။ တိုတိုပြောရရင်တော့ သူ့နေရာမှာ ညီမက ၀င်ပြီး သရုပ်ဆောင်လိုက်တယ်။
ခေါင်းဆောင် မင်းသမီးနေရာကပေါ့။ အဲဒီကနေစပြီး ဒီအနုပညာနယ်ပယ်ထဲကို ရောက်လာခဲ့တာပါ။

မေး အဲဒီကားနာမည်က …
ဖြေ လည်ပတ်ဖြုတ်ရင် ၀ုန်းတတ်သည် တဲ့။ မင်းသားက ဂျိမ်း၊ မင်းသမီးက ညီမပေါ့။ ကျေးလက်ကားလေးတစ်ကားပါ။

မေး အခုကော ညီမက ဇာတ်ကားဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ…
ဖြေ ဇာတ်ကားအနေနဲ့ကတော့ ၉ ကားပါ။ VCD တွေမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

မေး နောက်ဆုံးရိုက်ခဲ့တဲ့ ကားက…
ဖြေ အခုနောက်ဆုံးရိုက်ထားတာက ကြောင်နားစား ငထွား ဆိုတဲ့ ဇာတ်ကားပါ။ မင်းသားက သစ်နေစ၊ မင်းသမီးက မမမေပန်းချီနဲ့ ညီမပါ။ အုတ်ဖိုမြို့နယ်ဖက်မှာ
သွားရိုက်ထားတာပါ။ အဲဒါလည်း ကျေးလက်ဒေသဇာတ်ကားလေးတစ်ကားပါပဲ။

မေး ဒီအနုပညာနယ်ပယ်မှာ ညီမအားကျခဲ့ရတဲ့ သရုပ်ဆောင်တွေရှိရင်လည်း ပြောပြပေးပါဦး…
ဖြေ မမို့မို့မြင့်အောင်နဲ့ မခိုင်သင်းကြည်တို့ကို သဘောကျပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုအပိုင်းတွေကိုလည်း အတုယူဖြစ်ပါတယ်။ တစ်ခြား အားလုံးသော
သရုပ်ဆောင်တွေဆီကလည်း အတုယူသင့်တာတွေရှိရင် အတုယူဖြစ်ပါတယ်။

မေး ဂီတကိုကော ညီမ ၀ါသနာပါလား…
ဖြေ ဟုတ်…ပါ ပါတယ်။ ဆိုတာတော့ မဟုတ်ပါဘူး။ သီချင်းတော်တော်များများတော့ နားထောင်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ မချမ်းချမ်းနဲ့ မ၀ိုင်းစုတို့ရဲ့သီချင်းတွေကို ကြိုက်ပါတယ်။

မေး ညီမအနေနဲ့ အနုပညာကိုရော ဘယ်လိုများ နားလည်လက်ခံထားလဲ…
ဖြေ အနုပညာဆိုတာကတော့ ကိုယ်တတ်တဲ့ပညာလေးနဲ့ သူများကို ဆွဲဆောင်တာလို့ ထင်ပါတယ်။ ဘယ်အနုပညာပဲဖြစ်ဖြစ်ပေါ့။ သီချင်း၊ သရုပ်ဆောင်ပညာ၊ ပန်းချီ၊ ပန်းပု အားလုံးဟာ သူတစ်ပါးက ကိုယ့်ကို အာရုံစိုက်မိလာအောင် ကိုယ့်ရဲ့အတတ်ပညာလေးကို ထုတ်ဖော်ပြသတာပေါ့။ အဲဒီတော့ သူတစ်ပါးကို ဆွဲဆောင်ဖမ်းစားဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ ပညာရပ်တစ်ခုလို့ ခံယူထားပါတယ်။

မေး ညီမလေးရဲ့ အချစ်ရေးကကော…
ဖြေ အချစ်ရေးကတော့ Only One ပါပဲ။ အချစ်ဆိုတာက အရမ်းပူလောင်တယ်လို့ ထင်တယ်လေ။ ရှိရင်လည်း ကောင်း၊ မရှိရင်လည်း ကောင်းတဲ့အရာမျိုးလို့ပဲ ထင်ပါတယ်။

မေး ဒါဆိုရင် ညီမက ဒီအနုပညာနယ်ပယ်မှာ ဘယ်လိုရှေ့ဆက်သွားဖို့ စဉ်းစားထားလဲ…
ဖြေ ညီမရဲ့ စီနီယာအစ်ကိုအစ်မတွေဆီက သင်ယူနိုင်စွမ်းပေါ့။ ကိုယ်သင်ယူနိုင်သလောက် ရမှာပဲလေ။ အရာရာတိုင်းမှာ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားမယ်လို့တော့ စဉ်းစားထားပါတယ်။ ဘယ်အလုပ်မဆိုတော့ လွယ်တယ်ဆိုတာ မရှိပါဘူး။ အခက်အခဲတွေရှိမှပဲ လူဆိုတာ တိုးတက်နိုင်မယ်လို့ မြင်ပါတယ်။ ညီမက ပရိသတ်တွေရင်ထဲကို ရောက်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ဆက်လက်ပြီး အစွမ်းကုန်ကြိုးစားသွားဖို့ စဉ်းစားထားပါတယ်။

မေး ပရိသတ်ကြီးအတွက် ညီမရဲ့ ရင်ထဲက စကားသံလေးက…
ဖြေ ညီမက အနုပညာလောကထဲကို ၀င်လာတာ မကြာသေးတဲ့ အသစ်တစ်ယောက်ဖြစ်လို့ ပရိသတ်ကြီး ကြည့် ကြည့်ပေးပါ၊ ပြီးရင် ဝေဖန်အကြံပေး ပေးပါ၊ အားပေးပါ။ လိုအပ်တာလေးတွေရှိရင်လည်း နားလည်သည်းခံပြီး ဝေဖန်အကြံပေးပါလို့ ပြောချင်ပါတယ်။ ပရိသတ်ကြီးအားလုံး ကျန်းမာချမ်းသာပါစေ။

ဝန်းရံခ(မာန်အောင်)

0 comments to “အချစ်ဆိုတာ အရမ်းပူလောင်တဲ့ အရာတစ်ခုပါ လို့ ဆိုလာတဲ့ မေမြတ်သိင်္ခ”

Post a Comment