မြန်မာနိုင်ငံ၏
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် လွန်စွာ
အရေးကြီးသည့် လုပ်ငန်း တစ်ရပ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု
အသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြောင်းလဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို
မေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ သဘောထားကို ပြောပြပေးပါ။
UYH : ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့
ပတ်သက်ပြီး ထားရှိတဲ့ သဘောထား ဆိုတာထက် ကျွန်တော့် ထင်မြင်ယူဆချက်ကိုပဲ
ပြောပါရစေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ထဲက တောင်ကြီးမြို့မှာ
ကျွန်တော်တို့ပါတီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ်
လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဓိကကတော့
အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာ သုံးသပ်ရေး ကော်မတီမှာပါတဲ့
ကျွန်တော်တို့ပါတီက အဖွဲ့ဝင်လေးဦးကို အချက်အလက်တွေ စုဆောင်းပေးတဲ့
အစည်းအဝေးပေါ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တဲ့ သဘောထားကတော့ (၁)
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းထက် ပြင်ဆင်ဖြည့်စွက်
အသုံးပြုခြင်းက နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုကောင်းမွန်တယ်။ (၂)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစား ရာမှာ
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးမှာ
တိုးတက် ကောင်းမွန်လာနေတဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေရန်။ (၃)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ရည်မှန်းချက်အဖြစ်
ထားရှိသင့်တဲ့ ကိစ္စဟာ တိုင်းရင်းသားတိုင်း တန်းတူရေး၊
ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်
ရှိရေးတို့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်ရေး စတဲ့ကိစ္စတွေနဲ့
ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ဟာ ပါတီရဲ့
အမြင်ဖြစ်တယ်လို့ ကျွန်တော်မှတ်ယူပါတယ်။
Voice : တောင်ကြီးမှာ လုပ်ခဲ့တဲ့ မွန်၊ ရှမ်း၊ ကယားညီလာခံမှာ
အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှစ်မျိုး ပြောထားပါတယ်။
ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် ဘယ်လမ်းက ပိုပြီးသင့်တော်မလဲ။
ဘာကြောင့်လဲ ဆိုတာကော နည်းနည်းလောက် ရှင်းပြပါလား။
UYH : ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် အသစ်ပြန်လည် ရေးဆွဲတာထက်
တိုင်းပြည် တည်ငြိမ်ပြီး ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တယ်လို့ ဘုံသဘောတူ
ယူဆထားချက်တွေကို ပြင်ဆင် အသုံးပြုတာက ပိုကောင်းပါတယ်။ ယခု
ဘုံသဘောမတူနိုင်သေးတဲ့ အချက်တွေကို ခဏထားလိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့
ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ တပ်မတော်က ၁၉၈၈ ခုနှစ်မှာ
အာဏာသိမ်းပြီး တောက်လျှောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ရာက တပ်မတော်
စိတ်ကြိုက် နိုင်ငံနဲ့ သင့်တော်မယ်လို့ သူတို့ယူဆတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ အုပ်ချုပ်လာတာ ၂ နှစ်ခွဲကျော်ကျော်ပဲ ရှိပါသေးတယ်။
တချို့ကိစ္စတွေမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း
လက်တွေ့မှာ မကျင့်သုံးသေးတာမျိုးတွေ ရှိနေလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့
အားနည်းချက်လား၊ လက်တွေ့ အကောင်အထည် ဖော်နေသူတွေရဲ့
အားနည်းချက်ကြောင့်လားဆိုတာ အသေအချာ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင်
၂၀၀၈ အခြေခံဥပဒေကို စပွန်ဆာလုပ်ခဲ့တဲ့ တပ်မတော်ဟာ ကနေ့မျက်မှောက်ကာလ
မြန်မာ့နိုင်ငံရေးမှာ အဓိကအင်အားစု တစ်ရပ်အနေနဲ့ ရှိမြဲ ရှိနေပါသေးတယ်။
ကနေ့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ တကယ်တော့ စစ်ဘက်-အရပ်ဘက်
အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်လို့ အခြေခံဥပဒေ အသစ်ပြန်လည်
ရေးဆွဲရေးကို ထိပ်တန်း တင်လိုက်ရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို
ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်။ [[[[[[[[[[[[[[[[[[[[ Voice :
အသစ်ပြန်ရေးမယ် ဆိုတဲ့အခါ နိုင်ငံရဲ့လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့
အနာဂတ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။
UYH : နိုင်ငံ လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ဘက်-အရပ်ဘက် ယုံကြည်မှု
တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး။ အဲဒီမှာ
အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတယ်။ အဲဒီအင်အားစုက နားလည်
သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ
မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို
ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို
ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ
ရှိလာနိုင်ပါတယ်။
Voice : ခုတိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ကြတဲ့အခါ
၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလား။
တချို့အဖွဲ့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး ပြောကြတော့
ငြိမ်းချမ်းရေးအတွက် ဘယ်လို ရှေ့ဆက်သွားသင့်သလဲ။
UYH : လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ
အတွင်းကျကျ ပါဝင်ခဲ့တဲ့သူ မဟုတ်တော့ သူတို့က ဘာတွေ တောင်းဆိုတယ်။
တိုင်းပြည် အနာဂတ်မှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင် သူတို့က
ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ အတိအကျ မသိရပါဘူး။ အဲဒီအချက်တွေကို အတိအကျ
သိရရင်တော့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လား၊
လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လားဆိုတာ ထောက်ပြ ဝေဖန်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပြောဆိုချက်တွေကို အသိပေး
ထုတ်ပြန် ကြေညာသင့်ပါတယ်။
Voice : ခုတွေ့နေရတာက ကြံ့ခိုင်ရေးကလည်း အခြေခံဥပဒေ ပြင်တဲ့အခါ
သူတို့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းသိမ်းချင်တဲ့ သဘောရှိတယ်။
တိုင်းရင်းသားပါတီ အသီးသီးကလည်း ဖက်ဒရယ်ကို အမျိုးမျိုး အားပြုပြောနေကြတယ်။
တစ်ဖက်မှာ အဓိက အတိုက်အခံဖြစ်တဲ့ NLD မှာလည်း ကိုယ်ပိုင် Interest
ရှိနေတယ်။ ဒီလို လမ်းကြောင်းတွေ မတူကြတဲ့အပေါ် ဘယ်လို သဘောထားပါသလဲ။
UYH : ပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအကျိုး
စီးပွားအတွက်လည်းဖြစ်တဲ့ ကိစ္စတစ်ခုကို ဒါဟာ ပြည်သူ့ အကျိုးစီးပွားပါလို့
ပြောကြာ ဓမ္မတာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ လွတ်တော်ထဲမှာ အင်အားတောင့်တဲ့
ပါတီကတော့ ပြောလည်းပြော အကောင်အထည်လည်း ဖော်သွားနိုင်မှာပေါ့။
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို သူအလှည့် ရှိသလို ကိုယ့်အလှည့်လည်း
ရှိမှာပေါ့။
Voice : အခြေခံဥပဒေကို ပြင်တဲ့အခါ လွှတ်တော်တွင်းနဲ့
လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုအသီးသီး၊ တိုင်းရင်းသားအဖွဲ့တွေ
ဘယ်လိုလက်တွဲ အလုပ်လုပ်သွားနိုင်မယ်လို့ ခန့်မှန်းပါသလဲ။
UYH : အခုလေ့လာသုံးသပ်ရေး ကော်မတီက Guidelines ချထားရာမှာ ကော်မတီအနေနဲ့
ဖြစ်စေ၊ ကော်မတီဝင် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ပြင်ပ နိုင်ငံရေး
အင်အားစုတွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး
သဘောထား ရယူနိုင်ကြောင်း ပြောထားတာ ရှိလေတော့ အဲဒီကိစ္စအတွက် လွတ်လွတ်လပ်လပ်
အကြံပေးနိုင်ကြမှာပါ။
Voice : လတ်တလောမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးဖို့ပြောတဲ့
အသံတွေ အားကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်မှာက အခြေခံဥပဒေကို ကာကွယ်
စောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက် ရှိနေတော့ အဲဒီနှစ်ခု
ထိပ်တိုက်တွေ့ခဲ့ရင် အားလုံးစိုးရိမ်တဲ့ နောက်ကြောင်း
ပြန်လှည့်မှုမျိုးဆိုတာ ဖြစ်သွားနိုင်လား။
UYH : ဒီမိုကရေစီစနစ် လူ့ဘောင်မှာ လူတိုင်းလွတ်လပ်စွာ သဘောထား
ဖော်ထုတ်ခွင့်ရှိတယ် ဆိုတာရယ်၊ အခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းရေးဟာ
လွှတ်တော်ကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတာရယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို
မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမယ်၊ မလိုက်နာရင်
အရေးယူခံရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ပါဝင်ပတ်သက်နေသူ အားလုံးက
လေးလေးနက်နက် သဘောပေါက်ကြရင် ဘာအန္တရာယ် မှမရှိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်က
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာနဲ့ အားမရသေးဘဲ လူ့အဖွဲ့အစည်း တည်ငြိမ်
အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီး မိမိတို့ တောင်းဆိုချက်တွေကို အတင်းအဓမ္မ
လုပ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိသလို တစ်ဖက်
မှာလည်း သူတစ်ဖုံငါတစ်မျိုး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာ လေးလောက်ကို
တိုင်းပြည်တော့ ပြိုကွဲတော့မှာပဲလို့ ပုံကြီးချဲ့ တွေးတောပြီး ၆၂
ခုနှစ်ကလို ပြန်လုပ်ကြမယ် ဆိုရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါက တပ်မတော်
ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး နားလည်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။
Voice : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့
အခြေခံဥပဒေမှာပါတဲ့ အချက်တချို့ကို ဖယ်ရှားမယ်ဆိုရင် အမျိုးသား
လုံခြုံရေးဘက်မှာ စိုးရိမ်စရာ ရှိတယ်လို့ ပြောကြတော့ ဘယ်လို ဖြေလျှော့မှုက
အကောင်းဆုံး ဖြစ်နိုင်မလဲ။
UYH : အကောင်းဆုံး ဖြေလျှော့မှုကတော့ လူ့အဖွဲ့အစည်းတစ်ခု၊
တိုင်းနိုင်ငံတစ်ခု ကောင်းမွန်တဲ့ စနစ်တစ်ခုဆီကို ချီတက်ရာမှာ လူပုဂ္ဂိုလ်
တစ်ဦးချင်းထက် Institution များ ပြောင်းလဲရေးက ပိုမိုအဓိက ကျတယ်ဆိုတဲ့
အချက်ရယ်၊ ဒီနေ့ အခြေခံဥပဒေမှာ သမ္မတမှာလည်း လုပ်ပိုင်ခွင့် ရှိသလို
ပါတီပိုင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန် နှစ်ခုလုံးကို ပူးတွဲ တာဝန်ယူထားနိုင်တဲ့
ပုဂ္ဂိုလ်မှာလည်း ကြီးမားတဲ့ လမ်းညွှန်မှုပေးတဲ့ အလုပ်တွေ လုပ်နိုင်တယ်
ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ရင် အားလုံး အဆင်ပြေသွားမှာပါ။
ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက်
ပါတီခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ။
Voice : ဦးရဲထွန်းကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ
လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေတာဆိုတော့ အခြေခံဥပဒေ
ပြန်ရေးကြမယ်ဆိုတဲ့ သဘောထားအပေါ်မှာ ဘာများပြောချင်ပါလဲ။
UYH : မျက်မှောက်နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားတာ
မဟုတ်ဘူးလို့ ယူဆတဲ့အတွက် အခြေခံဥပဒေ အသစ်ပြန်ရေးမယ်ဆိုတဲ့ သဘောထားက
စိတ်ကူးယဉ် ဆန်လွန်းပါတယ်။ =
Voice : လက်နက်ကိုင် တိုက်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ အခု
လွှတ်တော်တွင်းကနေ တိုင်းပြည် အပြောင်းအလဲကိုလည်း ဖော်ဆောင်နေသူဖြစ်တော့
လက်ရှိ နိုင်ငံသွားနေတဲ့ အနေအထားနဲ့ ၂၀၁၅ ထိ ရှေ့အလားအလာကို ဘယ်လို
သုံးသပ်မလဲဗျ။
UYH : ဒီကိစ္စသုံးသပ် ပြောကြားဖို့ကတော့ သိပ်ကျယ်ပြန့်ပါတယ်။ တိုတိုနဲ့
ပြောရင်လည်း မပြည့်မစုံ ဖြစ်နေနိုင်တယ်။ ၂၀၁၅ ခုနှစ်အထိ သုံးသပ်ရမယ်
ဆိုရင်တော့ အရင်ထက်စာရင် ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီ
လုပ်ထုံးလုပ်နည်းတွေ ကျင့်စဉ်တွေနဲ့ ပိုမိုယဉ်ပါးလာမှာ ဖြစ်သလို၊ ပါတီ
တည်ဆောက်ရေး၊ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာရေး
စတာတွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။ ဦးရွှေမန်း
ဦးဆောင်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာလည်း
ယခင်ကထက် ပိုမိုစည်းလုံး လာနိုင်ဖွယ်ရာ အရိပ်အယောင် တွေ့ရပါတယ်။
တစ်ဖက်ကိုတစ်ဖက် အပြုတ်တိုက်ရေး လုပ်တာဟာ အားလုံးအတွက် အကျိုးမရှိဘူးဆိုတာ
(တိုင်းပြည် အတွက်ရော၊ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော) နားလည် သဘောပေါက်
လာကြရင်ပေါ့။
Voice : NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်း
သဘောတူညီချက်အရ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို ပြည်သူ့ သဘောဆန္ဒ
ကောက်ယူပြီး လွှတ်တော် ပူးပေါင်း ကော်မတီထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့
သိရပါတယ်။ ပြည်သူတွေရဲ့ Awareness နဲ့ အခြေခံ ဥပဒေပြင်ရေးသို့
အသစ်ပြန်ဆွဲရေးကို တည့်တည့်မတ်မတ် သဘောဆန္ဒ ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
UYH : ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သာမာန်ပြည်သူ တစ်ယောက်အဖို့
မဆိုထားနဲ့ ရိုးရိုးဥပဒေဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ် တစ်ယောက်သည်ပင်လျှင်
နိုင်ငံရေးကို လေ့လာလိုက်စား နားလည်မှု မရှိရင် ထိုအခြေခံဥပဒေဟာ
တိုင်းပြည်တစ်ခုအတွက် တော်၏ မတော်၏ သင့်၏ မသင့်၏ဆိုတဲ့ ကိစ္စများကို
မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့လို နိုင်ငံရေး အခြေအနေအရ အထိအခိုက် မခံနိုင်တဲ့
အနေအထားမျိုး (တစ်နည်းအားဖြင့် ပြောရရင် အမျိုးသား ရင်ကြားစေ့ရေးကို
ကြိုးစား တည်ဆောက်နေဆဲ ကာလမျိုး) မှာ ပြည်သူတွေအတွင်း ရှုပ်ရှုပ်ထွေးထွေးတွေ
ဖြစ်လာစေနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စကို ဆန္ဒခံယူပွဲ လုပ်ပြီး သဘောထား
ရယူသွားမယ်ဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်။
Voice : ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့
တိုင်းပြည်ကို ပြန်တည်ဆောက်စ ကာလမှ ဒီလိုကြီးလေးတဲ့ ဝတ္တရားမျိုးကို
ပြည်သူကို တာဝန်ယူစေသင့်လား။ ဒါမှမဟုတ် ပြည်သူကို ဦးဆောင်မယ့် သူတွေက
ရဲရဲဝံ့ဝံ့ တာဝန်ယူသင့်လားဆိုတာ ဦးရဲထွန်းရဲ့ အမြင်ကို သိပါရစေ။
အထူးသဖြင့် အများကြီး Academic ဆန်တဲ့ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေလို
ကိစ္စမျိုးမှာပေါ့။
UYH : ဒီလို ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ချမှတ်နေဆဲ ကာလမှာ
အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေး တာဝန်ကြီးကို အဓိက ထမ်းဆောင်ရင်း
စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ နှစ်ဖက် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း
အဖြေရှာခြင်းကသာလျှင် တိုင်းပြည်ကို တည်ငြိမ်စွာ တဖြည်းဖြည်း
အကောင်းဘက်သို့ ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန်
အယုံအကြည် ပျက်စေမယ့် ကိစ္စမျိုးတွေကို ဒီအချိန်မှာ အဓိက မထားသင့်ကြောင်း
နိုင်ငံရေးပါတီများက ပြည်သူကို ရှင်းလင်း ပြောပြသင့်ပါတယ်။ ဒါဟာ
ပြည်သူအများစုရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။
Voice : အဓိက အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီ ၁၀ ခုကျော်က
အခြေခံဥပဒေအသစ် ပြန်ဆွဲရေးဘက်ကို ဦးတည် သွားနိုင်ခြေတွေ လက်ရှိအနေအထားအရ
တွေ့နေတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်လိုရိုက်ခတ်မှုတွေ
ဖြစ်လာနိုင်ပါသလဲ။
UYH : အမြင်မတူတဲ့ နိုင်ငံရေး ပါတီတွေက အသစ်ပြန်လည် ရေးဆွဲရေးကို
စည်းရုံး ဟောပြောနေတာ လောက်နဲ့ကတော့ ပြဿနာ မကြီးပါဘူး။ ဒါဟာ လွတ်လပ်စွာ
ဟောပြော စည်းရုံးခွင့်ဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ကို
အသုံးချတာဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကို ပြင်ဆင်၊ ပြုစု၊ ပြဋ္ဌာန်းရမှာက
ပြည်ထောင်စု လွှတ်တော်ပဲဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အများဆန္ဒနဲ့
ဆောင်ရွက်လိုက်တာဟာ မိမိတို့ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ပြင်ဆင်ပေးတာမျိုး
မဟုတ်လို့ဆိုပြီး ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်ကြမယ်။
ဆူဆူပူပူ ဖြစ်အောင် ဖန်တီးကြမယ် ဆိုရင်တော့ နောက်ကြောင်း
ပြန်လှည့်သွားဖို့အတွက် အချက်အလက် ဖန်တီးပေးရာ ရောက်မှာ အသေအချာပဲ
ဖြစ်ပါတယ်။ တစ်ဖက်ကလည်း (တပ်မတော် ဘက်ကလည်း) ပြည်သူတွေ အကြားမှာ
ငြိမ်းချမ်းစွာ ဆွေးနွေးရုံ၊ ဟောပြော ဆွေးနွေးရုံ၊ ငြိမ်းချမ်းစွာ
ဆန္ဒပြရုံနဲ့တော့ တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ် ရှိနေပြီဆိုပြီး
အလျင်စလို အာဏာ ပြန်သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ဖက်စလုံးက ဒီမိုကရေစီ
ကျင့်စဉ်တွေကို လိုက်နာဖို့ လိုပါတယ်။