Friday, August 23, 2013

ရိုဟင်ဂျာအစား မွတ်ဆလင် အသိုင်းအဝိုင်းဟု ကင်တားနား ပြောင်းလဲ သုံးနှုန်း

,

ရန်ကုန်၊ သြဂုတ် ၂၂

မြန်မာနိုင်ငံသို့ ရှစ်ကြိမ်မြောက် လာရောက်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားသည် သြဂုတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်သော ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ယခင် သုံးနှုန်းနေသည့် ရိုဟင်ဂျာအစား မွတ်ဆလင် အသိုင်းအဝိုင်းဟု ပြောင်းလဲ သုံးနှုန်းသွားသည်။

မစ္စတာ ကင်တားနားက ၎င်း၏ ခရီးစဉ်အပြီး သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးစုများ ဟူသော အသုံးအနှုန်း အစား ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းဟုသာ သုံးနှုန်းထားပြီး ယင်းမှာ ပထမဦးဆုံးအကြိမ် ပြောင်းလဲ သုံးနှုန်းခြင်း ဖြစ်သည်။

ရိုဟင်ဂျာ လူ့အဖွဲ့အစည်း၊ ရိုဟင်ဂျာ လူမျိုးဟုသာ အကြိမ်ကြိမ် သုံးစွဲနေသော မစ္စတာကင်တားနားက ယခုတစ်ကြိမ်တွင် ယင်းအသုံးအနှုန်း ကို ထည့်သွင်း သုံးစွဲခြင်း မရှိသည်ကို အသိအမှတ်ပြုသော်လည်း၊ မွတ်ဆလင် အသိုင်းအဝိုင်း သုံးနှုန်းခဲ့သည်ကိုမူ ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

မွတ်ဆလင် အသိုင်းအဝိုင်းဟု အသုံးပြုမည့်အစား ဘင်္ဂါလီ အသိုင်းအဝိုင်းဟု သာ အသုံးပြုသင့် ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီများနှင့်သာ သက်ဆိုင်သောကြောင့် အခြား မွတ်ဆလင် ဘာသာဝင်များကို ထိခိုက်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကမန်လူမျိုးဆို အစ္စလာမ် ဘာသာဝင်တွေပဲ။ နောက် အခြား အစ္စလာမ် ဘာသာဝင်တွေလည်း ရခိုင်ပြည်နယ်မှာ ရှိနေတယ်။ ကျွန်တော်တို့ သူတို့နဲ့ ပြဿနာ တက်နေတာမှ မဟုတ်တာ” ဟု ဦးရဲထွဋ်က ဆိုသည်။

မစ္စတာ ကင်တားနားက ယခင် အကြိမ်များကဲ့သို့ ရိုဟင်ဂျာဟု ယခုအကြိမ် တွင် တွင်တွင် အသုံးမပြု ခြင်းမှာ ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အစီရင်ခံစာများကို တစ်ဖက်သတ် ရေးသားသည်ဟု ဆိုကာ စစ်တွေနှင့် ဘူးသီးတောင်တို့တွင် ကန့်ကွက် ဆန္ဒပြမှုများကြောင့် မွတ်ဆလင် အသိုင်းအဝိုင်းဟု သုံးနှုန်းခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက The Voice သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာသည် မွတ်ဆလင် အသိုင်းအဝိုင်းနှင့် ဖြစ်ခဲ့ခြင်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂါလီများနှင့် ဖြစ်သော ပြဿနာဖြစ်၍ မွတ်ဆလင် အသိုင်းအဝိုင်းဟု ခြုံငုံ သုံးစွဲခြင်းသည် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်းသို့ ယင်းအသိုင်းအဝိုင်း တစ်ခုလုံးကို ခေါ်သွင်းသကဲ့သို့ ဖြစ်နေမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရိုဟင်ဂျာ လူမျိုး၊ ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည်မှာ လုံးဝမရှိဟု နိုင်ငံတော် သမ္မတ ကိုယ်တိုင် တရားဝင် ကြေညာထားသော်လည်း မစ္စတာ ကင်တားနား သည် ရခိုင်ပြည်နယ်အတွင်း မတူညီသော လူ့အဖွဲ့အစည်းများ ကြား ဖြစ်ပွားသော ပဋိပက္ခများနှင့် ပဋိပက္ခ ဒဏ်သင့် ပြည်သူများ အခြေအနေကို သုံးသပ် ပြောကြားရာတွင် ရိုဟင်ဂျာ တိုင်းရင်းသား၊ ရိုဟင်ဂျာ လူမျိုး၊ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းဟူ၍ ၎င်း၏ မိန့်ခွန်းများ၊ အစီရင်ခံစာများနှင့် ကြေညာချက်များတွင် သုံးနှုန်း ဖော်ပြလေ့ ရှိသည်။

“နိုင်ငံတော်သမ္မတက တရားဝင် ကြေညာထားတာတောင် ကုလသမဂ္ဂရဲ့ အကြီးတန်း အရာရှိ တစ်ဦးက ဒီလို ပြောဆိုတာဟာ သံတမန် ကျင့်ဝတ်ကို ချိုးဖောက်ရာ ရောက်ပါတယ်” ဟု ဦးသန်းထွန်းက ၎င်း၏ အမြင်ကို ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ဒေသခံ ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အခြေအနေကို လေ့လာ စစ်ဆေး၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ အစီရင်ခံစာ တင်ရန် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ် သို့ လေးကြိမ်တိုင်တိုင် လာရောက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် န.စ.က ဖျက်သိမ်းမှုနှင့် ပတ်သက်သည့် မစ္စတာ ကင်တားနား၏ ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင်ပင် ရိုဟင်ဂျာ လူ့အဖွဲ့အစည်းဟူ၍ သုံးနှုန်းထားသည်ကို တွေ့ရသည်။

မစ္စတာ ကင်တားနားကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်မှစ၍ တာဝန်ပေး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလမှ စ၍ မြန်မာနိုင်ငံသို့ ရှစ်ကြိမ် တိုင်တိုင် လာရောက်ထားသည်။

0 comments to “ရိုဟင်ဂျာအစား မွတ်ဆလင် အသိုင်းအဝိုင်းဟု ကင်တားနား ပြောင်းလဲ သုံးနှုန်း”

Post a Comment