မုံရွာ သြဂုတ် ၁၉
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌
ကျန်စစ်သားမင်းနှင့် သမ္ဘူလ
မိဖုရားကြီးတို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရားပရိဝုဏ်
ဝင်းအတွင်းမှ တွေ့ရှိရသည့် ရှေးဟောင်း မြေဆေးတံအိုးများသည် သမိုင်း
တန်ဖိုးအရ အလွန် မြင့်မားသည့်အတွက် သက်ဆိုင်ရာမှ စနစ်တကျ ထိန်းသိမ်း
စောင့်ရှောက် ပေးစေလိုကြောင်း သမိုင်း သုတေသန ပညာရှင် ဦးစိုးတင့် က
ပြောကြားခဲ့သည်။
''ကာလတန်ဖိုး အရတော့ ဈေးကွက်မဝင်ပေမဲ့
သမိုင်း တန်ဖိုးအရတော့ ဒီ ဆေးတံအိုးတွေဟာ တန်ဖိုးကြီး လှပါတယ်။ နှောင်းခေတ်
တစ်ခေတ်ရဲ့ နေထိုင်ရပ်တည်ခဲ့ရတဲ့ လူမှုဘဝတွေကို ဒီ ဆေးတံအိုးတွေက ညွှန်းဆို
ပြသနေ တာပါ။ ဒါကြောင့် ထိန်းသိမ်း ပေးစေချင်တာ ဖြစ်ပါတယ်'' ဟု အဆိုပါ
သမိုင်းသုတေသန ပညာရှင် ကြီးက ဆက်လက် ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက
ရှေးမြန်မာများသည် ဆေးတံ သောက်သုံးခြင်းကို အဆောင်အယောင် အဖြစ်
အမြတ်တနိုးထား သုံးစွဲခဲ့ကြသည်။ ချစ်ခြင်းမေတ္တာကို အခြေခံ၍ တစ်ပါးသူ၏
အပြစ်ကို စိတ်ရင်းစေတနာ မှန်ဖြင့် သည်းခံခွင့်လွှတ်သည့် အခါမျိုးတွင်
ဆေး(ဆေးတံ)ကမ်းခြင်းဖြင့် ခွင့်လွှတ်ခြင်း သင်္ကေတများကို မှတ်ယူ ခဲ့ကြသည်ဟု
ကုန်းဘောင်ခေတ် မှတ်တမ်းတချို့တွင် ဖော်ပြ ပါရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုအခါ အဆိုပါ မြေဆေးတံအိုးများသည်
ဘုရားပရိဝုဏ်ဝင်း အတွင်း အမိုးအကာမရှိဘဲ စုပုံထားရှိခြင်းသည် ရာသီဥ တုနှင့်
သဘာဝ ဘေးအန္တရာယ်များကြောင့် အချိန်အခါမရွေး ပျက်စီးပျောက်ပျက်
သွားနိုင်သည်။ မြေဆေးတံအိုးကြီး များသည် သမိုင်းအမွေ တန်ဖိုးတစ်ရပ်အရ
ပျက်စီးဆုံးရှုံးသွားမည် ဆိုပါလျှင် အလွန် နှမြောဖွယ်ရာ ကောင်းသည့်အတွက်
သက်ဆိုင်ရာမှ ယင်း မြေဆေးတံအိုးကြီးများကို စနစ်တကျ ထိန်းသိမ်း
စောင့်ရှောက်ပေးခြင်း အားဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်
စောင့်ရှောက်ရာရောက်ကြောင်း သိရသည်။