Thursday, August 8, 2013

ကြားရာ အရပ်က သာဓုခေါ်ပါအဖေ

,


ဒီနေ့မှာ လူတစ်စု က သိန်း သုံးထောင်ကျော်လောက်ကြီးနဲ့ ငွေရတုပွဲတွေလုပ်နေကြတဲ့
ဂုဏ်ယူကြတဲ့ နေ့ဆိုပေမယ့် ဒီနေ့ဟာ ကျွန်တော် ဖေဖေ ဆုံးခဲ့တဲ့၂၅ မြောက်နေ့ပါပဲ။ဒီအဖြစ်အပျက်မှာ ဘယ်သူ ဘယ်သူကိုမှ အပြစ်မပြောချင်ပေမယ့်ဖတဆိုးသား အဖြစ် ကျွန်တော် ရပ်တည်ခဲ့တာ ၂၅ နှစ်မြောက်နေ့ပါပဲ။ ကျွန်တော် အဖေ က တပ်မတော် ကတပ်ကြပ်ကြီးတစ်ဦးပါ။၈၈ ဆိုတဲ့ အရေးအခင်းမှာ  စစ်မျက်နှာ အသီးသီး ကနေ တိုင်းပြည်အချုပ်အခြာအာဏာကို ထိုးစစ်ဆင်လာတဲ့ ရန်သူတွေကို နိုင်ငံတော် အတွက် ကာကွယ်ပေးရင်းတိုက်ပွဲမှာ ကြဆုံးခဲ့ရပါတယ်။အဲ့ဒီနေ့ ကနေပြီး ကျွန်တော် ရဲ့ နေမထွက်တဲ့နေ့တွေကို စတင်အသားကြဖို့ အစပဲဖြစ်ပါတယ်။အဲ့နေ့ကို ပြန်တွေးကြည့်ရင် တကယ်ကို မနေ့ကလိုပါ။ တပ်ရင်းရုံးက အမေကို ခေါ်ပြောအပြီး ရှိုက်ကြီးတငင်နဲ့ငိုလာတဲ့ အမေကို ကြည့်ရင်း အကြောင်းအရင်းမသိရပဲ ကျွန်တော်တို့ပါ အလိုလို မျက်ရည်ဝဲလာပါတယ်။အမေက အားရပါးရ ကျွန်တော်ကို ဖက်ငိုပြီး"နင့်အဖေ အမေတို့ကို ထားခဲ့ပြီသားရဲ့" လို့ အမေအသံကြားရတာနဲ့ကျွန်တော် ခေါင်းနပန်းကြီးသွားခဲ့ပါတယ်။ ညီမလေး ကတော့ အမေငိုတော့ လိုက်ငိုနေတော့တာပါပဲ။

××အဖေ မရှိတော့ဘူးတဲ့

××အဖေ တိုက်ပွဲကျသွားပြီတဲ့

ကျွန်တော် အဖ မဲ့ သားတစ်ဦး ဖြစ်တော့မယ်ဆိုတာ သိလိုက်ရရင် အဖေရှေ့တန်းထွက်ခါနီး အဖေ့ကိုကျွန်တော်ဖက်ထားတဲ့
လက်ကို မဖြေပေးလိုက်ပါဘူး။ အခုတော့ ကျွန်တော် ဆီ အဖေ ပြန်မလာတော့ဘူးလေ ။ ဒီနေ့ဟာ ကျွန်တော် အတွက်တော့
အဖေ ပြန်မလာသော ၂၅ နှစ်မြောက်နေ့ပါ။အဖေ မရှိတဲ့ သားအဖြစ် ကျွန်တော် ကျောင်းအပ်ချိန်တိုင်း မျက်ရည်ဝဲရတယ်။
ကျောင်းအပြန် သူများအဖေ တွေ လာကြိုနေတာမြင်တော့ ကျွန်တော် အဖေကိုပြန်လိုချင်တယ်။ဒီလိုနဲ့ အဖေမရှိတဲ့နောက်တော့
အမေ ဟာ အဖေတာဝန်ရော ပေါင်းပြီး စိတ်ထောင်း ကိုယ်ကြေ ကာ အဖေဆုံးပြီး ၂ နှစ် နဲ့ ၃ လ မှာပဲ အမေလဲ ထပ်ပြီး
ကျွန်တော်တို့ကို ပစ်သွားပြန်ပါတယ်။အမေ လည်းဆုံးရော ကျွန်တော်တို့ မောင်နှမ နှစ်ယောက် လုံးလုံးကို မိဘမဲ့ဖြစ်ခဲ့ရပါတယ်။
အမေ အသုဘ ကိုလာရင်း ရွာက အမေ့ဘက်အဖွါးတွေနဲ့ လိုက်နေဖို့ပါသွားရင်း အဖိုးအဖွားတို့ ကျောင်းထားပေးတဲ့ ပညာလေးနဲ့
အခုလို ရပ်တည်နေနိုင်ခဲ့တာပါ။အခုလို အဖေ နှုတ်ဆက်ခဲ့တဲ့  ၂၅ နှစ်မြောက်နေ့မှာပဲ အဖေ နဲ့ အမေ အပြင် ဒီနေ့မှာ ကျဆုံးခဲ့တဲ့
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ရဲဘော်ရဲဘက် အားလုံးကောင်းရာ သုဂတိ ရောက်ရှိကြပါစေ။ အဖေ အပါအ၀င် တပ်မတော်
သားတွေရဲ့ သွေးတွေနဲ့ ပေးဆပ်ခဲ့တဲ့ ဒီတိုင်း ဒီပြည် ထာဝရ အေးချမ်း သွားပါစေ လို့ ဆုတောင်းရင်း  ---အဖေ  ရေ အမျှ-အမျှ-အမျှ လို့ သုံးကြိမ်ပေးဝေရင်း  ကြားရာ အရပ်က သာဓု ခေါ်ပါအဖေ.....။

သားရွှေလူ

0 comments to “ကြားရာ အရပ်က သာဓုခေါ်ပါအဖေ”

Post a Comment