Sunday, August 25, 2013

ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေး လာသည့် ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်

,

ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက် ခံရမှု များကြောင့် ထွက်ပြေး တိမ်းရှောင် လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေး အသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေး လာသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့် ခံရခြင်းစသည် အကြမ်းဖက် မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည် များ၏ ပြောဆိုချက်အရ သိရှိရသည်။
၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တော မြို့နယ်တွင် ဒုက္ခသည်များ အဖြစ် သတ်မှတ်ကာ လက်ခံ ထားသည်။ 

By The Voice Journal

0 comments to “ဘင်္ဂလားဒေ့ရှ်က ထပ်မံထွက်ပြေး လာသည့် ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ် ”

Post a Comment