Sunday, August 25, 2013

လက်မှတ်အတုဖြင့် သမ္မတထံ တိုင်ကြားမှု စစ်ဆေးတွေ့ရှိ

,

ကျောက်ဆည်ခရိုင် မြစ်သား မြို့နယ်၏ ပညာရေး ဆိုင်ရာ ဆရာ၊ ဆရာမများ၏ အရည်အသွေး ညံ့ဖျင်း သည်ဟုဆိုကာ သမ္မတထံ တိုင်ကြားရာတွင် အမှန်တကယ် မရှိသည့် နာမည်များကို ထည့်သွင်း အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း အဆိုပါ ကိစ္စကို သွားရောက်စစ်ဆေးခဲ့သူ ကျောက်ဆည် ခရိုင်ပညာရေးမှူး ဦးသိန်းဆောင်က ပြောကြားသည်။
မြစ်သား မြို့နယ်ရှိ ဆရာ၊ ဆရာမများသည် စာသင်ကြား ရာတွင် ပညာရည်နှင့် စေတနာ မပြည့်ဝခြင်း၊ ကျောင်းစာသင်ချိန် မှန်ကန်မှု မရှိခြင်းနှင့် စည်းကမ်းလိုက်နာမှု အားနည်းခြင်း စစ်ဆေးကြပ်မတ် ပေးပါရန် သမ္မတကြီးထံသို့ လိပ်မူလျက် ဒေသခံပြည်သူများ ဟုဆိုကာ မှတ်ပုံတင်နံပါတ် မပါရှိဘဲ နာမည်နှင့် လက်မှတ်ရေးထိုးထားသူဦးရေ စုစုပေါင်း ၁၁၁ ဦးက တိုင်ကြားထား ခဲ့ရာမှ စစ်ဆေးတွေ့ ရှိခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
တိုင်ကြားစာနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးက တိုင်ကြားစာတွင် ပါဝင်သည့် သူများကို မြစ်သား မြို့သို့ သွားရောက် တွေ့ဆုံမေးမြန်းရာ တိုင်ကြားစာနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မသိကြောင်း ပြောကြားသည်ဟု ၄င်းကဆက်လက် ပြောကြားသည်။ "တိုင်စာမှာ အဖေ့နာမည် ပါနေလို့ အုပ်ချုပ်ရေးမှူးနဲ့ ဆရာတချို့ အိမ်ကို လာပြောမှ သိရတယ်။ အဲဒီစာကို အဖေက လုံးဝ လက်မှတ်မထိုးထားဘူး။
အခုလို နာမည်ကို အလွဲသုံးစား လုပ်တာတော့ မကောင်းဘူး" ဟု တိုင်ကြားသူ ဒေသခံပြည်သူများ စာရင်းတွင် အမည် ထည့်သွင်းခြင်း ခံရသော အငြိမ်းစား ပညာရေးမှူး ဦးလှရွှေ၏သားဖြစ်သူက ပြောကြားသည်။ မှတ်ပုံတင်မပါရှိဘဲ အမည်နှင့် လက်မှတ်သာ ပါရှိသဖြင့် မည်သူမည်ဝါတိုင် ကြားသည်ကို စစ်ဆေးရန် မလွယ်ကူကြောင်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ဆိုသည်။ မြစ်သားမြို့နယ်၏ ပညာရေးနှင့် ပတ်သက်၍ တိုင်ကြားခံရခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ပြီး တိုင်ကြားမှုအပေါ် ပြန်လည်တုံ့ပြန်သွားမည် မဟုတ်ကြောင်း မြစ်သားမြို့နယ်ပညာရေးမှူး ဦးမြင့်သွင်က ပြောကြားသည်။

By The Voice Journal

0 comments to “လက်မှတ်အတုဖြင့် သမ္မတထံ တိုင်ကြားမှု စစ်ဆေးတွေ့ရှိ ”

Post a Comment