Monday, August 19, 2013

ဒေသအာဏာပိုင်များ၊ ငွေရှိသူများ အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသည့် မြေနေရာများအား အမှန်တကယ် ပိုင်ဆိုင်ကြောင်း တင်ပြနိုင်ပါက ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား

,


ဒေသအာဏာပိုင်များ၊ ငွေရှိသူများက အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသည့် မြေနေရာများအား အမှန်တကယ် ပိုင်ဆိုင်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကို တင်ပြနိုင်ပါက ဖြေရှင်းပေးမည်ဟု သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
မြေဆုံးရှုံးတဲ့ သူတွေကို မြေပေးနိုင်အောင် သွားနေပါတယ်လို့ ပြောချင်ပါတယ်။ ဒီတော့ သူတကယ်ပိုင်တယ်လို့ ပြောနိုင်ရင်၊ ပြည်နယ်တွေ တောင်တန်းတွေ တောင်ကုန်းတွေ သိမ်းထားတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြနိုင်တယ်ဆိုရင် ကျွန်တော်တို့က ဖြေရှင်းပေးပါမယ် . . . . .

သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ရက္ခိတအဖွဲ့မှ ဦးမောင်မောင်သိမ်းဖေ၏ တင်ပြဆွေးနွေးမှုကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ဦးမောင်မောင်သိမ်းဖေ၏ တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "မြေကိစ္စတွေက ပထမအဆင့် အနေနဲ့ သစ်တောမှာ ကျူးကျော်တဲ့သူတွေ အားလုံးကို ရွာအဖြစ် သတ်မှတ်ပေးလိုက်ပါပြီ။ ကျေးရွာပေါင်း ၁၃၀၀ လောက်ကို လုပ်ပေးပြီး ဖြစ်ပါတယ်။ နောက်ဆက်လုပ်သွားမှာပါ။ အလားတူပဲ လယ်ယာလုပ်နေတဲ့ သူတွေကိုလည်း ကျွန်တော်တို့ လုပ်ပိုင်ခွင့် ပေးလိုက်ပါပြီ။ အဲဒီတစ်ဆင့်ပြီးရင် ကျွန်တော်တို့ မြေဆုံးရှုံးတဲ့ သူတွေကို မြေပေးနိုင်အောင် သွားနေပါတယ်လို့ ပြောချင်ပါတယ်။ ဒီတော့ သူတကယ်ပိုင်တယ်လို့ ပြောနိုင်ရင်၊ ပြည်နယ်တွေ တောင်တန်းတွေ တောင်ကုန်းတွေ သိမ်းထားတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြနိုင်တယ်ဆိုရင် ကျွန်တော်တို့က ဖြေရှင်းပေးပါမယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးမောင်မောင်သိမ်းဖေက "ရခိုင်ဒေသမှာဆိုရင် ရခိုင်ဒေသဟာ တောင်တန်းတွေ ပင်လယ်တွေရဲ့ ကြားမှာရှိတဲ့ အတွက်ကြောင့် ကျေးရွာတိုင်း ကျေးရွာတိုင်း တောင်ခြေရင်းမှာ ရှိပါတယ်။ ဒီတောင်ခြေရင်းကို အသုံးပြုပြီးတော့ တောတောင်တွေကို အသုံးပြုပြီးတော့ ကျွန်တော်တို့ဆီက ဒေသခံတွေဟာ စားဝတ်နေရေးကို လုပ်နေကြပါတယ်။ အဲဒီနေရာတွေသည် ကျေးရွာသားတွေရဲ့ ပိုင်ဆိုင်ခွင့် မရှိတော့ဘဲနဲ့ ဒေသအာဏာပိုင်တွေနဲ့ ငွေရှိတဲ့သူတွေက အကုန်လုံးကို အပိုင်သိမ်းသွားပါပြီ၊ အကြောင်းအမျိုးမျိုးကို ပြပြီးတော့ အပိုင်သိမ်းသွားပါပြီ။ အဲဒါတွေသည် တကယ်လို့ နိုင်ငံတော် သမ္မတကြီးရဲ့ စိုက်ပျိုးရေးကို အခြေခံပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းကို လုပ်မယ်ဆိုရင် ဒီကျေးလက် ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်မလဲ၊ ဒီလူတွေ လုပ်ကိုင်စားသောက်မယ့် မြေယာတောတောင်တွေဟာ မရှိတော့ပါဘူး" ဟု ပြောကြားခဲ့သည်။

Copy => eleven

0 comments to “ဒေသအာဏာပိုင်များ၊ ငွေရှိသူများ အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားသည့် မြေနေရာများအား အမှန်တကယ် ပိုင်ဆိုင်ကြောင်း တင်ပြနိုင်ပါက ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား”

Post a Comment