Monday, August 19, 2013

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာအသင်း လေ့ကျင့် ပြင်ဆင်

,



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (AFF ၂ဝ၁၃ ယူ-၁၆ ချန်ပီယံရှစ်) အမျိုးသား ဘောလုံး ပြိုင်ပွဲကို

သြဂုတ် ၂ဝ ရက်မှ စက်တင်ဘာ ၂ ရက် အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ယူ-၁၆ ချန်ပီယံရှစ် ပွဲစဉ်တွင် မြန်မာအသင်းက အုပ်စု(က) တွင် ပါဝင်ပြီး ယခင်က နိုင်ငံခြားသား ဘရာဇီးနည်းပြ မားကို့စ်မှ ဆောင်ရွက်ခဲ့ပြီး ယခု ဂျပန်လူမျိုး နည်းပြ တာရှီးမားက တာဝန်ယူ ဆောင်ရွက်နေသည်။ မြန်မာ ယူ-၁၆ အသင်း အောင်ပွဲများ ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ အသင်းအုပ်ချုပ်သူ တစ်ဦးဖြစ်သူ ဦးဝင်းသူမိုးအား သိလို သည်များကို မေးမြန်းခဲ့ရာတွင်-

မေး ။ ။အသင်း စတင် ဖွဲ့စည်း ဖြစ်ခဲ့ပုံကို သိပါရစေ။

ဖြေ ။ ။ ကျွန်တော်တို့အသင်းကို ၂ဝ၁၃ ခုနှစ် ဧပြီပထမအပတ်မှာ နေပြည် တော်၊ မန္တလေး၊ ပုသိမ် အကယ်ဒမီသင်တန်းကျောင်းများမှ လူငယ်တွေနဲ့ ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ လူငယ်တွေကိုခေါ်ယူပြီး ခြေစမ်းပွဲ ၁၂ ပွဲ နေ့/ည ပြုလုပ်ကာ ပဏာမရွေးချယ်မှုတွေလုပ်ပြီး ဖွဲ့စည်းခဲ့ပါတယ်။

မေး ။ ။ အာဆီယံချန်ပီယံရှစ်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲအတွေ့အကြုံကို ပြောပြ ပေးပါဦး။

ဖြေ ။ ။ မလေးရှားဘောလုံးအဖွဲ့ချုပ်နဲ့တွဲပြီး ပြုလုပ်တဲ့ အာဆီယံချန်ပီယံရှစ် မှာ ကျွန်တော်တို့ ယူ-၁၆ မြန်မာအသင်းက အဝေးကွင်းငါးပွဲ၊ အိမ်ကွင်းငါးပွဲယှဉ်ပြိုင် ကစားခဲ့ပါတယ်။ အသင်းရဲ့ရလဒ်ကတော့ မလေးရှား၊ လာအို၊ ဘရူနိုင်းအသင်း တွေနဲ့ ကစားတဲ့ပွဲတွေမှာ သရေကျတဲ့အတွက် အုပ်စုတတိယသာရရှိခဲ့ပါတယ်။

မေး ။ ။ ယူ-၁၆ မြန်မာအသင်းရဲ့ နိုင်ငံတကာပွဲအတွေ့အကြုံကိုသိပါရစေ။

ဖြေ ။ ။ ကျွန်တော်တို့ ယူ-၁၆ မြန်မာအသင်း ဖွဲ့စည်းတာ မကြာသေးတော့ နိုင်ငံတကာပွဲ ၁ဝ ပွဲ ရရှိထား ပါတယ်။

မေး ။ ။ အသင်းရဲ့ ယခုလက်ရှိ ဖွဲ့စည်းမှုကို သိပါရစေ။

ဖြေ ။ ။ အသင်းမှာ ယခု အားကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံး လက်ရွေးစင် အဖြစ် အားကစားသမား ၂ဝ ကို လာမယ့် ၁၈ ရက်နေ့မှာ နောက်ဆုံး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ယူ-၁၆ အာဆီယံ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဝင်ဖို့အတွက် ဘယ်လိုများ လေ့ကျင့် ပြင်ဆင် နေပါသလဲ။

ဖြေ ။ ။ လေ့ကျင့်မှုများ အနေနဲ့ကတော့ သြဂုတ် ၇ ရက်နေ့မှာ သုဝဏ္ဏ အားကစားကွင်း၊ ၁ဝ ရက် နေ့မှာ အောင်ဆန်း အားကစားကွင်းနှင့် ယခု နောက်ဆုံး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တို့မှာ နေပြည်တော် လူငယ် ဘောလုံးအသင်းနဲ့ ခြေစမ်းပွဲများ ပြုလုပ်ပေးတဲ့အပြင် နေ့စဉ် နံနက်နဲ့ ညနေမှာ ပြိုင်ပွဲဝင် ကွင်းနဲ့ ရင်းနှီးမှု ရရှိစေဖို့ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပါတယ်။

မေး ။ ။ ယူ-၁၆ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အဓိကထား ယှဉ်ပြိုင်ရမယ့် အသင်းကို သိပါရစေ။

ဖြေ ။ ။ ကျွန်တော်တို့ အသင်းက အုပ်စု(က)မှာ ပါဝင်တဲ့ အတွက် ပထမဆုံး ပွဲဦးထွက် ဗီယက်နမ် အသင်းကို အနိုင်ကန်မှာ ဖြစ်တဲ့အပြင် ဘရူနိုင်း အသင်းကိုလည်း နိုင်မှာပါ။ သြစတြေးလျ အသင်းကတော့ အဓိကထား ပြိုင်ရမယ့် အသင်းပါပဲ။ သူတို့က ကျွန်တော်တို့ ကလေးတွေထက် လူကောင် ထွားတဲ့အပြင် ဘောလုံး အဆင့်အတန်း မြင့်မားတဲ့ အတွက် သရေကျအောင် ကစားပြီး ဆီမီးဖိုင်နယ် ပွဲစဉ်ကတစ်ဆင့် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိသတ် ရှေ့မှာ နိုင်ငံ့ဂုဏ် ဆောင်နိုင်မယ့် အားကစားသမားများ ဖြစ်အောင်၊ ဗိုလ်လုပွဲ တက်နိုင်အောင် အစွမ်းကုန် ကြိုးစား သွားမှာပါ။

ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ။

(မြ၀တီ)

0 comments to “အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာအသင်း လေ့ကျင့် ပြင်ဆင် ”

Post a Comment