Thursday, August 8, 2013

KIA အဖွဲ့က ဆဒုံး - ကန်ပိုက်တီး ကားလမ်းပေါ်တွင် ကုန်/ခရီးသည် ယာဉ်များနှင့် ဆိုင်ကယ်များထံမှ ဆက်ကြေးငွေများတောင်းခံ

,
သြဂုတ်လ ၅ ရက် ၂၀၁၃

                ကချင်ပြည်နယ် ဆဒုံး - ကန်ပိုက်တီးကားလမ်းပေါ်တွင် သြဂုတ် ၄ ရက်နေ့၌ မြစ်ကြီးနားမှ ဆဒုံး ၊ ကန်ပိုက်တီးသို့ သွားလာ နေသော ကုန်/ခရီးသွားယာဉ် များနှင့် ဆိုင်ကယ်များထံမှ KIA တပ်ဖွဲ့ဝင်များက ဆက်ကြေးငွေ များ တောင်းခံခဲ့ကြောင်း ခရီးသွားပြည်သူ အချို့ ထံမှ သိရသည်။


      “ မနေ့က ကန်ပိုက်တီးကနေ မြစ်ကြီးနားကို လာတာပါ၊ ဒီကားလမ်းပေါ်မှာ မန်ရှန်ကျေးရွာနဲ့ လဖိုင်ကျေးရွာ ကြားကို ရောက်တော့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ချိန်ပြီးတားတယ်၊ နေ့လယ် (၁၂) နာရီခွဲလောက် တော့ရှိပြီ ထင်တယ်၊ ကျွန်တော်က (၁၂) ဘီးကုန်ကား ဆိုတော့ ငွေ (၁)သိန်းကို ဆက်ကြေး အဖြစ် ပေးခဲ့ရပါတယ် ” ဟု မြစ်ကြီးနားသို့ ရောက်ရှိလာသော ကားသမားတစ်ဦးက ပြောပြသည်။

ဟိုင်းလပ်ကားသမားတစ်ဦးက “ မနေ့က နေ့လယ် (၁၂) နာရီခွဲကျော် လောက်မှာ မန်ရှန်နဲ့ လဖိုင်ရွာကြားမှာ အတောင်း ခံရတာပါ၊ ကချင်လွတ်လပ် ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီးကားကိုတားတယ်၊ လစဉ် ဆက်ကြေး ဆိုပြီး ငွေ (၅၀၀၀၀) တောင်း တယ်၊ မြစ်ကြီးနားကနေ ကန်ပိုက်တီးကို သွားရုံပဲရှိသေးတယ်၊ ခရီးသည်တွေဆီက ခဏချေးပြီး ၅ သောင်းပြည့်အောင် ပေးခဲ့ရတယ် ” ဟု ပြောပြခဲ့သည်။

            “ ကျွန်တော်တို့ ညီအစ်ကိုက ကန်ပိုက်တီးမှာနေတဲ့ သူငယ်ချင်းဆီ အလည်သွားပြီး မြစ်ကြီးနားကို ပြန်လာတာပါ၊ မန်ရှန်နဲ့ လဖိုင်ရွာ ကြားက ကားလမ်းပေါ်မှာ သေနတ်ကိုင်ထားတဲ့ ကချင်တပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့ ဆိုင်ကယ်ကို တားပြီး ငွေ (၅၀၀၀) ပေး ဖို့ တောင်းပါတယ်၊ အဲဒီရွာ ၂ ရွာကြားမှာ (၁၂) ဘီးကုန်ကားကြီးတွေနဲ့ ဟိုင်းလပ်ကားတွေလည်း ရပ်ထားတာ တွေ့တယ်၊ ငွေ (၅၀၀၀) ပေးလိုက်လို့ ပြန်လာလို့ ရတာပါ ” ဟု မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ကိုယ်တွေ့ကြုံခဲ့ရမှုကို ပြောပြသွားခဲ့သည်။

အဆိုပါ ကားလမ်းပေါ်၌ ဆက်ကြေးငွေတောင်းခံနေသော ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မန်ရှန်ရွာနှင့် လဖိုင်ရွာကြားတွင် နေ့လယ် (၁) နာရီ နောက်ပိုင်း၌ ဆက်ကြေးငွေ တောင်းခံခြင်း မရှိတော့ ကြောင်း ကန်ပိုက်တီး မှ မြစ်ကြီးနား သို့ ရောက်ရှိလာသော ကားသမား အချို့၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်

Source___kachindailynews.com

0 comments to “KIA အဖွဲ့က ဆဒုံး - ကန်ပိုက်တီး ကားလမ်းပေါ်တွင် ကုန်/ခရီးသည် ယာဉ်များနှင့် ဆိုင်ကယ်များထံမှ ဆက်ကြေးငွေများတောင်းခံ”

Post a Comment