skip to main  |
      skip to sidebar
        
      
        
      
ဖီမှော်ပြည်သူ့စစ်အဖွဲ့အား KIA မှ လာရောက်တိုက်ခိုက်

 
သြဂုတ် ၂၀ ရက် ၂၀၁၃
 
 ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် မျှောချောင်းကျေးရွာအနီးရှိ 
ဖီမှော်ပြည်သူ့စစ်အဖွဲ့အား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့ 
တစ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီခန့်တွင် 
လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
 
 “ကျွန်တော်တို့ ဖီမှော်ပြည်သူ့စစ်အဖွဲ့က ကာကင်းထုတ်ထားတဲ့နေရာကို KIA 
အဖွဲ့က အင်အားအများကြီးနဲ့ လာတိုက်တာပါ၊ မနက် ၆ နာရီလောက်ပဲ ရှိပါသေးတယ်၊ 
KIA ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ကျွန်တော်တို့ ပြန်ခုခံပေမယ့်လည်း 
အင်အားချင်းမမျှတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ် ” ဟု ပြည်သူ့စစ်အဖွဲ့မှ 
ခေါင်းဆောင်တစ်ဦးက ပြောပြသည်။
 
 သူက ဆက်လက်၍ “ 
ပြည်သူ့စစ်အဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ စိုးရိမ်စရာအနေအထားတော့ 
မရှိပါဘူး၊ ဟိုဘက်က ထိခိုက်ကျဆုံးတာတွေရှိမရှိ မသိပါဘူး၊ အခု 
အဲဒီမျှောချောင်းကျေးရွာနားမှာ KIA အဖွဲ့က ရှိနေ တုန်းပါပဲ၊ ဒီနယ်မြေက 
ကျွန်တော် NDAK ရဲ့ နယ်မြေလေ၊ သူတို့ KIA တွေ ခုလို လာကျူးကျော်တာကိုတော့ 
လက်မခံနိုင်ပါဘူးဗျာ ” ဟု ပြောပြသွားသည်။
 
 အဆိုပါကိစ္စနှင့် 
စပ်လျဉ်း၍ NDAK အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကတော့ “ ဒီနယ်မြေတွေဟာ ၁၉၉၀ 
ခုနှစ် ၀န်းကျင်ကတည်းက NDAK ရဲ့ နယ်မြေအဖြစ် နိုင်ငံတော်က 
သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်၊ KIA က ကျွန်တော်တို့ နယ်မြေတွေကို 
လာကျူးကျော်ပြီး ကျွန်တော်တို့ကို ရန်စတိုက်ခိုက်တာပါ၊ ဟိုတစ်နေ့ကလည်း 
ရိက္ခာသွားပို့တဲ့ ကျွန်တော်တို့အဖွဲ့ကို KIA က ချုံခိုပြီး 
မိုင်းဆွဲတိုက်ခိုက်လို့ အဖွဲ့ဝင်တစ်ယောက် ကျသွားတယ်၊ အခုလည်း 
ကျွန်တော်တို့ ကာကင်းနေရာကို အင်အားအလုံးအရင်းနဲ့ လာတိုက်လို့ 
သုံးဦးဒဏ်ရာရသွားတယ်၊ ကျွန်တော်တို့ နယ်မြေထဲမှာ အခုလိုလာပြီး 
ရန်စတိုက်ခိုက်ပြီး တပ်တွေစွဲထားမယ်ဆိုရင်တော့ တိုက်ပွဲတွေက 
ဆက်ဖြစ်နေဦးမှာပဲ၊ ဒေသခံရွာသားတွေလည်း ဒုက္ခရောက်ကြတာပေါ့ ” ဟု 
ပြောပြခဲ့သည်။
 
 NDAK နယ်မြေအတွင်း KIA တပ်ရင်းများ 
ခြေကုပ်ယူထားမှုအပေါ် ပြန်လည်နောက်ဆုတ်ပေးရန် NDAK ခေါင်းဆောင် 
ဦးဇခုန်တိန့်ယိန်းက KIA ခေါင်းဆောင်များထံသို့ 
ထုတ်ပြန်ချက်တစ်စောင်ပေးပို့ထားခဲ့ကြောင်း၊
 ယင်းနယ်မြေသည် တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း ကောင်းမွန်ပြီး လိုင်ဇာကို 
ဝင်ရောက်နိုင်သည့်အပြင် သစ်လုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ 
လုပ်ကိုင်နိုင်ခြင်းကြောင့် KIA မှ လာရောက်ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ 
ယခုကဲ့သို့ KIA အဖွဲ့မှ ချုံခိုတိုက်ခိုက်မှုများ၊ တပ်စွဲထားမှုများကြောင့် 
NDAK အဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမှာကို ဒေသခံများမှ 
စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရပါသည်။
 
 နော်တူးဇော်