Wednesday, August 21, 2013

ဒါရိုက်တာညွန့်မြန်မာညီညီအောင်က အရေးယူရန် တောင်းဆိုသည့်အတွက် အနုပညာလုပ်ကိုင်ခွင့် သုံးလရပ်ဆိုင်းရခြင်းဖြစ်သည်ဟု လူမင်းပြောကြား

,

ဘုန်းနေလ (ဒဂုံတက္ကသိုလ်) | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၄ မိနစ်

ဇာဂနာ၏ တိုင်ကြားချက်ကြောင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်အား အရေးယူရခြင်းမဟုတ်ဘဲ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ကိုယ်တိုင်က အရေးယူရန်တောင်းဆိုသည့်အတွက် အနုပညာလုပ်ကိုင် ခွင့်အား သုံးလရပ်ဆိုင်းကာ အရေးယူရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီ လူမင်းက မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ် သောကြောင့် ယခုလိုအရေးယူထားသော်လည်း ဒါရိုက်တာညွန့်မြန်မာညီညီအောင်၏ ရိုက်ကူးလက်စ ဇာတ်ကားများပြီးဆုံးချိန်မှသာ အရေးယူ သွားမည်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ယင်းသို့အရေးယူဆောင်ရွက်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက “အခုလိုဖြစ် ခဲ့တာက ဒါရိုက်တာညွန့်မြန်မာညီညီအောင်အနေနဲ့ မရိုးမသားနဲ့ ရည်ရွယ်ပြီးရိုက်ခဲ့တာမဟုတ်ပါဘူး။ ကြိုတင်ကြံစည်ပြီးမှ ရိုက်ခဲ့တာမျိုးမဟုတ်ဘူးဆိုတာ သိပါတယ်။ သူဟာဒီလောကထဲမှာလည်း ကြာနေပြီး သိက္ခာရှိတဲ့သူတစ်ဦးပါ။ ဇာတ်ကားရိုက်နေရင်းနဲ့ ဇာတ်လမ်းအဆင်မပြေဖြစ်တော့သူ့လက်ထဲမှာ အရင်တုန်းက သူရိုက်ခဲ့တဲ့ ဇာတ်လမ်းကရှိနေတော့ ရိုက်လိုက်မိတယ်။ ဇာတ်လမ်းပိုင်ရှင်ကိုလည်း ဆက်သွယ်တဲ့ အချိန်မှာအဆင်မပြေခဲ့ပေမယ့် သူနဲ့လည်းခင်မင်နေတာဆိုပြီး ရိုက်ခဲ့တယ်။ ဒါပေမဲ့ မိတ်ဆွေ အချင်းချင်းအကြားက နားလည်မှုလွဲသွားတာကြောင့် အခုလိုဖြစ်သွားတာပါ။ ဒါပေမဲ့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်ကိုယ်တိုင်က သူပေါ့လျော့တဲ့အမှားဖြစ်တဲ့အတွက် ကုမ္ပဏီကို အရေးမယူဘဲ မိမိကိုသာ အရေးယူဖို့ ပြောဆိုလာတဲ့အတွက် အခုလိုဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ယင်းသို့ ဒါရိုက်တာ အရေးယူခြင်းခံရသည့် ဇာတ်ကားမှာ “နှလုံးသားပေါ်ကြွေကျတဲ့ ကြယ်”ဟု ယာယီ အမည်ပေးထားသော ဇာတ်ကားဖြစ်ပြီး ဟိန်းဝေယံနှင့် သက်မွန်မြင့်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသည့် မောင်လေးနှင့်မမဇာတ်ကားဖြစ်သည်။

ယင်းဖြစ်စဉ်အပေါ် ဒါရိုက်တာညွန့်မြန်မာညီညီအောင်က “လူတိုင်းက မှားတတ်ပါတယ်။ မရိုးမသားနဲ့ လုပ်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ ဒီကိစ္စဘာမှအကြီးကြီးမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ မှားရင်ဝန်ခံရဲတဲ့ သတ်္တိရှိဖို့လိုပါတယ်။ရုပ်ရှင်အစည်းအရုံးကို ရိုးသားစွာ မှားယွင်းတယ်ဆိုတာကို သွားရေးပြီးသွားပြီ။ ကျွန် တော့် အနေနဲ့ကုမ္ပဏီကိုရော၊ ရုပ်ရှင်အစည်းအရုံးကိုရော၊ ကိုသူရ(ဇာဂနာ)ကိုရော အားလုံးကို သီးသန့် တောင်းပန်စာပို့ခဲ့တယ်။ အရင်ရိုက်ထားတဲ့သူက အရင်ဖြန့်လိုက်ပေါ့။ တစ်ဖက်က နှစ်နှစ်နေမှသာ ဖြန့်ခွင့်ရှိမယ်ဆိုတာက ဒါက ၀တ္ထုလည်း မဟုတ်ပါဘူး။ ကိုသူရ အဲဒီအချိန် ကပေးခဲ့တဲ့ ဇာတ်က စာမျက်နှာ သုံးမျက်နှာပဲ ရှိတာလေ။ အရင်ကရိုက်ခဲ့တဲ့ ကုမ္ပဏီတောင် မရှိတော့ဘူး။ ရိုက်လက်စတန်းလန်းမှာ နောက်ဆုတ်လို့မရတော့တာကြောင့် ဇာတ်ကားကို အတွင်းပိုင်းမှာ ပြောင်းပြီး ရိုက်ထားပါတယ်”ဟု ဆိုသည်။

ယင်းဇာတ်ကားအား မာန်ထက်ချီထုတ်လုပ်ရေးအတွက် ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးသလို မဟာထွန်းကုမ္ပဏီအတွက် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း ရိုက်ကူးခဲ့ကြသည့်အတွက် ဇာတ်ကားဆောလျင်စွာထွက်ရှိရန် လုပ်ဆောင်ကြရာမှ ယင်းကဲ့သို့ ပြဿနာပေါ်ပေါက်ခြင်းဖြစ်သည်ဟူသော စကားများအပေါ် မာန်ထက်ချီထုတ်လုပ်ရေးမှ ထုတ်လုပ်သူဦးဝင်းကိုက “ဦးတို့ ဘက်ကလည်း သူ့ကို အရေး မယူစေချင်ပါဘူး။ တစ်ဖက်ကလည်း ဘာမှတိုင်ထားတာမရှိပါဘူး။ ဇာတ်လမ်းတင်လိုက်တာ နှစ်လကျော်မှာ ဘာမှမသိရဘူး။ အရေးယူစာရောက်မှပဲ ဦးတို့သိရတာပါ။ ပိတ်လိုက်ဆိုမှ ဦးဆီကိုစာပို့တာ။ လွန်ခဲ့တဲ့ နှစ်လကျော်က ဆင်ဆာကြည့်ရှုထောက်ခံမှုကို ဦးတို့က အစည်းအရုံးဆီမှာ အရင်တင်ရတယ်။ အစည်းအရုံး က ဆင်ဆာကြည့်ရှုထောက်ခံမှုကိုရတော့မှ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းကို ဆင်ဆာ ကြည့်ရှုခွင့်ကို တင်ရတယ်။အစည်းအရုံးရဲ့ ထောက်ခံချက်အရင်ရတော့မှ ပြန်ကြားရေးကို တင်ရတာပါ။ လွန်ခဲ့တဲ့နှစ်လ ကျော်ကတင်လိုက်တဲ့ဇာတ်ကားဟာ ပြန်ကျလာတယ်။ ရိုးသားစွာမှားတဲ့ အမှားကို နားလည်ပေး သင့်ပါတယ်။ တခြားမှာရေးထားတာကို ဖတ်မိတာက မာန်ထက်ချီမှ ဦးဝင်းကိုက နေပြီး ဒါရိုက်တာကြည်ဖြူသျှင်ဇာတ်ကား ထက်စောပြီးဖြန့်ချင်တယ်ဆိုပြီး ပြောထားတာက ဦးပြောတဲ့ အသုံးအနှုန်းမဟုတ်ပါဘူး။ဦးတို့ကကားဖြန့်ဖို့ ဆန္ဒမစောပါဘူး။ လုပ်ငန်းသဘောနားလည်ပါတယ်။ ဦးက ဒုတိယလူ ဖြစ်သွားပြီလေ”ဟု ၎င်းက ပြောသည်။

ဒါရိုက်တာညွန့်မြန်မာညီညီအောင်သည် လွန်ခဲ့သည့်ကိုးနှစ်ခန့်က ဒွေး၊ ထွန်းအိန္ဒြာဗိုနှင့် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင်လည်း ထွန်းထွန်းတို့နှင့်တစ်ကြိမ် အဆိုပါဇာတ်လမ်းကိုရိုက်ခဲ့ခြင်းဖြစ်ပြီး ယခု တတိယအကြိမ် ပြန်လည် ရိုက်ကူးချိန်တွင် အခြားထုတ်လုပ်ရေး နှင့်တိုက်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းအား မဟာထွန်း ထုတ်လုပ်ရေးမှ ဒါရိုက်တာကြည်ဖြူသျှင်က ဇာတ်လမ်း မင်းကိုနိုင်၊ ဇာတ်ညွှန်းမောင်သူရ ခေါ် ဇာဂနာတို့ဖြင့် နေတိုးနှင့် မိုးဟေကိုတို့အား သရုပ်ဆောင်စေကာ “မမပြုံးပြုံးစမ်းပါ” အမည်ဖြင့် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။

0 comments to “ဒါရိုက်တာညွန့်မြန်မာညီညီအောင်က အရေးယူရန် တောင်းဆိုသည့်အတွက် အနုပညာလုပ်ကိုင်ခွင့် သုံးလရပ်ဆိုင်းရခြင်းဖြစ်သည်ဟု လူမင်းပြောကြား”

Post a Comment