Sunday, August 25, 2013

ရတနာပုံ FC အသင်း နိုင်ငံခြား စပွန်ဆာ ရရှိရန် မျှော်လင့် ၊ယခုအချိန်အထိ အသုံးစရိတ် ငွေကျပ် သိန်း ရှစ်သောင်း သုံးစွဲထား

,


ရန်ကုန် သြဂုတ် ၂၃

မန္တလေးမြို့ အခြေစိုက် ရတနာပုံ FC အသင်းမှာ မြန်မာ နေရှင်နယ်လိဂ် စတင်ကျင်းပသည့် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ အသင်း၏ အထွေထွေ အသုံးစရိတ် အတွက် ငွေကျပ် သိန်း ရှစ်သောင်း အသုံးပြုထားကြောင်း သိရသည်။

''ဆရာတို့ သိန်းရှစ်သောင်း အသုံးပြု ထားပြီးပါပြီ။ မကြာခင်ကမှ စာရင်း ချုပ်ထားတာပါ။ ကုန်ကျစရိတ်တွေရှိ နေပေမဲ့ ပြန်ရတာက ဘာမှ မရှိသလောက်ပါပဲ။ ကွင်းဝင်ကြေးနဲ့ ရင် ဘတ်စပွန်ဆာ လောက်ပဲ ရှိတယ်။

အသင်းက ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်။ ဝင်ငွေရမယ့် နည်းလမ်းတွေလည်း လုပ်ဆောင်နေပါတယ်။ အောင်မြေမန္တလာ ကွင်းဘေးနားမှာ အိမ်ရာ တွေ ဆောက်လုပ်ဖို့လည်း စီစဉ်နေပါတယ်။ နိုင်ငံခြား စပွန်ဆာသုံးခုက သိန်းလေးထောင်နဲ့ ငါးထောင်ကြားမှာ ရပြီး ဆရာတို့ အမှတ်တံဆိပ်ကိုပါ ပံ့ပိုးလိုက်လျှင် တစ်နှစ်စာ အသုံးစရိတ် အတွက် အဆင်ပြေမှာပါ။ တစ်နှစ် ကုန်ကျငွေကလည်း သိန်း ၁၂ဝဝဝ နဲ့ ၁၁ဝဝဝ ကြားမှာရှိနေပါ တယ်။ နောက်ပိုင်း နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာရင် စပွန်ဆာ တိုးရဖို့ မျှော်လင့်ပါတယ်''ဟု အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒေါက်တာစိုင်း က လာမည့်နှစ်တွင် နိုင်ငံခြားကစား သမား ခေါ်ယူရေးနှင့် ပတ်သက်၍ ယတိပြတ် မပြောဆိုနိုင် သေးကြောင်းနှင့် အနာဂတ်တွင် မြန်မာလိဂ် ကလပ်များ အနေဖြင့် ပြည်ပ ကစားသမားများအား ဆက်လက် အားကိုး နေရဦးမည်ဟု သုံး သပ် ပြောကြားခဲ့သည်။

''လာမယ့်နှစ်မှာ နိုင်ငံခြား ကစားသမား ခေါ်ယူဖို့ ယတိပြတ် မဆုံးဖြတ် ရသေးပါဘူး။ ရတနာပုံ အသင်းက လူတွေကို အခြေခံတဲ့ အသင်း တစ်သင်း ဖြစ်စေချင်ပါတယ်။ နိုင်ငံခြားသားက သေချာ စိစစ်ပြီးမှ စဉ်းစားခေါ်ယူမှာပါ။ နိုင်ငံခြားသားနဲ့ ပတ်သက်လာရင် ကိုင်တွယ်လို့ မရတဲ့ အနုတ်လက္ခဏာတွေ အများကြီး တွေ့ရတယ်။ သည်းခံပြီး ငှား နေရတာပါ။ တကယ်တမ်းတော့ ကိုယ့်လူမျိုးကိုပဲ ဦးစားပေး ချင်ပါတယ်။ မြန် မာ အသင်းတွေ အနေနဲ့ AFC CUP မှာ အောင်မြင်မှု ရဖို့အတွက် နိုင်ငံခြားသား များအား မလျှော့ဘဲ ဆက်ပြီး ခေါ်ယူနေတာပါ။ အိမ်နီးချင်း နိုင်ငံတွေလည်း ဒီအတိုင်းပဲ၊ နိုင်ငံခြားသားတွေ အသုံး ပြုနေတုန်းပဲ''ဟု လွယ်ဟိန်း ကုမ္ပဏီ ဥက္ကဋ္ဌက သုံးသပ် ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အဆင့်ငါး ရရှိခဲ့သည့် ရတနာပုံ အသင်းကို ထိုင်းအားဖြည့် အချိုရည် M-150 မှ အင်္ကျီရင်ဘတ် စပွန်ဆာ အဖြစ် ပံ့ပိုး ပေးထားသည်။ ထို့အပြင် အီတလီ အခြေစိုက် အားကစား ဝတ်စုံများ ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုနှင့်လည်း စပွန်ဆာ ရရှိရန် ဆွေးနွေး နေကြောင်းလည်း သိရသည်။

မြဝတီ

0 comments to “ရတနာပုံ FC အသင်း နိုင်ငံခြား စပွန်ဆာ ရရှိရန် မျှော်လင့် ၊ယခုအချိန်အထိ အသုံးစရိတ် ငွေကျပ် သိန်း ရှစ်သောင်း သုံးစွဲထား ”

Post a Comment