Friday, August 16, 2013

ဘင်္ဂါလီဒုက္ခသည်နှင့် လုံခြုံရေးပဋိပက္ခ နှစ်ဖက်အပြန်အလှန် ဆွေးနွေးဖြေရှင်း ရန် ကုလတိုက်တွန်း

,


15/8/2013

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် အုန်းတောကြီးကျေးရွာတွင် လွန်ခဲ့သည့်ရက်ပိုင်းက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီများအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ ဘင်္ဂါလီများနှင့် အစိုးရ အပြန်အလှန် ဆွေးနွေး ဖြေရှင်းရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပြောရေး ဆိုခွင့်ရှိသူ Mr. Adrian Edwards က တိုက်တွန်း ပြောကြားထားသည်။

အစိုးရအဖွဲ့နှင့် ဒုက္ခသည်များ အပြန်အလှန် ဆွေးနွေးကာ နားလည်မှု တည်ဆောက်ခြင်းသည် နောက်ထပ်အလားတူ ပဋိပက္ခများကို ထပ်မဖြစ်စေရန် ဟန့်တားနိုင်မည်ဟု ၎င်းက ပြောဆိုကြောင်း UNHCR က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ၏ အဆိုပါ တိုက်တွန်းချက်သည် ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများနှင့် ကွဲလွဲလျက် ရှိကြောင်း၊ အစိုးရအဖွဲ့အနေနှင့် ဒုက္ခသည်စခန်းများရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“UN လို အဖွဲ့အစည်းတွေက အမှန်တကယ် ဖြစ်နေတာကို စုံစမ်းလေ့လာသင့်တယ်” ဟု ၎င်းကထင်မြင်ချက်ကို ထုတ်ဖော်သည်။
ဘင်္ဂါလီဒုက္ခသည် တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဝတ္တရား နှောင့်ယှက် ရမ်းကားမှုများ ပြုလုပ်နေသောကြောင့် မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ထပ်မံပြောဆိုသည်။

အုန်းတောကြီးကျေးရွာအနီးရှိ ချောင်းတွင် တွေ့ရှိသည့် ဘင်္ဂါလီအမျိုးသမီး အလောင်းကို သြဂုတ်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ယူဆောင်စဉ် ဘင်္ဂါလီများက ယင်းအလောင်းကို ပြန်ပေး ရန် တောင်းဆိုရာမှ ပြန်မပေးသဖြင့် ဘင်္ဂါလီ ၁၀၀၀ ခန့်က အုပ်စုလိုက် ရုန်းရင်းဆန်ခတ် လုပ်ကာ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး ကင်းစခန်းများကို မီးရှို့ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

0 comments to “ဘင်္ဂါလီဒုက္ခသည်နှင့် လုံခြုံရေးပဋိပက္ခ နှစ်ဖက်အပြန်အလှန် ဆွေးနွေးဖြေရှင်း ရန် ကုလတိုက်တွန်း”

Post a Comment