Saturday, August 24, 2013

သံဃာများ မဲပေးနိုင်တော့မည်

,

(နိုင်ငံသား အခွင့်အရေးအရ သံဃာများ မဲပေးပိုင်ခွင့် လွှတ်တော်တွင် ဆွေးနွေးနေ )
သာသနာရေးဆိုင်ရာ၊ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်၊ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် မဏိရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမနှင့် အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အလိုတော်ပြည့် ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ နိုင်ငံတော် သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ဦးအံ့မောင်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လျှောက်ထားရာ ရဟန်းသံဃာများမှ မိန့်ကြားမှုများ ရှိလာတဲ့အတွက် နိုင်ငံသား တစ်ဦး၏ မူလ အခွင့်အရေးအရ သံဃာများ မဲပေးပိုင်ခွင့်ကို လွတ်လပ်ရေးရသည်မှ ယနေ့အထိ မည်သည့် အတွက်ကြောင့် ဆုံးရှုံးနေရသည်ကို လွှတ်တော်တွင် ပြန်လည်သုံးသပ် ဆွေးနွေးမှု ပြုလုပ်နေကြောင်း၊ ဆရာတော်များ၏ မကြာမီကာလက ဖြစ်ခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင် ထိန်းသိမ်းခဲ့မှုအပေါ် အသိအမှတ်ပြု မှတ်တမ်း တင်ထားကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆရာတော် သံဃာတော် များ၏ သြ၀ါဒကို ခံယူ၍ ဆောင်ရွက်မည် ဖြစ်ကြောင်း လျှောက်ထားသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်က လျှောက်ထားရာ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ် ဂျပန်ခေတ်က ရှိခဲ့သည့် မဟာသံဃအဖွဲ့ချုပ် ဆရာတော်ကြီးများက ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် သံဃာများမှ လူမှုရေး ၀င်မစွက်နိုင်ရေး၊ သံဃာများမှ ဆန္ဒမဲ ပေးလိုက်သည့် အမတ်များက ဥပဒေပြုရာတွင် ဆရာတော်များ၏ ဆန္ဒပါနေ သည့်အတွက် အပြစ်ဖြစ်နိုင်သဖြင့် ရန်ကုန် တစ်မြို့လုံးရှိ သံဃာလုံးဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မဲမပေးရန် ကန့်ကွက်မှု ပြုလုပ်ကာ ၁၉၄၇ အခြေခံ ဥပဒေတွင် အသက် ၁၈နှစ် ပြည့်ပြီး သူတိုင်း နေရာတွင် ခြွင်းချက် အနေဖြင့် ရဟန်း၊ သာမဏေ၊ သီလရှင်များ မဲပေးခွင့် မရှိကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မဲပေးပါက မဲလိုချင်သော ပုဂ္ဂိုလ်မှ ကျောင်း အတွင်း လာရောက် စည်းရုံးခြင်း၊ ၀ိနည်း သိက္ခာပုဒ်များနှင့် ငြိစွန်းမှုရှိကြောင်း တွေ့ရသဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ မဲမပေးရ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းလျှောက်ထား ကြသည်။

အထက်ပါ လျှောက်ထားချက်များမှာ ယခင် ဥပဒေ ဟောင်းများတွင် အဘယ်ကြောင့် သံဃာတော်များ မဲပေးခွင့်မရခဲ့သည်ကို ရှင်းလင်း လျှောက်ထားခြင်း ဖြစ်ပါတယ်။
ယခုလွတ်တော်ထဲတွင် ဆွေးနွေးမှုမှာ သံဃာများ မဲပေးပိုင်ခွင့် အတွက် ဆွေးနွေးနေခြင်းဖြစ်ရာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သံဃာတော်များ မဲပေးပိုင်ခွင့်များ ရရှိလာနိုင်ပါတယ် ။

ထို့နောက် ဆရာတော်ကြီးများက သိရှိလိုသည်များ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်း လျှောက်ထားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက် သည်။

ref : သာသနာရေး

0 comments to “သံဃာများ မဲပေးနိုင်တော့မည်”

Post a Comment