Monday, August 19, 2013

နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးက ပြောကြား

,




▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော
ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးက ပြောကြား
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သြဂုတ်လ ၅ ရက်နေ့ထုတ် Messengerသတင်းစာ၊ စာမျက်နှာ(၉)တွင် “နိုင်ငံတော် သမ္မတနှင့် ကာချုပ်အမည်ကို သုံး၍ ရွှေနံ့သာရပ်ကွက်၌ လယ်မြေသိမ်းဆည်းမှုများ ဖြစ်ပွားလျက်ရှိ” သတင်းခေါင်းစဉ်ဖြင့် ဖော်ပြပါရှိခဲ့သော သတင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးအား ဆက်သွယ် မေးမြန်းခဲ့ရာ လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဝင်း၏ ပြောကြားချက်မှာ မှားယွင်းနေကြောင်း၊ ကုမ္ပဏီများက နေပြည်တော် ခရိုင်၊ ရွှေနံ့သာရပ်ကွက်တွင် ဧက (၁၄၀)ကျော် လျော်ကြေးမပေးဘဲ သိမ်းဆည်းရာတွင် နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ အမည်ကို သုံး၍ ဆောင်ရွက် နေသည်ဟု ဖော်ပြထားသည်မှာ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ရှင်းလင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိက “မက်ဆင်ဂျာသတင်းစာပါ သတင်းဖော်ပြ ချက်ကို ကြည့်တဲ့အခါ နေပြည်တော်ခရိုင်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအနီးရှိ ရွှေနံ့သာ ရပ်ကွက်မှာ နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အမည်တွေ သုံးပြီး လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေကို သိမ်းဆည်းမှုများ ဖြစ်ပေါ်နေတယ် ဆိုပြီး ခေါင်းစဉ်နဲ့ သတင်းအဖွင့်မှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်။ သတင်းအရင်းအမြစ်က NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ဆိုပြီး ဖော်ပြထားတဲ့အတွက် ဦးစိန်ဝင်းရဲ့ ပြောကြားချက်ကို Quote လုပ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ဦးစိန်ဝင်းရဲ့ ပြောကြားချက်အရ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ဇူလိုင်လအထိ ဧက ပေါင်း (၁၄၀)ကျော်ကို ဘာလျော်ကြေးမှ မပေးဘဲ သိမ်းတယ်၊ သိမ်းတဲ့ကုမ္ပဏီတွေက နိုင်ငံတော်သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ နာမည်တွေ သုံးတယ်၊ ဒါတွေကို လွှတ်တော်က တစ်ဆင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာ အဓိက တွေ့ရပါတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “သိမ်းတာကကုမ္ပဏီတွေလို့ ဦးစိန်ဝင်းက ပြောတယ်။ ဒီတော့ နံပတ်(၁)အနေနဲ့ ဘယ်ကုမ္ပဏီတွေဆိုတာကို အမည်နဲ့တစ်ကွ ပွင့်ပွင့်လင်းလင်းနဲ့ ထည့် သွင်း ပြောကြားဖို့ လိုတယ် လို့လည်း ယူဆပါတယ်။ ဒါမှလည်း သတင်းစာအနေနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ပြောကြားချက်တွေကိုလည်း ရယူဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

နံပတ်(၂) အနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နာမည် သုံးတယ်လို့ ပြောတယ်။ ဘယ်လိုသုံးတာလဲ၊ အဲဒီကုမ္ပဏီတွေက ဘယ်လို ပြောတာလဲ၊ နိုင်ငံတော် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ရဲ့အမည် သုံးတယ် ဆိုတဲ့နေရာမှာ အမျိုး မျိုး ရှိနိုင်ပါတယ်။ ဒါကိုလည်း ရှင်းရှင်း လင်းလင်း ပြောဖို့ လိုပါတယ်။

နံပတ်(၃) အနေနဲ့ ကတော့ ၂၀၁၃ ဇူလိုင်လအထိ သိမ်းနေတုန်းပဲ ဆိုတာ တစ်ကယ် မှန်သလား။ အခုလို လွတ်လပ်ခွင့်တွေ တိုးမြှင့်ရရှိလာ နေတဲ့ အစိုးရသစ် လက်ထက် ဒီမိုကရေစီနိုင်ငံရေး ခေတ်မှာ လုပ်နေတယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ ဦးစိန်ဝင်းရဲ့ ပြောကြား ချက်က ပြည်သူတွေအကြားမှာ ထင်ယောင်ထင်မှား ဖြစ်နိုင်သလို နိုင်ငံတော်သမ္မတကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်စေနိုင်တဲ့ အပြင် အမျိုးသားညီညွတ်ရေးကို ဦးစီးဦးဆောင်ပြုနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထိခိုက်သွားစေနိုင်ပါတယ်။ ဒါကိုလည်း အထူး သတိပြု၊ ဂရုပြုသင့်ကြောင်း ပြောကြားလိုပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ဘက်တော့ ရှင်းပါတယ်။ ဦးစိန်ဝင်းပြောကြားခဲ့တဲ့ နေပြည်တော်ခရိုင်၊ ရွှေနံ့သာရပ်ကွက်မြေတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အနေနဲ့ လုံးဝ ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း ပထမအချက်အနေနဲ့ ပြောကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ နေပြည်တော်ခရိုင်၊ ရွှေနံ့သာရပ်ကွက် ဆိုတာ ရဲ့ နောက်ခံသမိုင်းကြောင်းကို သိရှိသလောက် ပြန်ပြီး ပြောရရင် အရင်တုန်းက ကျေးရွာ တစ်ရွာပါပဲ။ နေပြည်တော်မြို့တော်သစ် တည်ထောင်တဲ့အခါမှာ ဆက်စပ်နေတဲ့ ကျေးရွာ တွေ ရပ်ကွက်အဆင့် မြှင့်တင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တဲပေါ်က တိုက်ပေါ်တင် တဲ့အထိ မဟုတ်ပေမယ့် မြို့ကွက်အဖြစ် စနစ်တကျ အကွက်ချပြီး နေအိမ်တွေ ဆောက် ပေးခဲ့တယ်။ လမ်းတွေ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ စာသင်ကျောင်း၊ ဆေးခန်း အစရှိသဖြင့် မြို့အင်္ဂါရပ်နဲ့ညီညွတ်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ဒီလို ရပ်ကွက်အဖြစ် ပြောင်းလဲ ဖွဲ့ စည်းတဲ့နေရာမှာ အရင်တုန်းကနဲ့ များစွာ ခြားနားသွားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရာမှာ လည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျေးရွာသူကျေးရွာသားတွေနဲ့ ညှိနှိုင်းပြီး ဆောင် ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

တတိယအချက်အနေနဲ့ ဦးစိန်ဝင်း ပြောကြားထား တဲ့အတိုင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေနဲ့ ဘယ်ကုမ္ပဏီဘက်ကိုမှ ရပ်တည်ပေးထားတာ မရှိသလို ဘယ်ကုမ္ပဏီကိုမှ အကာအကွယ် ပေးနေတာ မရှိပါဘူး ဆိုတာကို ရှင်းလင်းအောင် ပြောကြားလိုပါတယ်။ သမ္မတကြီး လက်ထက်မှာ လယ်ယာမြေ ဥပဒေသစ် ရေးဆွဲပြဌာန်းထားပြီး ဖြစ်သလို မြေယာပိုင်ဆိုင်မှု နဲ့ စပ်လျဉ်းပြီး တရားဝင် မြေယာမှတ်ပုံတင် တင်နိုင်အောင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တစ်နိုင်ငံလုံးမှာ အလေးထား ဆောင်ရွက်ပေးနေပါတယ်။ ဒီတော့ ဦးစိန်ဝင်း ပြောကြားထားတဲ့ အချက်တွေက လက်ရှိအခြေအနေမှန်နဲ့ အတော်ကလေး ကင်းကွာနေ တယ် လို့ ကျွန်တော်တို့ဘက်က ယူဆပါတယ်။” ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိကြီးက ပြောသည်။

နိုင်ငံတော်သမ္မတကြီးနှင့် စပ်လျဉ်း၍ အထင်အမြင်လွဲမှားဖွယ်ရာ ပြောကြားချက်များ ရရှိပါက ပြည်သူများအကြား ရှင်းရှင်းလင်းလင်း ဖြစ်စေလိုပါ၍ မိမိတို့ထံအချိန်မရွေး ဆက် သွယ်မေးမြန်းနိုင်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဝန်ကြီးဦးရဲထွဋ် ထံသို့လည်း မေးမြန်းနိုင်ပါကြောင်း အဆိုပါ အရာရှိကြီးက ပြောသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Source : The Messenger, Vol 4, No.13-19 August 2013]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

0 comments to “နိုင်ငံရေးခေါင်းဆောင်များအကြား အထင်အမြင်လွဲမှားစေနိုင်သော ပြောကြားချက်များ သတိပြုသင့် ဟု နိုင်ငံတော်သမ္မတရုံးက ပြောကြား”

Post a Comment