Wednesday, August 7, 2013

သမိုင်း အမှန်သာ ချန်ခဲ့ပေးပါ

,
ဟိုတနေ့ က သမိုင်းကိုမရိုင်းစေချင်ပါဘူး
ရိုင်းအောင်လည်း မနှိုင်းစေချင်ဘူး
ခင်ဗျားတို့ ပြောတဲ့ ၈၈
ကျွန်တော်တို့ ၄ နှစ်သားပဲ ရှိသေးတယ် ....

ဆိုပြီး ရေးတော့ ကျွန်တော့် ကို မင်းမမှီ ပဲ နဲ့ သေးသိမ်အောင်လုပ်သလေ ၊ ပေးဆပ်ခဲ့သူတွေ ကိုစော်ကားသလေ ၊ မော်ကား သလေ နဲ့ ကျွန်တော့် ကို ဝိုင်း ဖဲ့ ကြတယ် ။

ကျွန်တော် တို့ က စစ်သား တစ်ယောက် အနေနဲ့ မဟုတ်ပဲ မြန်မာနိုင်ငံရဲ့ လူငယ်တွေ အနေနဲ့ အမှန်တိုင်းသိချင်တာပါ ။ ကောင်းတာ ၊ မကောင်းတာ အပါ့ ထား သမိုင်းကို သမိုင်းလိုပဲ သိချင်တာ ။ သမိုင်းကို ဇာတ်လမ်း လိုသိချင်တာမဟုတ်ဘူး ။

အစိုးရ ထုတ်ပြန်ခဲ့ တဲ့ မှတ်တမ်းတွေ ၊ သေဆုံး ၊ ဒဏ်ရာရ စာရင်းတွေ မဟုတ်ဘူး ၊ မဖြစ်နိုင်ဘူး သာ ဆိုတယ် ။ ဘယ် အဖွဲ့စည်း ၊ ဘယ်ပုဂ္ဂိုလ် ကများ အဲဒါ အမှန်မဟုတ်ဘူး ၊ ဒါက အမှန် ဆိုတဲ့ စာရင်းချပြနိုင်သလဲ ။ အဲလို မှတ်တမ်းပြုစုဖို့ ၊ ခိုင်မာတဲ့ သမိုင်းအချက်လက် တွေ မှတ်တမ်းတင်ဖို့ ဘယ်သူ မှ ငွေရတုလုပ်ဖို့လောက် စိတ်မဝင်စားကြဘူး ။ လွမ်းဆွတ်ခြင်း အမှတ်တရ ပွဲ လုပ်ဖို့ လောက် အာသီသ မရှိကြဘူး ။ သင်ခန်း စာကို ကိုယ်တိုင်သင်ခဲ့သူတွေက သင်ခန်းစာမယူတတ်ကြဘူး ။ အင်းကျီသစ်ဝတ်ချင်သူတွေက အင်းကျီဟောင်းကို အရင်ချွတ် မှ ဝတ်လို့ရတယ် ။ ဒါပေမဲ့ ခင်ဗျားတို့ ရင်ထဲမှာ က စနစ်ဟောင်း အင်းကျီအစုတ် အပြတ် အပေ အတေတွေ ကို ခုထိ စွဲလမ်းနေတုန်း ။ Biochemical Warfare လုပ် ၊ မျိုးဆက်တုံးအောင် ပြုတ်ပြုတ်ပြုန်း သတ်ခဲ့ ကြတဲ့ ဗီယက်နာမ်နဲ့ အမေရိကန် က ချစ်ကြည်ရေးပြန်တည်ဆောက်နေကြချိန်မှာ ... တပြည်တည်းနေတဲ့ ကျုပ်တို့ ခင်ဗျားတို့ က ပြည်သူကိုရန်သူလိုချေမှုန်းတယ်ဆိုတဲ့ စကားနဲ့ နပန်းလုံးလို့ ကောင်းနေတုန်း ။

ကျွန်တော်တို့ တွေ အဲဒီချိန်က ငယ်သေးတယ် ။ အားလုံး လူကြိးတစ်ယောက်လို အသိမရှိသေးဘူး ။ ဒါပေမဲ့ မှီ တဲ့ သူပြောလို့ အားလုံးလက်ခံ မဲ့ ခပ်တုံးတုံး လူငယ်တွေတော့ မဟုတ်ဘူး ။

ရန်သူကို ချေမှုန်းတယ်ဆိုတာ လက်နက်စွမ်းအား ၊ လူစွမ်းအား ၊ ဥာဏ်စွမ်းအား တွေ အားကုန်သုံးပြီး ချေမှုန်းကြရတာ ... သမိုင်းကို ကျွန်တော်သိချင် မှ သိမယ် ရိုင်ဖယ်တစ်လက်ရဲ့စွမ်းဆောင်ရည် ၊ စက်သေနတ်တစ်လက်ရဲ့ စွမ်းဆောင်ရည်ကို
ကျွန်တော်တို့ ကောင်းကောင်းသိတယ် ။ အဲဒါကြောင့် ရန်သူလိုချေမှုန်းတယ်ဆိုတာ မဖြစ်နိုင်ဘူး ပြောတာ ။ ဘာကြောင့် လဲဆိုတဲ့ သက်သေ ကိုလည်း တစ်ရေးနိုး မေးရင် တစ်ရေးနိုးထပြလို့ရတယ် ။

ဟိုနေ့ က ကျွန်တော်ပြောတော့ ...မ ဝင်းမော်ဦး အကြောင်းဆိုတဲ့ အသံဖိုင်တွေလာပြတယ် ။ ဒေါက်တာမင်းသိန်း နဲ့ ဒေါက်တာစောလွင် က သေနတ်မှန်တဲ့ ကောင်မလေး ကယ်ဆယ်မိလို့ တစ်ယောက်ကိုတော့ ထောက်လှမ်းရေး က ဆေးထိုးသတ် လိုက်တယ်တဲ့ ။ ပြောသေးတာ ဆီးတောင် ၅ ရက်လောက်မသွားနိုင်တော့ပဲ နောက်ဆုံးသေသွားတယ်တဲ့ ။ နောက်တစ်ယောက်ကျတော့ ထောက်လှမ်းရေး က မခံနိုင်အောင် ခေါ်ခေါ် စစ်လို့ သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေသွားသတဲ့ ။ မသေခင် ပစ္စည်းတွေတောင်သေချာသိမ်းသွားလိုက်သေးတယ် ဆိုပဲ ။ အခု မဝင်းမော်ဦး ကို မလာတဲ့ ဓာတ်ပုံထဲ က ဒေါက်တာဝင်းဇော် က ထရှင်းတော့ တစ်ယောက်မှ မလှုပ် ငုတ်တုတ်ကြီးတွေ တုံဏှိဘာဝေ လုပ်နေကြတယ် ။

ဦးတင်စိုးလို .. ထောင်ထဲမှာ ချီးအိုးထဲ ခေါင်းစိုက်ခံရပါတယ် ၊ ရေခဲရေစိမ်ခံရပါတယ်တွေ ပြော ... ဇာဂနာထောင်က လွတ်တော့ .. ဘာမှ မနှိပ်စက် ပါဘူးဆိုတော့ ... "အရိုင်း၊ဇာဂနာ နဲ့ ခွေး မဝင်ရ " ဆိုပြီး ဆိုင်းဘုတ် ဆွဲသလို ..ခုလည်း ..." ဒေါက်တာဝင်းဇော်နဲ့ ခွေး မဝင်ရ " ဆိုပြီး ဆိုင်းဘုတ်တော့ မဆွဲ ကြနဲ့ဦး ။

တံတားဖြူအရေးခင်း ဆိုပြီး ပြည်ပရုပ်သံတွေက ခဏခဏ လွှင့်တာကြားဖူးတယ် ။ ကျောင်းသူလေးတွေ ကို လုံထိန်းတွေ က မျက်နှာအဝတ်စီးပြီး မုဒိန်းကျင့်သတ်သတဲ့ ... အဲဒီမုဒိန်းကျင့် ခံရတဲ့ နစ်နာသူဘယ်သူတွေလဲဆိုတော့ တစ်ယောက်မှ မဖြေ ။ တုံဏှိဘာဝေ တွေလုပ်နေကြတယ် ။

မဝင်းမော်ဦး သေတာ ၁၉၈၈ ... ခြေထောက်သေနတ်တစ်ချက် ၊ လက်မောင်းတစ်ချက် ၊ အဆုတ်ကိုဖောက်သွားတာ တစ်ချက် ၃ ချက်မှန်တယ်လို့ဆိုတယ် ။ ၂၀၀၉ မှာ အစောဆုံး တက်ခဲ့ သတင်း တွေ ၊ အင်တာဗျူးတွေထဲမှာ ..." ကျွန်မကိုကယ်ပါဦး အကိုရယ် " ဆိုတဲ့ စကား က ၂၀၁၂ ၊ ၂၀၁၃ မှာ " မြန်မာပြည် ဒီမိုကရေစီ မရသမျှ ကျွန်မ ကိုအမျှမဝေပါနဲ့ " ဖြစ်သွားတယ်။

အပ်တိုတစ်ချောင်းတောင် မရှိ တဲ့ လူထုကို ရန်သူကိုချေမှုန်းသလို ချေမှုန်းတယ်ဆိုတယ် ။ အပ်တို တစ်ချောင်းတောင် မရှိပဲ ။
ခေါင်းတွေ အပိုင်းပိုင်း ပြတ်အောင် က လက်စောင်းတော်ရွှေသိုင်းနဲ့ ဘိုင်း ကနဲ ဘိုင်းကနဲ ခုတ်ချလိုက်တာလား ။

ဦးကြီး ဒေါ်ကြီး ကိုကြီး မကြီး တို့ကို သိက္ခာရှိသော လူကြီးတွေ အဖြစ် ကျွန်တော်တို့ တွေ လေးစားချင်ပါတယ် ။ ထပ်ပေါင်းမပါသော ၊ ထုတ်နှုတ်မထားသော သမိုင်း အမှန်တွေ သာ ချန်ခဲ့ကြပါ ။

သမိုင်းကိုမရိုင်းစေချင်ပါဘူး
ရိုင်းအောင်လည်း မနှိုင်းစေချင်ဘူး
ခင်ဗျားတို့ ပြောတဲ့ ၈၈
ကျွန်တော် တို့ ၄ နှစ်သားပဲရှိသေးတယ် ။

(ရုပ်ဆိုး)

0 comments to “သမိုင်း အမှန်သာ ချန်ခဲ့ပေးပါ”

Post a Comment