Monday, August 5, 2013

ဘောလုံးပွဲကပြောတဲ့ ဒီမိုကရေစီ

,

ဘော မနိုင် လူကန် ဆိုသလိုပါပဲ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ လူငယ်က လူကြီးကို ခြေနဲ့ကန်ခဲ့တာပါ။ ဂါရ၀တရားဆိုတာ ဘယ်မှာလဲလို့မေးရမဲ့ပုံပါပဲ။ ရန်ကုန်ယူနိုက်တက်နဲ့ နေပြည်တော်အသင်း တို့ရဲ့ သြဂုတ်လ ၄ ရက်နေ့ညနေ ၆ နာရီမှာ ကန်ကြတဲ့ MNL ရဲ့ ဒီရာသီ နောက်ဆုံးပွဲစဉ် ပထမပိုင်း ၃၅ မိနစ်လောက်မှာ ဖြစ်ခဲ့တာပါ။ ရန်ကုန်အနေနဲ့ ဒီရာသီရဲ့ သုံးထပ်ကွမ်းချန်ပီယံဖြစ်ပြီးနေသလို နေပြည်တော် အသင်းအနေနဲ့လည်း နိုင်လို့လဲ ချန်ပီယံမဖြစ်တော့တဲ့ အနေအထားပါ။ ဒီပွဲဟာရာသီရဲ့နောက်ဆုံးပွဲဖြစ်သလို ပွဲပြီးရင်လည်း ဒီရာသီအတွက် ဆုပေးပွဲ အခမ်းအနားပြုလုပ်မှာဖြစ်ပါတယ်။
  ဒီလိုအခြေအနေတစ်ရပ်မှာ တစ်သင်းနဲ့ တစ်သင်းထိန်းထိန်းသိမ်းသိမ်းနဲ့ ရာသီတစ်ခုကိုအောင်မြင်စွာပိတ်သိမ်းရမှာ ဖြစ်ပေမယ့်  ဘော လုံးသမားတွေရဲ့ မထိန်းနိုင်တဲ့ဒေါသ၊ ပရိတ်သတ်တွေရဲ့ မဆင်ခြင်တဲ့ အမှားကနေ ပြိုင်ပွဲက အရုပ်ဆိုးအကျည်းတန်ခဲ့ရပါပြီ။ တစ်ယောက်ကိုတစ်ယောက်ထိုးကျကြိတ်ကျနဲ့ ကြွရောက်လာတဲ့ လူကြီးလူကောင်းတွေရှေ့မှာရော အသင်းမှာပါဝင်ကြတဲ့ နိုင်ငံခြားသားတွေရှေ့မှာရော မြန်မာလူမျိုးဆိုတာ ဒါလားဆိုပြီး နိုင်ငံသိက္ခာ၊ လူမျိုးသိက္ခာကို မြန်မာ့ဘောလုံးသမားနဲ့ ပရိသတ်တွေကပြခဲ့ပါတယ်။ အားလုံးကိုမဆိုလိုပေမယ့် ဒီလိုဆိုးသွမ်းတဲ့လူတွေကြောင့် ဒီလိုဖြစ်ရပ်တွေဖြစ်လာရတာပါ။
 ဒီမိုကရေစီရလာတာနဲ့ လူ့အခွင့်အရေးဆိုတာကြီးကို တကြော်ကြော်အော်ပြီး ဆိုးခွင့်မိုက်ခွင့်ကို လိုင်စင်ရလိုက်သလိုပါပဲ ပုံမှာမြင်တဲ့အတိုင်း ပရိသတ်တစ်ယောက်က ဒိုင်ကိုရန်မူမလို့ ပြေးဝင်လာနေတာပါ။ ဒီလိုဖြစ်ရပ်တွေ နိုင်ငံတကာမှာလည်းဖြစ်ဖူးပေမယ့် အင်မတန်ရှားပါတယ်။ MNL ရဲ့သက်တမ်းက နုနယ်ပေမယ့်  မြန်မာ့ဘောလုံးက အနည်းငယ်တက်ရိပ်ပြလာသလို ဒီမိုကရေစီ ပရိသတ်တွေရဲ့ ရိုင်းပြစွာအားပေးမှုတွေကလည်း နိုင်ငံတကာကလိဂ်ဘိုးအေကြီးတွေ ထက်သာအောင် တိုးတက် လာခဲ့ပါတယ်။ 
လွတ်လပ်စွာပြောခွင့်ဆိုခွင့်ရှိတာ ဒီမိုကရေစီလို့ ဆိုရပေမယ့် လွတ်လပ်စွာ ဖျက်စီးခွင့်ကို ဒီမိုကရေစီလို့ ပြောလို့မရတော့ပါဘူး။ ဒီပုံကတော့ ဆီးဂိမ်းကျင်းပမဲ့ ၀ဏ္ဏသိဒ္ဓိကွင်းမှာ ဆိုးသွမ်းပရိသတ်တွေ လက်ချက်နဲ့ ဘ၀တစ်ပါးပြောင်းသွားရတဲ့ ထိုင်ခုံတွေပါပဲ။ ဒီထိုင်ခံပျက်တွေကိုကြည့်ပြီး သြော်တို့မြန်မာတွေ အရင်ကကြည့်ခဲ့ရသလို အုတ်ခုံနဲ့ပဲတန်ပါလားလို့တွေးမိပါတယ်။ ငါတို့နိုင်ငံကြီး ဒီမိုကရေစီရတာ တိုးတက်ဖို့လား၊ ဆုတ်ယုတ်သွားဖို့လားဆိုတာ စိုးရိမ်မိပါတယ်။ သူများတကာက တစ်ခွန်းအော်ရင် နောက် ကအကုန်လိုက်အော်။ ပါးစပ်ကအော်နေတာကတော့ လူ့အခွင့်အရေး၊ လက်တွေ့လုပ်နေတာကတော့ အများအခွင့်အရေးကို ဖျက်ဆီးနေတာပါပဲ။  အစိုးရက အားကျိုးမာန်တက် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ဘက်ပေါင်းစုံက ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ပြမှုတွေက နည်းပါးနေသလို ဒီလိုပရိသတ်တွေရဲ့ အားပေးပုံစိတ်ဓာတ်ကိုလည်း မပြုပြင်နိုင်ရင်တော့ ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ လာမယ့် ဆီးဂိမ်းအတွက်ကိုတောင် ဘယ်လိုများလုပ်ကြမလဲ တွေးပူမိပါတယ်။ ဒီမိုကရေစီကြောင့်ပဲ ရိုင်းလာကြ သလား။ ဒီမိုကရေစီနဲ့ပဲ မတန်ဘူးလားဆိုတာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြုပြင်ကြဖို့ လိုပါပြီ။


Source_NSP

0 comments to “ဘောလုံးပွဲကပြောတဲ့ ဒီမိုကရေစီ”

Post a Comment