Tuesday, August 20, 2013

အဓိကရုဏ်း နှိမ်နင်းရေးယာဉ် ၁၆၀ ကျော် ဝယ်မည်

,


ရန်ကုန်၊ သြဂုတ် ၁၉

ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် အဓိကရုဏ်း နှိမ်နင်းရေးနှင့် လှည့်ကင်း အဖြစ် အသုံးပြုနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက မော်တော်ယာဉ် စီးရေ ၁၆၀ ကျော် ဝယ်ယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် နတ်တလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက လှည့်ကင်း/လုံခြုံရေးနှင့် အဓိကရုဏ်း နှိမ်နင်းရေးအတွက် တရားခံများ ဖမ်းဆီးရန် မည်သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်း မေးမြန်းရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်အဖွဲ့ အနေနှင့် အဓိကရုဏ်းများ ဖြစ်ပွားရာ ဒေသများသို့ အချိန်မီ မသွားနိုင်ခြင်း၊ ယာဉ် မလုံလောက်ခြင်းများကို တွေ့နေရကြောင်း ဦးရဲထွဋ်ဦးက ပြောကြားသည်။

အဓိကရုဏ်း နှိမ်နင်းရေးနှင့် လှည့်ကင်း လှည့်ရာတွင် အသုံးပြုရန် ပြည်ထဲရေး ဝန်ကြီးဌာနက ဆလွန်း မော်တော်ယာဉ် ၄၄ စီး၊ ဒဘယ်ကတ် ဟိုင်းလပ် ယာဉ်စီးရေ ၁၀၀၊ အချုပ်ယာဉ် ၁၆ စီးနှင့် မော်တော် ဆိုင်ကယ် စီးရေ ၁၅၀ ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူသွား မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းပြသည်။

အဓိကရုဏ်း နှိမ်နင်းရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် အမျိုးသား စီမံကိန်းနှင့် စီပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနထံမှ ဒဘယ်ကတ် ဟိုင်းလပ် ယာဉ်စီးရေ ၆၃ စီး ခွဲတမ်း ရရှိထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးနှင့် လှည့်ကင်းအဖြစ် အသုံးပြုရန် မော်တော်ယာဉ်ပေါင်း ၂၇၂၅ စီး အသုံးပြုလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ဝမ်းတွင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တို့တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အချိန်မီ မထိန်းသိမ်းနိုင် သဖြင့် နိုင်ငံတော် သမ္မတက အရေးပေါ် ကြေညာချက် ထုတ်ပြန်ကာ တပ်မတော်၏ အကူအညီကို ရယူခဲ့ရသည်။

0 comments to “အဓိကရုဏ်း နှိမ်နင်းရေးယာဉ် ၁၆၀ ကျော် ဝယ်မည်”

Post a Comment