Monday, August 5, 2013

ရဲစခန်းများမှာ ပြည်သူ့ဆန္ဒ ဝန်ဆောင်မှု အသစ်ဖွဲ့စည်း

,
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိတဲ့ မြို့နယ်ရဲစခန်းများကို အမှုလာရောက် တိုင်တန်းတဲ့ အခါမှာ ပြည်သူအချို့အပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေတဲ့အတွက်  မြို့နယ်ရဲစခန်းများမှာ ပြည်သူ့ဆန္ဒ ဝန်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် စတင်ဖွဲ့စည်းပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးမြင့်ထွေးက ပြောကြားပါတယ်။



အဲဒီလို ပြည်သူ့ဆန္ဒ ဝန်ဆောင်မှု ပေးရေး အဖွဲ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးနဲ့ တပ်ဖွဲ့ဝင်များ အပါအဝင် အခြားအဆင့် တပ်ဖွဲ့ဝင် တစ်ဦးတို့နဲ့ ဖွဲ့စည်းထားပြီး လုပ်ငန်းများ လက်ခံဆောင်ရွက် ပေးလျက်ရှိတယ်လို့လည်း ပြောပါတယ်။

"ပြည်သူတွေ အနေနဲ့ အမှုကိစ္စပဲဖြစ်ဖြစ် အခြားတိုင်တန်းတဲ့ ကိစ္စတွေကိုပဲဖြစ်ဖြစ် ရဲစခန်းကို လာရောက်တဲ့သူတွေ အရင်ကထက် မတူဘဲ နွေးထွေးစွာ ဆက်ဆံပြီး အခက်အခဲ အားလုံးကို ချက်ချင်းကူညီ ဆောင်ရွက် ဖြေရှင်းပေးဖို့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်" ဟု ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ရဲမှူးမြင့်ထွေးက ပြောကြားသည်။

ယခင်က တာဝန်ကျ ရဲတပ်ဖွဲ့ဝင် အချို့က ပြည်သူအချို့အပေါ် ပြေလည်စွာ ဆက်ဆံမှု မရှိခဲ့မှုကြောင့် ယင်းရဲတပ်ဖွဲ့ဝင်များကို အရေးယူရတဲ့ ဖြစ်စဉ်များလည်း ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အများပြည်သူများအတွက် တိုင်တန်းချက်များကို အဆင်ပြေ ချောမွေ့စေဖို့ တပ်ဖွဲ့အတွင်း ပြည်သူ့ဆက်ဆံရေး သဘောဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခြင်းဟာ ပြည်သူများအတွက် စိတ်ချမ်းသာစရာ တစ်ခုဖြစ်ကြောင်း ယခင်က ပြည်သူများအနေနဲ့ ရဲစခန်းများကို မသွားအပ်တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြရာမှာ သက်ဆိုင်ရာ ရဲစခန်းများကို မိမိတို့ မတရားခံရမှုများအား သွားရောက် တိုင်တန်းကြတဲ့ အခါမှာ ရဲတပ်ဖွဲ့ ဝန်ထမ်းများက ပြောဆိုဆက်ဆံရာတွင် အဆင်မပြေမှုများစွာနဲ့ ကြုံတွေ့ခဲ့ကြရပြီး မိမိတို့နစ်နာမှု တိုင်တန်းလိုသော အကြောင်းအရာများကိုပင် မေ့လျော့ပြီး မလိုလားအပ်သော ပြောဆိုချက်များနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ယခုလို နစ်နာမှုများ လာရောက် တိုင်ကြားကြတဲ့ ပြည်သူများအား နွေးထွေပျူငှာစွာနဲ့ လက်ခံ ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများရဲ့စိတ်မှာ ရဲဝန်ထမ်းများအပေါ် အားကိုး ယုံကြည်မှုများရ ရှိလာပြီး စိုးရွံ့မှုကင်းစွာနဲ့ မိမိတို့ရဲ့ မတရားမှု ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံရဲလာခြင်းအားဖြင့် အမှုမှန် ပေါ်ပေါက်ရေးကို အားပေးရာ ရောက်တယ်လို့ တာမွေမြို့နယ်တွင် နေထိုင်တဲ့ ဦးတင်မောင်မြင့်က သုံးသပ် ပြောဆိုလို့ သိရပါတယ်။                      

0 comments to “ရဲစခန်းများမှာ ပြည်သူ့ဆန္ဒ ဝန်ဆောင်မှု အသစ်ဖွဲ့စည်း”

Post a Comment