Sunday, August 11, 2013

ရထားပြေး ဆွဲသောကြောင့် နည်းပညာ တက္ကသိုလ်(မုံရွာ) ကျောင်းသားများ သွားလာရေး အဆင်ပြေ

,
စစ်ကိုင်း  သြဂုတ်  ၉
နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တက္ကသိုလ်၊ ကောလိပ်များကို နိုင်ငံအနှံ့ ဖြန့်ကြက် တည်ဆောက် ဖွင့်လှစ်ပေးလျက် ရှိသည်။ ထို့အတူ ဖွင့်လှစ်ထားသော တက္ကသိုလ်၊ ကောလိပ်များသို့ အလွယ်တကူ သွားရောက်နိုင်မည့် လမ်းများကိုလည်း ဦးစားပေး ဖောက်လုပ်ဖွင့်လှစ် လျက်ရှိရာ အောင်သာ-မုံရွာ-နည်းပညာ တက္ကသိုလ်-ဗောဓိတစ်ထောင် ရထားလမ်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ပေး ခဲ့သဖြင့် နည်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး အဆင်ပြေလျက် ရှိသည်။
ရွာထောင်-မြင်းမူ-မုံရွာ-အလုံ ရထားလမ်းကို  ၁၉ဝဝ ပြည့်နှစ်တွင် ဖောက်လုပ် ပြီးစီးခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၁၁၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။  မုံရွာမြို့တွင်းသည်လည်း ရထားလမ်း ဖြတ်သန်း ရာ နေရာဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သာမက ခရီးသည်များပါ မြို့တွင်းမှ လိုရာခရီးသို့ အလွယ်တကူ သွားလာနိုင်သည်။ နည်းပညာ တက္ကသိုလ် ပထမနှစ် ကျောင်းသူတစ်ဦးက ''ရထားက အလုံက စထွက်တာ ဆိုတော့ သမီးတို့လို အလုံဘက်က သူတွေ အများကြီး အဆင်ပြေပါတယ်၊ ဆိုင်ကယ်နဲ့ ကျောင်းကို သွားရတာ ဆိုရင် အန္တရာယ်လည်း အရမ်း များပါတယ်၊ အတန်းချိန်အမီ ပြေးဆွဲပေးလို့လည်း အဆင်ပြေပါတယ်''ဟု သူမ၏ အတွေ့အကြုံကို ပြောပြ ခဲ့သည်။
နည်းပညာ တက္ကသိုလ်ဘက်သို့ လိုင်းကားလည်း ပြေးဆွဲခြင်း မရှိသည့် အတွက် ကျောင်းသား အများစုသည် ဆိုင်ကယ်နှင့်  စင်းလုံးငှားကြို/ ပို့ကားများကို အားကိုး ကြရသည်။ ဆိုင်ကယ်နှင့် စင်းလုံး ငှားကားများကို အသုံးပြုလျှင် တစ်ရက်ငွေကျပ် ၇ဝဝ ခန့်ကုန်ကျမည် ဖြစ်ပြီး ရထား အသုံးပြုပါက တစ်ရက် ငွေကျပ် ၃ဝဝ ခန့်သာ ကုန်ကျသည်။
ရထားမှာ အသွား တစ်ကြောင်း၊ အပြန် တစ်ကြောင်းသာ ပြေးဆွဲသော်လည်း တတိယနှစ် (မြို့ပြ) ကျောင်းသား တစ်ဦးက ''အပြန်ကျတော့လည်း အတန်း စောစောပြီးရင် ကျောင်းစာ လုပ်နေတော့ စာလည်းပိုရပြီး အိမ်ရောက်တော့ တခြားအလုပ်တွေ ဆက်လုပ်လို့ ရတာပေါ့''ဟုပြောသည်။
မင်းချမ်းမွန်


Source___မြ၀တီ

0 comments to “ရထားပြေး ဆွဲသောကြောင့် နည်းပညာ တက္ကသိုလ်(မုံရွာ) ကျောင်းသားများ သွားလာရေး အဆင်ပြေ ”

Post a Comment