Wednesday, August 14, 2013

ဗုဒ္ဓ ဘာသာဝင် တို့နှင့် တင်းမာမှု ဖြစ်ပြီးနောက် သီရိလင်္ကာ တွင် မွတ်စလင် တို့က ဗလီတစ်ခု ပိတ်ရန် သဘောတူ

,

8.1.1
ကိုလံဘိုမြို့ရှိ တိုက်ခိုက်ခံခဲ့ရသော ဗလီအပြင်တွင် သီရိလင်္ကာရဲများ သြဂုတ် ၁၁ ရက်က ကင်းလှည့်နေစဉ် (Photo: AFP)
ဗုဒ္ဓဘာသာဝင်များနှင့် တင်းမာမှုများဖြစ်ပေါ်ပြီးနောက် မြို့တော်ကိုလံဘိုရှိ ဗလီအသစ်တစ်လုံးကိုပိတ်ပစ်ရန် သီရိလင်္ကာ နိုင်ငံရှိ မွတ်စလင်ခေါင်းဆောင် များက သြဂုတ် ၁၂ ရက်တွင် သဘောတူလိုက်ကြောင်း သိရသည်။မြို့တော် အတွင်းရှိ Grandpass ဗလီအား ပိတ်ပစ်ပြီး အစိုးရ၏ မြို့တော်ဖွံ့ဖြိုးရေး အစီအစဉ်ကြောင့် ဖျက်ပေးရန် ယခင်ညွှန်ကြားချက်တွင် ပါဝင်ခဲ့သည့် ဗလီဟောင်း တစ်ခုသို့ ပြန်လည် ရွှေ့ပြောင်းပေးရန် သဘောတူ ထားပြီးဖြစ်ကြောင်း သီရိလင်္ကာ မွတ်စလင်ကောင်စီက ထုတ်ပြန် ကြေညာ ထားသည်။
”ကျွန်တော်တို့ ဗလီနဲ့ပတ်သက်ပြီး မနေ့ညက သဘောတူညီမှု ရခဲ့ပါတယ်” ဟု မွတ်စလင်ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ အင်န်အမ်အာမန်းက အေအက်ဖ်ပီ ကို ပြောကြားခဲ့သည်။
”အစိုးရအနေနဲ့ ဖျက်ပစ်ဖို့ အရင်က ညွှန်ကြားခဲ့ရတဲ့ ဗလီဟောင်းနေရာကို ပြန်ခွင့်ပြုပေးဖို့ အမိန့် ထုတ်ပြန်ပေးမှာ ဖြစ်သလို မြေနေရာနဲ့ ဗလီပြန် လည် ပြုပြင်တည်ဆောက်ဖို့ လိုအပ်တာတွေကိုလည်း ကူညီသွားမယ်လို့ ကတိပေးထားပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ပြဿနာ ဖြစ်ပွားတဲ့ ဗလီသစ်ကို အသုံးပြု မှာ မဟုတ်တော့ပါဘူး” ဟု အာမန်းက ပြောကြား ခဲ့ သည်။
သြဂုတ် ၁၀ ရက်က ကိုလံဘိုမြို့ရှိ Grandpass ဧရိယာတွင် ဗုဒ္ဓဘာသာဝင်များ ဦးဆောင်သော လူအုပ်စု များက Grandpass ဗလီသစ် အပါအ၀င် အဆောက်အအုံများအား တိုက်ခိုက်ခဲ့ရာ လူလေးဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ Grandpass ဧရိယာတွင် လုံခြုံရေးထူထပ်စွာ ချထားသော်လည်း သြဂုတ် ၁၁ ရက်နေ့က တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ဗုဒ္ဓဘာသာ ဘုရားကျောင်း အနီးတွင် Grandpass ဗလီအသစ်အား လာရောက် ဆောက်လုပ် ခဲ့ခြင်းကြောင့် ဒေသခံ ဗုဒ္ဓဘာသာများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုကို သြဂုတ် ၁၂ ရက် နံနက်တွင် ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဗလီ ကို ပိတ်ပစ်ရန် သြဂုတ် ၁၁ ရက်ညတွင် အစိုးရက ကြေညာခဲ့ပြီး ချိန်မှစ၍ အခြေအနေများမှာ တည်ငြိမ်နေ ပြီ ဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ် တော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ပြဿနာ ပြေလည်စေရေးအတွက် သီရိလင်္ကာ အစိုးရက ဗုဒ္ဓဘာသာနှင့် မွတ်စလင် ခေါင်းဆောင် များအကြား အချိန်အတော်ကြာ ဆွေးနွေး ခဲ့ ရကြောင်း၊ ယခုဆုံးဖြတ်ချက်သည် နှစ်ဖက်စလုံးအတွက် မျှတသည့်အဖြေတစ်ခုဖြစ်ကြောင်း နည်းပညာဝန်ကြီး ချန်ပီကာရာနာဝါကာ က ပြောကြား သည်။
သီရိလင်္ကာ လူဦးရေသန်း ၂၀ ၏ ၇၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ ၀င်များဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သည် မွတ်စလင်များ ဖြစ်ကြပြီး ဒုတိယ အများဆုံး အုပ်စုဖြစ် သည်။
Ref: AFP
Eleven Media Group

0 comments to “ဗုဒ္ဓ ဘာသာဝင် တို့နှင့် တင်းမာမှု ဖြစ်ပြီးနောက် သီရိလင်္ကာ တွင် မွတ်စလင် တို့က ဗလီတစ်ခု ပိတ်ရန် သဘောတူ”

Post a Comment