Saturday, August 24, 2013

မြန်မာ-ထိုင်း နယ်စပ်ဂိတ်လေးခု အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် သတ်မှတ်မည်

,


နေပြည်တော်၊ သြဂုတ် ၂၃

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ဂိတ်လေးခုကို သြဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက်များအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် ထီးခီးနယ်စပ်ဂိတ်တို့ကို အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက် International Point of Entry အဖြစ် သတ်မှတ်ရန် နှစ်နိုင်ငံ သဘောတူညီ ထားပြီး နိုင်ငံတော်သမ္မတကလည်း ခွင့်ပြုပြီး ဖြစ်ကြောင်း ဦးခင်ရီက ထပ်လောင်း ပြောကြားသည်။

“လာမယ့် ၂၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက်အဖြစ် ဖွင့်ဖို့ပါ ကျွန်တော်တို့ဘက်က အားလုံးအဆင်သင့်ဖြစ်ပြီ၊ စက်တွေလည်းပို့ပြီးပြီ လူတွေလည်း ပို့ပြီးပြီ” ဟု ဦးခင်ရီက ဆိုသည်။

သို့သော် ထိုင်းနိုင်ငံက ၎င်းတို့၏ အမျိုးသားလုံခြုံရေး ကော်မတီထံ ခွင့်ပြုချက် တောင်းခံနေဆဲဖြစ်ပြီး ယနေ့ အကြောင်းပြန်မည် ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပြီးပါက သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်များအဖြစ် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ နယ်စပ်ဂိတ်များကို နိုင်ငံတကာ ဝင်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ပြီးပါက နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအားလုံး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များကဲ့သို့ အဆိုပါဝင် ထွက်ပေါက်များမှ သွားလာနိုင်တော့မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရှိရသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်းငါးနိုင်ငံနှင့် နယ်စပ်ဂိတ်ပေါင်း ၁၆ ခုဖွင့်လှစ်ထားပြီး ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ယင်းနယ်စပ်ဂိတ်လေးခုကို အသွင်ပြောင်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

0 comments to “မြန်မာ-ထိုင်း နယ်စပ်ဂိတ်လေးခု အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် သတ်မှတ်မည်”

Post a Comment