၁၉၈၈ ရဲ့ ရက်တစ်ရက်မှာပေါ့။ ကျွန်မတို့ရဲ့ လမ်းထိပ်မှာ စင်ကလေးချပြီး ဦးဇာဂနာက တရားတက်ဟောတာကို ပထမဆုံးအကြိမ်အဖြစ် နားထောင်ခွင့်ရပါတယ်။ ပြောသွားတဲ့အထဲမှာ မှတ်မှတ်ရရ နိုင်ငံခြားရပ်ခြားက ၈ နှစ်သမီးလေး တစ်ယောက်အကြောင်းပါ။ ကလေးမလေးက နေ့စဉ် သူ့အဖွားရှိတဲ့ တခြားရပ်ကွက်ကို စက်ဘီးနဲ့ သွားလေ့ရှိပါတယ်တဲ့။ တစ်နေ့တော့ စက်ဘီးသွားတဲ့ လမ်းကိုပြင်နေလို့ စက်ဘီးစီးလို့မရတော့ပဲ မသွားရပါဘူး။ ဒီလိုစောင့်ရင်း စောင့်ရင်း ကြာသွားတဲ့အခါ မြို့တော်ဝန်ထံကို စာပို့ပါတယ်။ သမီး အဖွားထံကို မသွားရတာ ရက်ကြာနေပါပြီ။ ဘာကြောင့်ဒီလောက်ကြာနေတာလဲလို့ သိလိုပါတယ်တဲ့။ မြို့တော်ဝန်က ၈ နှစ်သမီးလေးကို သူ့ရုံးခန်းကို ဖိတ်ခေါ်ပါတယ်။ ဘာတွေကြောင့် လမ်းပြင်နေတာ မပြီးနိုင်ဖြစ်နေတဲ့အကြောင်း၊ သမီးလေး အနှောင့်အယှက်ဖြစ်ရတဲ့အတွက် စိတ်မကောင်းပါကြောင်း ပြောပြပါတယ်တဲ့။ အံ့သြစရာကြီးနော်။
ဦးဇာဂနာပေးသွားတဲ့အိပ်မက်ကို ၂၀၁၃ အထိ ဆက်မက်နေရတုန်းပါပဲ။ ဘယ်တော့များမှ အိပ်မက်တွေအကောင်အထည်ပေါ်မှာပါလိမ့်။
လမ်းဖောက်တဲ့၊ လမ်းပြုပြင်တဲ့လုပ်ငန်းများဆိုတာ တကယ်တော့ အများပိုင်၊ အများဆိုင်လုပ်ငန်းတွေပါ။ လမ်းဆိုတဲ့အတိုင်း လမ်းသွား၊ လမ်းလာများရဲ့ အကျိုးစီးပွားကသာ နောက်ဆုံးပန်းတိုင်ပါ။ လမ်းဖောက်ကတည်းကိုက သွားလမ်းသာ၊ လာလမ်းဖြောင့်ဖို့ မဟုတ်ဘူးဆိုရင် ဘာကြောင့်အချိန်ကုန်ခံ၊ အပင်ပန်းခံမလဲ။ မြက်ရိုင်းတောထဲမှာ ကျေးလက်ဒေသလိုပဲ ဓါးရှည်တစ်ချောင်းနဲ့ ခုတ်ထွင်ရင်းသွားကြရုံပေါ့။
ပြီးခဲ့တာတွေပြန်မပြောကြေးဆိုလို့ ရွေးကောက်ပွဲမတိုင်မီ လမ်းတစ်ခြမ်းခင်းခဲ့တာတွေ၊ မြို့တော်ဝန်ဟောင်းရဲ့ ပိုင်ဆိုင်မှု မကြေငြာနိုင်တာတွေ၊ နောက်ဆုံးဘတ်ဂျက်ကို မြို့တော်ဝန်အသစ်လက်ထဲ မူးစေ့၊ ပဲစေ့သာချန်ထားခဲ့တာတွေကို အများပြောတဲ့ ကောလဟလအဖြစ်သာထားကြပါစို့ရဲ့။
မြို့တော်ဝန်သစ်ကြီးလက်ထက်မှာ မြို့တော်ကို အမှိုက်ပုံကပြန်ကောက်ပြုပြင်ဖို့ လုံးပမ်းရတယ်ဆိုတာကိုတော့ အသေအချာသိထားပါတယ်။ ဖုန်သုတ် သနပ်ခါးလူးရုံလောက်နဲ့ ရုပ်ထွက်မယ့်အဆင့်မှ မဟုတ်တော့တာပဲ။ ဖြစ်ချင်တာကလည်း စင်္ကာပူလိုဆိုလား။
မြို့တော်ဝန်ကြီးဟာ လူရှေ့ထွက် မျက်နှာပြပြနေတဲ့ ဟိုလူကြီးလိုမဟုတ်ပဲ နေ့တဓူဝ ကားတစ်စီးနဲ့ လမ်းမပေါ်မှာ အပင်ပန်းခံ ကိုယ်တိုင်လိုက်လံစစ်ဆေးတယ်လို့ အတွင်းသိများက ဆိုကြပါတယ်။ မြောက်ဥက္ကလာလမ်းမကြီး၊ သံသုမာလမ်းမကြီး၊ ဝေဇယန္တာလမ်းမကြီးအပါအ၀င် အကြီးစားပြင်ဆင်ရေးကြီးများကို နေ့ညမအားဆောင်ရွက်ပေးတာ ကျေးဇူးပါ။ မေးစရာရှိတာက ဒီလမ်းတွေကို ကွန်ကရစ်တွေချည်း ခင်းခဲ့တာ ကတ္တရာရှားပါးတာလည်း တစ်ကြောင်းပေါ့လေ။ ကတ္တရာခိုးရောင်းသူကို ဘိန်းဖြူမှောင်ခိုမှုနဲ့ တန်းတူအရေးယူမယ်ဆိုတာကိုး။ မြို့တော်ဝန်ကြီးကလည်း ဘိလပ်မြေစက်ကြီးပိုင်တယ်လို့ သိရပါတယ်။ ခင်းခဲ့တဲ့ ကွန်ကရစ်များရဲ့ ဘိလပ်မြေတင်ဒါကန်ထရိုက်ကို ဘယ်သူများ ဘယ်လိုများ ပေးသွင်းနေပါသလဲ။ ဒါတွေရဲ့ အရည်အသွေးနဲ့ စံချိန်ကို မှတ်ကျောက်အတင်ခံဝန့်ပါသလား။ အခွန်ထမ်းမြို့သားများကို ချပြဖို့ မြို့တော်ဝန်ကြီးမှာ တာဝန်ရှိပါတယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ယုံကြည်မှုအတွက် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်တာမို့ ခေတ်အဆက်ဆက် မရှိခဲ့ပေမယ့် အခုတော့ ရှိသင့်ရှိထိုက်တယ်ဆိုတာ လူထုအနေနဲ့ အခါခါသေဖူးလို့ ပျဉ်ဖိုးနားလည်လာကြပါပြီ။
ဒုတိယမေးခွန်းကတော့ ယခင်ရေကြီးရေ၀ပ်တဲ့ သိမ်ဖြူလမ်းနဲ့ ဝေဇယန္တာလမ်းကို ၂ နှစ်အတွင်းမှာ အကြီးအကျယ် မြှင့်တင်ပြုပြင်ပြီးတဲ့နောက် ဒီနေ့ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေကတော့ ဓါတ်ပုံပါအတိုင်းပါပဲ။ ဒါဟာ တစ်နေရာထဲမဟုတ်ပဲ နေရာအနှံ့ဖြစ်နေတာမို့ ဘာကြောင့်၊ ဘယ်လို၊ ဘယ်ပုံဖြေရှင်းပါမလဲ။
ရှေးရှေးကလုပ်သမျှကို နောက်လူအပေါ်ဖိထောင်းရာကျမှာစိုးလို့ မြို့တော်ဝန်အပြောင်းအလဲ နောက်ပိုင်းကိုသာ ထောက်ပြပါရစေ။ ဗိုလ်ချုပ်လမ်းမကြီးမှာ ပလက်ဖောင်းများကို ပထမအကြိမ်ပြုပြင်ပါတယ်။ နတ်လူသာဓုခေါ်တဲ့လုပ်ငန်းပါ။ အနှစ်နှစ်အလလ ကချော်ကချွတ်များပပျောက်ပြီး ချောမွေ့နေတာမို့ လမ်းလျှောက်သွားရတာကိုက အရသာတစ်ခုလိုပါ။ ညနေတိုင်းလမ်းလျှောက်ထွက်တတ်တဲ့ ကျွန်မတို့မိသားစုအတွက် စည်းစိမ်တစ်မျိုးပါပဲ။ မြို့တော်ဝန်သစ်ကြီးကို ကျေးဇူးတင်စွာနဲ့ မေတ္တာပို့သခဲ့ပါတယ်။ အနော်ရထာလမ်းမပေါ်က သစ်ခွဟိုတယ်ရဲ့ မျက်နှာချင်းဆိုင် မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့ ပလက်ဖောင်းဆိုရင် ကျောက်ပြားတွေခင်းလို့ ၀င်းဝင်းထနေလိုက်တာ။ အလှူရှင်ဟာ သစ်ခွဟိုတယ်ပိုင်ရှင်လို့ ပြောကြပါတယ်။ လူအများသွားလာတဲ့လမ်း၊ ဘုန်းကြီးကျောင်းရှေ့ကလမ်းကို သဒ္ဒါထက်သန်စွာလှူဒါန်းသူကို သာဓုအကြိမ်ကြိမ်ခေါ်မိပါရဲ့။
သိပ်တော့မကြာပါဘူး။ လပိုင်းအတွင်းမှာပဲ လုပ်ထားသမျှကို ထုရိုက်ဖဲ့ချိုးလို့ မြေတူးစက်တွေနဲ့တောင် တူးကော်ကြပါလေရော။ ဘယ်လိုများဖြစ်ရပြန်ပါလိမ့်လို့ စုံစမ်းကြည့်တော့ ကားရပ်ဖို့နေရာလုပ်ပေးမလို့ပါတဲ့။ လမ်းမပေါ်ရပ်ထားကြတဲ့အခါ လမ်းပိတ်ဆို့မှုတွေ အဖြစ်များတာပေါ့လေ။ ဒါဆိုရင်လည်း အစကတည်းက အစီအစဉ်တကျ ထည့်သွင်းစဉ်းစားလုပ်ကိုင်ကြရင် မကောင်းပါလား။ ကားဆိုတာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့နောက်ဆုံးပေါ်ပစ္စည်းမှ မဟုတ်တာပဲ။ ခဏခဏကုန်ရတဲ့ငွေတွေဆိုတာ ကြွက်တွင်းထဲကနှိုက်ယူလို့ ရတာလည်း မဟုတ်။ ကျိုးကြောင်းပြည့်စုံအောင် မတွက်တတ်တာလား၊ မတွက်ချင်တာလား။ ဒါမှမဟုတ် စီမံကိန်းများလေ အိတ်ထဲဝင်လေလို့များ သဘောထားကြလေရော့သလား။ မပြေးသော်လည်း ကံရာရှိပြီလေ။ ဒီထက်ဆိုးတာက အလှူရှင်များ အားရ၀မ်းသာလှူဒါန်းထားတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့က ကျောက်ပြားများကို ထုရိုက်ခြေပြီး ကွန်ကရစ်နဲ့ အစားထိုးလိုက်ခြင်းပါပဲ။ အလှူရှင်ကိုယ်စား နှမြောတသ သုံးကြိမ်ရွတ်ဆိုနေရုံမှတစ်ပါး အခြားမရှိပါ။
ဗိုလ်ချုပ်လမ်းမ ပလက်ဖောင်းများကို တစ်ပေကျော်အမြင့်အထိ မြှင့်တင်ပြီး လမ်းထိပ်ပိုင်းမှာ နိမ့်လျှောလေးတွေလုပ်ပေးထားပါတယ်။ လုပ်ခါစမှာ ချောကျိကျိဖြစ်နေလို့ ပြန်ဖျက်ပြီး ဆင်ခြေလျှောတွေမှာ ခြေချော်မလဲရလေအောင် ပြန်ပြင်ပါတယ်။ နောက်သစ်သားတန်းတွေထည့်ပါတယ်။ ပြီးတော့ပြန်ဖြုတ်ပါတယ်။ နောက်တစ်ခေါက်ဖျက်ပြီးပြန်ပြင်ပါတယ်။ အမှားဆိုတာ အမှန်အတွက်ခြေလှမ်းတွေလို့ဆိုကြပေမယ့် ခြေလှမ်းတွေများလွန်းတော့လည်း ပန်းတိုင်နဲ့ဝေးနေသလားပါပဲ။
လမ်းကိုအသုံးပြုသူများမှာ အသက်အရွယ်မရွေးပါဝင်တာကြောင့် ခြေထောက်မသန်မာတဲ့ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနဲ့ ကလေးများအတွက် ထည့်သွင်းစဉ်းစားပေးထားခြင်းမရှိတာ တွေ့ရပါတယ်။ လမ်းထိပ်ဆင်ခြေလျှောကတက်ရင် ပြသနာမရှိပေမယ့် လမ်းလယ်ကအတက်အဆင်းလုပ်တဲ့အခါ အတော်ကို ကသိကအောက်နိုင်လှပါတယ်။ ပြီးပြည့်စုံအောင်ကောင်းမွန်တဲ့ စီမံကိန်းဆိုတာ ကမ္ဘာပေါ်မှာ မရှိပေမယ့်လည်း ဒီလိုအသေးအဖွဲအချက်အလက်လေးများကို လျစ်လျူရှုခြင်းအားဖြင့် လုပ်ငန်းတစ်ခုလုံး အရာမထင်ဖြစ်တတ်တာကို သတိပြုစေလိုပါတယ်။
အခုလတ်တလောမှာလည်း မြို့လည်ခေါင်က ပန်းဆိုးတန်းလမ်းမရဲ့ ပလက်ဖောင်းများကို မြေလှန်တူးဖော်ထားပြန်တာမို့ လမ်းဘယ်လိုလျှောက်ရမယ်မှန်းကို မသိပါဘူး။ ကားလမ်းကလည်း နဂိုကမှ ကားတစ်စီးစာထက်မပိုအောင် ကျဉ်းမြောင်းနေပြီး ကားလမ်းမပေါ်ဆင်းလျှောက်ရတာ အန္တရာယ်များလှပါတယ်။ နိုင်ငံခြားသားတွေ အ၀င်အထွက်များလှတဲ့ ဟိုတယ်ကလည်း ရှိနေပြန်တာမို့ သူတို့တွေရဲ့အမြင်မှာ အတော်ကိုရုပ်ဆိုးပန်းဆိုးနိုင်မှာပဲလို့ မဆီမဆိုင်တွေးပူနေမိပါတယ်။ သည်းသည်းမဲမဲရွာနေတဲ့မိုးအောက်မှာ ရွှံ့ဗွက်တွေထနေပြီး ဒီအခြေအနေမျိုးမှာ ပြုပြင်မယ့် ပလက်ဖောင်းရဲ့ ကြံ့ခိုင်မှုနဲ့ တာရှည်ခံမှုတို့ကိုလည်း မေးခွန်းထုတ်စရာပါ။ တကယ်လို့များ ကိုယ်ပိုင်ငွေနဲ့သာဆိုရင် ဒီလိုအချိန်မှာ လုပ်ဖြစ်ပါ့မလား၊ လုပ်သင့်ပါ့မလား။
မဏ္ဍပ်တိုင်တက်ပြရရင် ကိုယ့်အိမ်ရှေ့ကလမ်းကို ကိုယ်ထူကိုယ်ထ အိမ်နီးချင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ရပ်ကွက်လူကြီးကိုယ်တိုင် စနစ်တကျကြီးကြပ်ခဲ့တာမို့ ကတ္တရာခင်းလမ်းဟာ ၁၀ နှစ်ကြာပေမယ့်လည်း မပျက်မစီးရှိဆဲပါ။ ထိန်းသိမ်းပံ့ပိုးရတာလည်း နည်းပါးပါတယ်။ ရန်ကုန်မြို့သူ မြို့သားတွေအနေနဲ့ ကိုယ်ထူကိုယ်ထလမ်းနဲ့ ကင်းနိုင်သူရှားလိမ့်မယ်ထင်ပါတယ်။ သပ်ရပ်ကောင်းမွန်တဲ့လမ်းကိုကြည့်ပြီး လမ်းအတွင်းမှာနေထိုင်ကြသူများရဲ့ အဆင့်အတန်းကို လမ်းကပြဆိုနေတာလည်း မကြာခဏကြုံရပါတယ်။ စာရွက်ပေါ်မှာ စည်ပင်သာယာပိုင်နက်လို့ ခေါင်းစဉ်တပ်ပေမယ့် ဒါဟာ အများပိုင်ပါ။ အများဆိုင်ပါ။ အများအတွက် ရှေးရှု ဂရုပြုဖို့လိုအပ်ပါတယ်။
မိုးတွင်းမှာတော့ ထုံးစံအတိုင်း ဘတ်စကားမှတ်တိုင်နေရာများမှာ လမ်းတွေအများဆုံးပျက်စီးတတ်ပါတယ်။ အုတ်၊ သဲ၊ ကျောက်နဲ့ ကုန်တင်ကားများ ဖြတ်သန်းသွားလာမှုများတဲ့နေရာတွေမှာလည်း ချိုင့်ခွက်တွေပြည့်နေတတ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့အတွက်ဆို ကတ္တရာကိုသာပြန်လည်အသုံးပြုရတာမို့ ကုန်ကျစားရိတ်လည်း များပြားပါတယ်။ မိုးသည်းသည်းထဲမှာ အပေါ်ယံဖာထေးလိုက်တဲ့ ကတ္တရာပါးပါးဟာ တစ်ပတ်တောင်မခံတတ်ပါဘူး။ ပြန်ပျက် ပြန်ဖာနဲ့ ပျက်အစဉ်ပြင်ခဏကို သရုပ်ပြကြတာ နှစ်စဉ်နှစ်တိုင်းပါ။ ဘယ်အခါများမှ ဒီအလေ့ကို ပြုပြင်မယ်တော့ မသိပါဘူး။ ကပ်စေးနဲတတ်သူမို့ လမ်းမပေါ်မှာဖွာထွက်နေတဲ့ ကတ္တရာပေနေဆဲကျောက်စရစ်ခဲတွေကို မြင်ရတိုင်း ငါတို့ပိုက်ဆံတွေလို့ နှမြောနေမိပါတယ်။ မကုန်သင့်တာ မကုန်ရလေအောင် သုံးစွဲဖို့ မြို့တော်စည်ပင်သာယာရဲ့ အကျင့်ဟောင်းတွေကို ပြင်သင့်နေပါပြီ။
လမ်းပြင်တဲ့အခါများမှာလည်း ရုံးတက်၊ရုံးဆင်း ကားရှူပ်ချိန်မှာမှ ဆိုင်းဘုတ်ထောင် လမ်းပိတ်ပြင်တတ်တာမျိုးကိုလည်း မကြာခဏကြုံရပါတယ်။ ဘတ်စကားတွေပေါ်မှာ တစ်လိမ့်ချင်းနာရီနဲ့ချီ စောင့်ဆိုင်းနေရတဲ့ လူထုကို မညှာမတာ လုပ်ချင်တာတွေကို လုပ်ချင်သလိုလုပ်မယ်လို့ ဆုံးဖြတ်ထားပုံပါပဲ။ အခုနောက်ပိုင်းမှာတော့ လမ်းပြုပြင်နေပါသဖြင့် အဆင်မပြေမှုများကို သည်းခံကြပါရန်လို့ စာကပ်ထားတာကို ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ်တွေ့ရပါတယ်။ စာလုံးဝ မရှိတာထက်စာရင် ပိုကောင်းလာတယ်ဆိုရပါမယ်။ နှစ်ပေါင်းများစွာသည်းခံလာတဲ့လူထုအတွက် မနက်တစ်ကြိမ် ညတစ်ကြိမ် ခန္တီပါရမီဖြည့်တယ်လို့ သဘောထားကြရမှာပေါ့လေ။
ရန်ကုန်မြို့ရဲ့ Town plan ဟာ လူလေးသိန်းလောက်အတွက်သာ ရည်ရွယ်ပြီး ဗြိတိသျှအစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တာလို့ သိရပါတယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးမှာမှ လူဦးရေကလည်း သန်း ၂၀ လောက်သာကိုး။ လက်ရှိ ရန်ကုန်မြို့လူဦးရေဟာ ၅ သန်းကျော်ရှိနေပြီး နောင် ၁၀ နှစ်အတွင်းမှာ လူဦးရေ ၁၀သန်းကျော်ရှိမယ့် ကမ္ဘာပေါ်က Mega city တွေမှာ အပါအ၀င်ဖြစ်တော့မယ်လို့ ဒေါက်တာကျော်လတ်ရဲ့ မြို့ပြစီမံကိန်းဆောင်းပါးမှာ ဖတ်ရပါတယ်။ ဒီလိုပုံနဲ့ ခက်များ ခက်ရချည်သေးရဲ့။
ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီးအာနိုးဟာ ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းကို ရပ်စဲလိုက်တဲ့အခါ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ ငွေအတွက်မဟုတ်ပဲ ဂုဏ်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်မင်းသားမို့ အရွေးခံရသလိုလို အားမနာပ ပြောကြပေမယ့်လည်း ဒုတိယအကြိမ် တင်မြှောက်ခံရပါသေးတယ်။ ဒီလို လူကြိုက်များဖို့ဆိုတာ တကယ်အလုပ်လုပ်နိုင်သူမို့သာပါပဲ။
ကျွန်မတို့ရဲ့ ရန်ကုန်မြို့မှာလည်း မြို့တော်ဝန်ရွေးကောက်ပွဲတွေသာကျင်းပနိုင်မယ်ဆိုရင် မင်းသားကြီးဦးကျော်သူလို ပုဂ္ဂိုလ်မျိုးတွေကို မြို့နေလူထုက တစ်ခဲနက်ထောက်ခံနိုင်တာပေါ့လေ။ အာဏာဟာ လူထုလက်ထဲက စီးဆင်းမှသာ လမ်းသွားလမ်းလာတွေကို အလုပ်ရှင်လိုသဘောထားမယ့် မြို့တော်စည်ပင်ဝန်ထမ်းများကို ရနိုင်ပါမယ်။ လူထုကိုယုံကြည်ပြီး လူထုကလည်း ယုံကြည်တဲ့လူတန်းစားတွေသာ ဦးဆောင်မယ်ဆိုရင် စင်္ကာပူလောက်တော့ အေးဆေးပါ။ လခစားဝန်ထမ်းဆိုပေမယ့်လည်း အများနဲ့ဆိုင်တဲ့လုပ်ငန်းများမှာ အများအတွက်ကို ဦးစားပေးမယ့် ပရဟိတခေါင်းဆောင်တွေ လိုအပ်နေတာမို့ မြို့နေလူထုစိတ်ကြိုက် ရွေးကောက်တင်မြှောက်ခွင့် ရလိုပါကြောင်း။