Thursday, August 8, 2013

မီးရထားလမ်း ဖြတ်သန်း သွားလာနေစဉ် မောင်းလက်တံဂိတ်လေး ပိတ်ပေးစေချင်

,
မုံရွာ  သြဂုတ်  ၇
မီးရထားကြီးများ ခုတ်မောင်းသွား လာနေစဉ် လမ်းဖြတ်ကူးသူများ၏ စည်းကမ်းမဲ့မှုကြောင့် လူသေဆုံးရသော ဖြစ်စဉ် သတင်းများကို သတင်းစာစောင် များနှင့်  ဂျာနယ်များတွင် မကြာခဏ ရေးသား ဖော်ပြလေ့ ရှိသော်လည်း မုံရွာမြို့ သာစည်လမ်း မီးပွိုင့်အနီးရှိ  သာစည်လမ်းရထား လမ်းကူးဂိတ်တွင် မီးရထား ဖြတ်သန်း သွားလာနေစဉ်
မောင်းလက်တံ ဂိတ်ကြီးကို ပိတ်ပေးထားခြင်း မရှိသည့်အတွက် မတော်တဆမှုများ ဖြစ်ပွားနိုင်ကြောင်း သာစည်မြို့ခံ တစ် ဦးက ပြောကြားခဲ့သည်။
''ရထားလမ်း မောင်းလက်တံဂိတ်ကလည်း ပိတ်မပေးထားသလို မီးပွိုင့် ဘက်ကလည်း မီးနီပြပေး မထားဘူး။ အဲဒီတော့ ခရီးသွား ယာဉ်တွေက သူ့ထက်ငါ လမ်းဖြတ်ကူးနိုင်ဖို့ ကြိုးစားရင်းနဲ့ မတော်တဆမှုတွေ ဖြစ်ပွားရတာပါ။ မီးရထားလာတဲ့ အချိန်မှာတော့ သက်ဆိုင်ရာ ဘက်က လည်း မောင်းလက်တံဂိတ်ကို ပိတ်ပေးထား စေချင်ပါတယ်။
မီးပွိုင့်ဘက်ကလည်း လမ်းဖြတ်ကူးမှု မရှိစေရန်   မီးနီ ပြပေးထား စေချင်ပါတယ်။  ခရီးသွားတွေ အနေနဲ့လည်း စည်းကမ်းရှိရှိ လမ်းစည်းကမ်းကို လိုက်နာ စေချင်ပါတယ်'' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
သာစည် လမ်းမကြီးသည် မုံရွာမြို့နယ်၏ အရှေ့ဘက် ကျေးလက်ဒေသ များသို့ ဆက်သွယ် ဖောက်လုပ်ထားသည့် လမ်းမကြီးဖြစ်ရာ ကျောင်းသွား ၊ ကျောင်းလာသူများ၊ ဈေးသွားဈေးလာများဖြင့် အထူးစည်ကားလျက် ရှိသည်။ ယင်းသာစည် လမ်းမကြီးပေါ်တွင် တောင်မှမြောက်သို့  ကန့်လန့်ဖြတ် ဖောက်လုပ်ထားသည့် မီးရထား လမ်းကြီး ပေါ်တွင်လည်း နေ့စဉ် မုံရွာ-ခင်ဦး ခရီးသည်တင် လော်ကယ်ရထားနှင့် မြို့ပတ်ရထား များ ဖြတ်သန်း သွားလာလျက် ရှိသည်။
အဆိုပါ သာစည်လမ်းဖြတ် မီးရထား မောင်းလက်တံ ဂိတ်ကြီး အနီးတွင် ယမန်နှစ်က အထက်တန်း ကျောင်းသူတစ်ဦး မီးရထားနှင့် မတော်တဆ ဖြစ်ပွားခဲ့ရာ ကိုယ်ခန္ဓာ အစိတ်အပိုင်း အချို့ ဖြတ်တောက် ကုသခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။

0 comments to “မီးရထားလမ်း ဖြတ်သန်း သွားလာနေစဉ် မောင်းလက်တံဂိတ်လေး ပိတ်ပေးစေချင် ”

Post a Comment