Monday, August 26, 2013

လူမှုအဖွဲ့အစည်းများ မှတ်ပုံတင်ရရှိရေး ခက်ခဲပါက ၀န်ကြီးဌာနသုံးခုသို့ ဆက်သွယ်ရန်နှင့် ၀န်ကြီးများကိုယ်တိုင် ဖြေရှင်ပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား

,
8.1.1
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
လူမှုအဖွဲ့အစည်းများ မှတ်ပုံတင် ရရှိရေး အခက်အခဲဖြစ်ပါက ၀န်ကြီးဌာနသုံးခုသို့ ဆက်သွယ်ရန်နှင့် ၀န်ကြီးများကိုယ်တိုင် ဖြေရှင်းပေးမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုသိန်းက ပြောကြားသည်။
သြဂုတ် ၂၅ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ကျေးလက်ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးဂျွန်ဇက်ဝင်းနိုင်ဦး၏ တင်ပြဆွေးနွေမှုအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဂျွန်ဇက်ဝင်းနိုင်ဦးက ''ကျေးလက်ဖွံ့ဖြိုးရေးလုပ်ဖို့ ကျွန်တော်တို့မှာ ဘာအခက်အခဲ ရှိလဲဆိုတော့ ပြည်တွင်းမှာ NGO တွေ မှတ်ပုံတင်လျှောက်တာ အရမ်းခက်တယ်။ ကျွန်တော်တို့ဆိုရင် လုပ်လာတာ ၂၀၀၄ ကတည်းက မှတ်ပုံတင်လျှောက်တာ အခုထိမကျသေးဘူး။ မနှစ်ကလျောက်တာ တစ်နှစ်ခွဲရှိသွားပြီ။ အခုထိမကျသေးဘူး။ ကျွန်တော့်အနေနဲ့ ဒီမှာရှိတဲ့ဝန်ကြီးတွေရော မိတ်ဆွေတွေကိုရော ပြောချင်တာက ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချမှုကို သွားချင်ရင် လိုအပ်တဲ့မှတ်ပုံတင်ကို INGO တွေရော LNGO တွေရော ပေးစရာရှိတာ ပေးလိုက်ပါ။ ကျွန်တော်တို့က သူခိုးဓားပြတွေလည်း မဟုတ်ပါဘူး။ အခုမှတ်ပုံတင်မရှိတော့ ကျွန်တော်တို့အနေနဲ့ ရန်ပုံငွေ ရှာရတာခက်ပါတယ်'' ဟု တင်ပြ ဆွေးနွေးခဲ့သည်။
ဦးဂျွန်ဇက်ဝင်းနိုင်ဦး၏ တင်ပြချက်ကို ၀န်ကြီးဦးစိုးသိန်းက ပြန်လည်ဖြေကြားရာ '' ဒီမှတ်ပုံတင်ခြင်း ကိစ္စဟာ အလွန့်အလွန် အရေးကြီးမှန်း ကျွန်တော်တို့ နားလည်ပါတယ်။ စောစောကပြောတဲ့ လုပ်ငန်းလေးတွေ မြန်သထက်မြန်အောင် ကြိုးစားပေးပါမယ်လို့ ပြောကြားလိုပါတယ်။ ကြာမယ်ဆိုရင် ကျွန်တော့်ဝန်ကြီး ဌာနရှိပါတယ်။ ဦးအောင်မင်းရှိပါတယ်။ ဦးတင်နိုင်သိန်း ရှိပါတယ်။ ဒီဝန်ကြီးဌာနသုံးခုကို ဆက်သွယ်ပါ။ ဘယ်တုန်းက တင်ထားတယ်ဆို တာကိုပြောပါ။ ကျွန်တော်တို့ကိုယ်တိုင် ဖြေရှင်းပေးပါမယ်'' ဟု ပြန် လည်ဖြေကြားသည်။
''အခု အစည်းအဝေး ခေါ်တာကပဲ NGO တွေ INGO တွေရဲ့အားကို လိုချင်လွန်းလို့ ခေါ်တာ။ခင်ဗျားတို့အားနဲ့ Move လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းနားလည်တယ်။ ကျွန်တော်တို့ အားနဲ့ Move လုပ်လို့မရဘူး။ တက်ရောက်လာကြတဲ့ လူမှုအဖွဲ့အစည်းတွေ အားမငယ်ကြပါနဲ့။ အားငယ်သွားရင် တိုင်းပြည်တိုးတက်ဖို့အားလျော့သွားမယ်။ အခက်အခဲတွေက တွေ့ဦးမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားတယ်။ ဒီအခက်အခဲတွေကို ကျွန်တော်တို့ ၀ိုင်းဖြေရှင်းပေးမယ်လို့ တင်ပြလိုပါတယ်'' ဟု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

0 comments to “လူမှုအဖွဲ့အစည်းများ မှတ်ပုံတင်ရရှိရေး ခက်ခဲပါက ၀န်ကြီးဌာနသုံးခုသို့ ဆက်သွယ်ရန်နှင့် ၀န်ကြီးများကိုယ်တိုင် ဖြေရှင်ပေးမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား”

Post a Comment