Sunday, August 11, 2013

KIA တပ်ဖွဲ့ဝင် အများအပြားထွက်ပြေးရန် ကြံစဉ်လျက်ရှိ

,


ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ လှုပ်ရှားနေသော ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှ တပ်ဖွဲ့ဝင်များမှာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် သြဂုတ်လ ပထမပတ်မှစ၍ အလင်းဝင်ရောက် လိုသူများပြားလာကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

“ ဒီ ဇန်နောင်ယန် ရွာတစ်ဝိုက်မှာလည်း လှုပ်ရှားနေတဲ့ ကချင် လွတ်မြောက် ရေးတပ်ဖွဲ့ဝင်တွေရှိတယ်၊ ရွာထဲကို တော့ မကြာခဏလာတတ်တယ်၊ သူတို့တွေလည်း အမြဲတမ်းညည်းပြနေကြတာပဲ၊ သူတို့ကို အထက်က ဆန်နဲ့ ဆားပဲ ထုတ်ပေးတော့ စားဝတ်နေရေး ဘယ်အဆင်ပြေမလဲ ” ဟု ဇန်နောင်ယန်ရွာသား တစ်ဦးဆီမှ သိရသည်။

ချီဖွေမြို့ခံတစ်ဦးက “ ဒီချီဖွေမြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေကြတာပဲ၊ ဇန်နောင်ယန်၊ မျောမောပါ၊ လောခေါင်၊ မန်တုံ ရွာတွေတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့ဝင်တွေဆိုရင် ဆန်နဲ့ ဆီပဲ ရတော့ စားဝတ်နေရေးဘယ်အဆင်ပြေမလဲ၊ အဲဒီလိုအစား စားသောက်အနေအထိုင် ဆင်းရဲချို့တဲ့လာတဲ့ ဒဏ်ကို မခံနိုင်တော့ဘူးနဲ့တူပါတယ်၊ မကြာခဏ အလင်းဝင်နေကြတာပဲ၊ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေလည်း အလင်းဝင်ဖို့ လုပ်နေကြတယ်လို့ သတင်းကြားနေရတာပဲ ” ဟု ပြောပြခဲ့သည်။

အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတစ်ဝိုက်၌ လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များမှာ ဆန်နှင့်ဆီ ကိုသာရရှိပြီး ၆ လကြာမှ တစ်ကြိမ် လစာငွေသဘောမျိုးပေးသဖြင့် စားဝတ်နေရေး အဆင်မပြေကြကြောင်း၊ နေထိုင်ရေးမှာလည်း မိုးမလုံလေမလုံတဲအိမ်လေးများ၌ နေရသောကြောင့် ဆင်းရဲချို့တဲ့သလို ခံစားနေရ ကြောင်း၊ အချို့တပ်ဖွဲ့ဝင်များမှာ မကြာခဏအလင်းဝင်ရောက်နေသောကြောင့် ကျန်တပ်ဖွဲ့ဝင်များကလည်း အလင်းဝင်ရောက်လိုစိတ်များဖြစ်ပေါ်နေကြောင်း ၎င်း KIA အဖွဲ့နှင့် နီးစပ်သော ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော် KDN

0 comments to “KIA တပ်ဖွဲ့ဝင် အများအပြားထွက်ပြေးရန် ကြံစဉ်လျက်ရှိ ”

Post a Comment