Tuesday, August 13, 2013

ရန်ကုန်နှင့် နေပြည်တော်ဘောလုံးပွဲ ဆိုးသွမ်းပရိသတ် ၁၂ ဦးကို ဖမ်းဆီးအရေးယူ

,
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့ သည့် ရန်ကုန်နှင့် နေပြည်တော် မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပြိုင်ပွဲတွင် အားကစားကွင်းတွင်း ရှိထိုင်ခုံ များကို ဖျက်ဆီးခဲ့သည့် ဆိုးသွမ်း ပရိသတ် ၁၂ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက် ရေး အက်ဥပဒေ ပုဒ်မ ၆-၁ ဖြင့် အရေးယူ မည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ ရဲစခန်းမှ ရဲအုပ် နေမျိုးသူရိန် က ပြောကြားသည်။
အဆိုပါပြိုင်ပွဲ၌ ဆိုးသွမ်းပရိသတ်များ၏ ဒေါသတကြီးဖျက်ဆီးမှုကြောင့် ထိုင်ခုံ ၁၅၀ ကျော် ပျက်စီးခဲ့သည့် အတွက် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက တရားလိုပြု တိုင်ကြားခဲ့သည်။ထို့ကြောင့် သံသယရှိသူများကို သြဂုတ်လ ၈ ရက်နေ့က စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲအုပ် နေမျိုးသူရိန်ကပင် ပြောကြားခဲ့သည်။
ပရိသတ် သုံးသောင်းဆံ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ နေပြည်တော် ပရိသတ် နှစ်သောင်းခန့်နှင့် ရန်ကုန် ပရိသတ် နှစ်ထောင်ကျော် လာရောက် ကြည့်ရှုရာ ပွဲကစားနေစဉ်အတွင်း ကစားသမားများ၏ ပရော်ဖက်ရှင်နယ်မပီသမှုနှင့် ဆိုးသွမ်း ပရိသတ် များက ကွင်းလယ်ဒိုင်နှင့် ကစားသမားများကို ရန်ပြုရာမှ ကွင်းအတွင်းရှိ ပြည်သူပိုင်ထိုင်ခုံများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပရိသတ်များအပြင် နှစ်ဖက်အသင်း တာဝန်ရှိသူများပါ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ပါဝင်ခဲ့သူ များကို အရေးယူမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြား သည်။
အဆိုပါဘောလုံးပွဲတွင် လုံခြုံရေး အားနည်းမှုများ ရှိသည်ဟု ဝေဖန်ခံခဲ့ရသော်လည်း Facebook စာမျက်နှာ တွင်မူ ဘောလုံးပွဲလေးတစ်ပွဲအတွက် လုံခြုံရေးအင်အား အများကြီး အသုံးပြုနေရမည်ဆိုလျှင် အဆိုပါ ပရိသတ် အဆိုပါလူမျိုးရဲ့ အဆင့်အတန်းကို ဖော်ပြရာရောက်သည်ဟု မိမိလူမျိုးများ ဒီမိုကရေစီနှင့် မထိုက် တန်သေးဟု ပြန်လည်တုန့်ပြန် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
နိုင်ငံသစ်

0 comments to “ရန်ကုန်နှင့် နေပြည်တော်ဘောလုံးပွဲ ဆိုးသွမ်းပရိသတ် ၁၂ ဦးကို ဖမ်းဆီးအရေးယူ”

Post a Comment