Thursday, August 15, 2013

မန္တလေး ဆေးရုံကြီးရှိ ပေါင် ၃၆၀ ခန့် ဝသည့် အမျိုးသမီးလူနာ အလှူရှင် လိုအပ်

,


မန္တလေး၊ သြဂုတ် ၁၃

မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အဝလွန်ပြီး အသက်ရှူကျပ်သည့် ဝေဒနာဖြင့် လာရောက် ကုသနေသည့် လူနာ အမျိုးသမီးသည် ဆေးကုသ စရိတ်အတွက် အလှူရှင်များ လိုအပ်လျက် ရှိကြောင်း အဆိုပါ အဝလွန်နေသူ ဒေါ်ခင်ရှိန်၏ ညီမအရင်း ဖြစ်သူက The Voice သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ၁၉ ရက်ကြာ ဆေးစစ်ဆေးမှုများ ပြုလုပ်နေ သော်လည်း ထူးခြားမှု မရှိသေးကြောင်း ၁၈ ရက်တိတိ အောက်ဆီဂျင် ပေးနေရကြောင်း ညီမဖြစ်သူ ဒေါ်မာရွှေက ပြောကြားသည်။

“ဘာဖြစ်တာမှန်း မသိရသေးဘူး။ သွေးစစ်၊ ဆီးစစ်တာတွေတော့ လုပ်နေတယ်။ ရောဂါက ရှာဖွေနေ တုန်းပဲ ရှိသေးတယ်။ အောက်ဆီဂျင်က အရင်တုန်းက ဆေးရုံကနေ ယူရတာ။ တစ်လုံးကို ၃၀၀၀ ပေးရတယ်။ တစ်ရက်ကို လေးလုံး ရှူရတယ်။ နောက် ပုလဲ ပရဟိတကနေ သွားယူနေ ရတာ။ ငွေက ကုန်ကျတယ်။ ကူညီပေးမယ့်သူ ရှိရင်တော့ အန်တီတို့အတွက် အဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။

၎င်းကို ဝက်အသားတိုးဆေး ထိုးရာမှ အဝလွန်သွားခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်း သည် မမှန်ကြောင်း၊ လွန်ခဲ့သည့် သုံးနှစ် ကာလတွင် ကျန်းမာရေး မကောင်းသည့်အတွက် ငှက်ဖျားရောဂါ ကာကွယ်ဆေး ထိုးခဲ့ရာမှ တဖြည်းဖြည်း အဝလွန်လာခြင်း သာ ဖြစ်ကြောင်း ဒေါ်ခင်ရှိန်က The Voice သို့ ပြောကြားသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ရွာသစ်ကုန်း ကျေးရွာ တွင် နေထိုင်သူ ဒေါ်ခင်ရှိန်၊ ၄၅ နှစ်သည် လွန်ခဲ့သည့် သုံးနှစ်က ကိုယ်အလေးချိန် ၁၀၉ ပေါင်ခန့်သာ ရှိပြီး၊ ဆေးထိုးရာမှ အနာပေါက်ခြင်း များ ဖြစ်လာကာ ရက် ၂၀ အတွင်းတွင် အသက်ရှူ ကျပ်လာခြင်းကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် တက်ရောက် ကုသခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ခင်ရှိန်က ထပ်မံ ပြောကြားသည်။

“ဆရာဝန် အနေနဲ့ လူနာရဲ့ ရောဂါအခြေအနေ အကြောင်းကို ပြောပိုင်ခွင့် မရှိဘူး။ လိုအပ်တဲ့ ဆေးကုသမှုတွေတော့ လုပ်နေတယ်” ဟု ဒေါ်ခင်ရှိန်ကို တာဝန်ယူ ကုသနေသည့် ဆရာဝန်ကြီးက ပြောကြားသည်။

အရပ် ၅ ပေ ၅ လက်မ ရှိသူများအတွက် ရှိသင့်သည့် သတ်မှတ် အလေးချိန် သည် ပုံမှန်အားဖြင့် ၁၁၄ ပေါင်မှ ၁၄၄ ပေါင် ဝန်းကျင် ဖြစ်ပြီး ပေါင် ၁၅၀မှ ၁၇၄ ပေါင်ဆိုလျှင် အနည်းငယ် ဝခြင်း၊ ပေါင် ၁၈၀မှ ၂၃၄ ပေါင်ဆိုလျှင် အဝလွန်ခြင်းနှင့် ပေါင် ၂၄၀ မှ ၃၂၄ ပေါင်ဆိုလျှင် အလွန်အမင်း အဝလွန်ခြင်း အဆင့်အဖြစ် သတ်မှတ်ထားသည်။

From __ The Voice

0 comments to “မန္တလေး ဆေးရုံကြီးရှိ ပေါင် ၃၆၀ ခန့် ဝသည့် အမျိုးသမီးလူနာ အလှူရှင် လိုအပ်”

Post a Comment