Tuesday, August 20, 2013

တောင်ငူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်လဲကျသဖြင့် လူနေအိမ်နှစ်လုံး ပျက်စီးကာ တစ်ဦးထိခိုက် ဒဏ်ရာရ

,
X-19-8
လူနေအိမ်ပေါ် လဲကျသွားသော သစ်ပင်အား ခုတ်ထွင်ရှင်းလင်း နေသည်ကို သြဂုတ် ၁၈ ရက် နံနက်ပိုင်းက တွေ့ရစဉ်
သြဂုတ် ၁၇ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် တောင်ငူမြို့၊ ကျွန်းကုန်းကျေးရွာ၌ မိုးများသည်းထန်စွာ ရွာသွန်းပြီးနှစ် ၂၀ ခန့်ရှိ ပိုးမဲဇာပင် အမြစ်မှ ကျွတ်လဲကျသဖြင့် လူနေအိမ်နှစ်လုံး ပျက်စီးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"သစ်ပင်လဲကျတဲ့ အချိန်မှာ ကျွန်တော်က အိမ်ရှေ့တန်းလျားမှာ တုံးလုံးလှဲနေတာ၊ သစ်ကိုင်းက ကျွန်တော့်မျက်နှာကို လာရိုက်မိတော့မှ သစ်ပင်ကြီး လဲကျမှန်းသိတာ ဆေးရုံတင်လိုက်ရတဲ့ ကျွန်တော့်သမီး ကျောင်းဆရာမက အိမ်ထဲမှာ တီဗီကြည့်နေတာ သူ့အပေါ်ကို တည့်တည့်ပိတာပဲ။ ဒီသစ်ပင်ကြီး အိမ်တွေပေါ်ကို ယိုင်နေပြီး အန္တရာယ်ရှိမှန်းသိလို့ တူရဲ့စက်ရုံပိုင်ရှင်ကို ပြောပြတာလည်း ငါးကြိမ်လောက်ရှိပြီ၊ စည်ပင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆီကိုလည်း မိုးရာသီ မကျခင်ကတည်းက ဓာတ်ပုံနဲ့ တိုင်ကြားစာ ပို့ထားသေးတယ်။ လောလောဆယ် အိမ်ပြိုထားတော့ သူငယ်ချင်းအိမ်မှာ သွားအိပ်နေရပါတယ်" ဟု သစ်ပင်ပိသဖြင့် နေအိမ်ပြိုကျပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင် ဦးတင်ရွှေက ဆိုသည်။
အဆိုပါ သစ်ပင်သည် ကျွန်းကုန်းကျေးရွာမြောက်ပိုင်း ၀ါးတူစက်ရုံ ခြံဝင်းအတွင်းမှ ရပ်ကွက်လူနေအိမ်များဘက်သို့ ယိမ်းယိုင်ပေါက်နေသော နှစ် ၂၀ ခန့် သက်တမ်းရှိ ပိုးမဲဇာပင်ဖြစ်ပြီး ၎င်းသစ်ပင် ပြိုလဲကျရာမှ ဦးတင်ရွှေ၏ ၃ ပင်၊ ၄ ပင် ဓနိမိုးထရံကာ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးသွားခဲ့ပြီး အိမ်နီးချင်း ဦးသံချောင်း၏ ၃ ပင်၊ ၄ ပင် ဓနိမိုးထရံကာအိမ်မှ နေအိမ်မီးဖိုချောင်ဘက်ခြမ်း ပျက်စီးဆုံးရှုံး သွားခဲ့သည့်အပြင်၊ တောင်ငူမြို့နယ်၊ ကျွဲပွဲမူလွန်ပြ ဆရာမ မလွင်လွင်ထွန်း (၂၁) နှစ်ခါးနှင့် တင်ပဆုံတို့တွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့် တုံးလုံးဆန့်နိုင်သည့် အနေအထား မရှိသေးဘဲ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရှိရသည်။

0 comments to “တောင်ငူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်လဲကျသဖြင့် လူနေအိမ်နှစ်လုံး ပျက်စီးကာ တစ်ဦးထိခိုက် ဒဏ်ရာရ”

Post a Comment