Tuesday, August 20, 2013

ကူးစက်မဟုတ်သော ရောဂါများ မှတ်တမ်း ဗီဒီယိုခွေ တစ်သောင်း အခမဲ့ ဖြန့်ဝေမည်

,


ရန်ကုန်၊ သြဂုတ်၁၉

မြန်မာနိုင်ငံတွင် ကူးစက်ခြင်းကြောင့် မဟုတ်ဘဲ အဖြစ်များလျက် ရှိသော သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အဆုတ်ကင်ဆာ ရောဂါကဲ့သို့ ရောဂါများ ကို ဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ ရောဂါ မဖြစ်အောင် ရှောင်ကြဉ် ရမည့် အချက်များကို အနုပညာရှင်များနှင့် ရိုက်ကူးထားသည့် ကူးစက် မဟုတ်သော ရောဂါများ အမည်ရှိ မှတ်တမ်း ဗီဒီယိုခွေ တစ်သောင်းကို အများပြည်သူသို့ အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ယင်းမှတ်တမ်း ဗီဒီယို ကို ရိုက်ကူးသည့် ဒါရိုက်တာ စင်ရော် မောင်မောင်က The Voice သို့ ပြော သည်။

“ဒီခွေ ရိုက်ဖြစ်အောင် အဓိက စီစဉ်တာက ဆေးတက္ကသိုလ် (၂) က ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က စီစဉ်တာပါ။ ဒီမှတ်တမ်း ဗီဒီယိုခွေမှာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၊ ချစ်သုဝေ၊ နန်းဆုရတီစိုးတို့က ဒီရောဂါတွေရဲ့ လက္ခဏာ၊ ရောဂါ မဖြစ်အောင် ရှောင်ရမယ့် အချက်တွေကို စကားပြောပေးထားတယ်။ ကျွန်တော်အခု ဒီခွေကို နည်းနည်းလေး ထပ်ဖြည့် ထည့်နေတယ်။ ပြီးတာနဲ့ ခွေ တစ်သောင်းကို ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ ဂေဟာတွေ၊ အထက်တန်းကျောင်းတွေနဲ့၊ NGO အဖွဲ့အစည်းတွေကို လှူမယ်” ဟု မှတ်တမ်း ဗီဒီယိုခွေများကို လှူဒါန်းမည့် နေရာများနှင့် ပတ်သက်၍ ၎င်းက ထပ်လောင်း ပြောကြားသည်။

ကူးစက်မဟုတ်သော ရောဂါများကြောင့် မြန်မာနိုင်ငံတွင် လူသေဆုံးမှု နှုန်း မှာ ၆၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သည့်အတွက် စိုးရိမ်ရသည့် အခြေအနေ သို့ ရောက်နေပြီ ဖြစ်ကြောင်း၊ ယခုမှတ်တမ်း ဗီဒီယိုခွေတွင် ပါဝင်သည့် ရောဂါ မဖြစ်ပွားအောင် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိပြီး ပါကလည်း သိရုံနဲ့တင် ရပ်မနေဘဲ လိုက်နာ ကျင့်သုံး ကြစေချင်ကြောင်း၊ ယင်း မှတ်တမ်း ဗီဒီယိုတွင် နောက်ခံစကား ပြောပေးထား သည့် သရုပ်ဆောင်၊ ဒေါက်တာ ချစ်သုဝေက ပြောကြားသည်။

0 comments to “ကူးစက်မဟုတ်သော ရောဂါများ မှတ်တမ်း ဗီဒီယိုခွေ တစ်သောင်း အခမဲ့ ဖြန့်ဝေမည်”

Post a Comment