Wednesday, August 14, 2013

ရန်ကုန်-မန္တလေးလမ်းအတွက် ဂျပန်နိုင်ငံမှ ချေးငွေထောက်ပံ့မည်ဖြစ်ပြီး ရထားလမ်းအများစု အဆင့်မြှင့် တည်ဆောက်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ

,
O-14-8
ရန်ကုန်မြို့ရှိ ရထားဘူတာရုံ တစ်ရုံအား တွေ့ရစဉ်
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်-မန္တလေး လမ်းပိုင်းအပါအ၀င် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စသည့်ရထားလမ်း အများစု၏ ရထားသံလမ်းများ ဂဟေဆက်ခြင်းနှင့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် တင်ဒါခေါ်ယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-ပြည်၊ ပဲခူး-မုတ္တမ-မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းများတွင် ရထားသံလမ်း ဂဟေဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-ပုသိမ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွင်း လေဗွေချောင်းတံတား၊ မန္တလေးကုန်းချောင်းတံတား၊ ငမန်းချောင်းတံတား၊ ချောင်းဖျားတံတားတို့တွင် အုတ်စီမြေကာ နံရံပြုလုပ်ခြင်း လုပ်ငန်းများအတွက်လည်း တင်ဒါခေါ်ယူထားကြောင်း သိရသည်။
အလားတူ ကြံခင်း-ပခုက္ကူ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းနှင့် ဥသျှစ်ပင် ကွန်ကရစ် ဇလီဖားစက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွင်းရှိ လုပ်ငန်းအချို့ အတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
ထို့ပြင် ရန်ကုန်-မန္တလေး ရထားပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းလုပ်ငန်း အချက်ပြ ဆက်သွယ်ရေးနှင့် ရထားပြေးဆွဲမှုကို ထိန်းသိမ်းကွပ်ကဲမည့် နည်းစနစ်များ အဆင့်မြှင့်တင်ရေးအတွက် ငွေကြေးကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E.Mr.Akihiro OHTA က ပြောကြားခဲ့ကြောင်း သိရသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မဟာရန်ကုန် ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရေးအတွက် ရန်ကုန်မြို့တော်အတွင်း အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုတွင် ပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိဘဏ္ဍာရေးနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြန်မြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု လျာထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်ကို ပတ်၍ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

Credit_Eleven

0 comments to “ရန်ကုန်-မန္တလေးလမ်းအတွက် ဂျပန်နိုင်ငံမှ ချေးငွေထောက်ပံ့မည်ဖြစ်ပြီး ရထားလမ်းအများစု အဆင့်မြှင့် တည်ဆောက်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ”

Post a Comment