Tuesday, August 20, 2013

ရန်ကုန်မြို့တွင်း၌ ညပိုင်းခရီး သွားလာရေး စနစ်ကို အလေးထား ပြင်ဆင်သင့်

,
ရန်ကုန်    သြဂုတ်   ၁၉
ရန်ကုန်မြို့တွင်း၌ ညပိုင်းအချိန်တွင် ခရီးသည်တင် ယာဉ်ရှားပါးခြင်းကြောင့် ခရီးသွားပြည် သူများ သွားလာရေးအတွက် အခက်အခဲ ဖြစ်နေခြင်းကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ပြင်ဆင်မှုများ လိုအပ်နေပြီ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံက သိရသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော ခေတ်စနစ်များအရ သော်လည်းကောင်း၊ ပြောင်းလဲ လာသော စီးပွားရေးပြုပြင် ပြောင်းလဲမှုများ အရသော်လည်းကောင်း ရန်ကုန်မြို့တွင်းသို့ နိုင်ငံခြား ခရီးသွားများ လာရောက်မှုမှာ များပြားလျက် ရှိနေရာ မြို့တွင်းခရီး သွားလာရေး စနစ်တွင် မီးရထား၊ ခရီးသည်တင်ယာဉ် လိုင်းများနှင့် Taxi များကို အသုံးပြုသွားလာ နေကြသည်။
ယခုအခါ ညပိုင်းကိုးနာရီ ကျော်လျှင် ရန်ကုန်မြို့တွင်းတွင် Down Town ခြောက်မြို့နယ် အတွင်း ခရီးသည်တင် ယာဉ်များမှာ လွန်စွာရှားပါးနေပြီး ကားခပိုမိုတိုးမြှင့် ကောက်ခံခြင်း ကြောင့် မြို့တွင်း ခရီးသည်များမှာ တစ်နေရာနှင့် တစ်နေရာ သွားလာရေး အတွက် လွန်စွာ ခက်ခဲနေကြောင်း သိရသည်။
''ညပိုင်းဆိုရင် မြို့ထဲမှာ လိုင်းကား မရှိတော့ဘူး။ ဆယ်နာရီလောက် အထိကို တစ်စီးစ၊ နှစ်စီးစ ရှိသေးတယ်။ ဒီထက် အချိန်ကျော်သွားရင် ကားလုံးဝ မရှိတော့ဘူး။ အရင်က အောက်ဆိုက် ကားတွေ ရှိတာပဲ။ လိုက်ထရပ် ကားတွေနဲ့ ဆွဲတာ။ တစ်ယောက်ကို ခရီးအကွာ အဝေးပေါ် မူတည်ပြီး ငွေကျပ်နှစ်ရာကနေ ငါးရာအထိ ပေးရတယ်။ အခု လိုင်းကားတွေ လည်းမရှိဘူး။ အောက်ဆိုက်ကား တွေကလည်း လုံးဝ မရှိတော့ဘူး'' ဟု ညပိုင်းတွင် အလုပ် ဆင်းရသော ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်းရှိ Super Market များ၊ ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့် အခြားသော ကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများသည် ညပိုင်းဆယ်နာရီ ကျော်အချိန်မှ အလုပ်ဆင်းရ သဖြင့် အမျိုးသမီး ဝန်ထမ်းများ ရှိသကဲ့သို့ လုပ်ငန်းခွင် ပြီးဆုံး၍ ညပိုင်း အိမ်ပြန်ချိန်တွင် ကားမရှိခြင်းကြောင့် သွားလာမှု အခက်အခဲများ ရှိနေကြောင်း  သိရသည်။ ထို့ပြင် အောက်ဆိုက် ကားများမှာလည်း ညပိုင်း အချိန်တွင် Down Town ခြောက်မြို့နယ်  ပြင်ပတွင်သာ ရှိတော့ကြောင်း သိရသည်။
ထက်နေ

0 comments to “ရန်ကုန်မြို့တွင်း၌ ညပိုင်းခရီး သွားလာရေး စနစ်ကို အလေးထား ပြင်ဆင်သင့် ”

Post a Comment