Thursday, August 15, 2013

အကယ်ဒမီ အကဲဖြတ်မှု ဒုတိယအဆင့် သြဂုတ်လကုန်တွင်စတင်မည်

,
Photo 
 
သြဂုတ်လ ၁၄ ရက်။ ။ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဦးဆောင်ကျင်းပမည့် ၂၀၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် ရုံတင်ပြသပြီးသော ရုပ်ရှင်ဇာတ်ကား ၁၇ ကားကို သြဂုတ် လကုန်တွင် ဒုတိယအဆင့် အကဲဖြတ်ကြည့်ရှုမှု စတင်မည် ဖြစ်ကြောင်း အကယ်ဒမီ အကဲဖြတ် စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောကြားသည်။
"ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုမှုနှင့် ပတ်သက်ပြီး ဇာတ်ကားတွေကို ပထမအဆင့် အကဲဖြတ် ကြည့်ရှုမှုကို အကဲဖြတ် အဖွဲ့ဝင် ၁၇ ဦးကနေ ဇူလိုင်လတုန်းက ပြုလုပ်ခဲ့တယ်။ ပထမအဆင့် အကဲဖြတ် အဖွဲ့မှာက အနုပညာရှင် ၁၆ ယောက်နဲ့ ရုပ်ရှင်လုပ်ငန်းက တစ်ယောက်ပဲပါတယ်။ သူက လုံးဝဝင်ပြီး မဲမပေးဘူး။ ကျန်တဲ့ ၁၆ ယောက်ကပဲ မဲပေးတယ်။ အကဲဖြတ် အဖွဲ့ဝင်တိုင်းကို လွတ်လပ်စွာ ဆန္ဒမဲပေးခွင့် ပြုထားတယ်။ ဒုတိယအဆင့် အကယ်ဒမီ အကဲဖြတ်အဖွဲ့မှာ ပါဝင်မယ့် လူစာရင်းကိုတော့ မကြာမီ ထုတ်ပြန်မယ်" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
၂၀၁၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ဇာတ်ကားများထဲတွင် ဟာသဇာတ်ကားများ ပိုမိုပါဝင်နေသည့်အတွက် ယင်းဇာတ်ကားများ အကယ်ဒမီ မျှော်လင့်နိုင်မှု ရှိမရှိ မေးမြန်းမှုအပေါ် "အကဲဖြတ် အဖွဲ့ဝင်တွေ အားလုံးက အရင်ပုံစံကိုပဲ ကြိုက်နေရင်တော့ အရင်ပုံစံပဲ ထွက်လာမှာပဲ။ ဒါမှမဟုတ် ဆန်းသစ်ချင်တဲ့ အဖွဲ့ဝင်တွေ ပါဝင်လာရင်တော့ ဆန်းသစ်တဲ့ ဆုတွေဖြစ်လာမယ် ထင်ပါတယ်။ အခုကတော့ အများကြိုက် လုပ်နေရတုန်းပဲ" ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြန်လည် ဖြေကြားသည်။
အကယ်ဒမီ အကဲဖြတ်အဖွဲ့ ဖွဲ့စည်းရာတွင် ခေတ်ပြိုင် ရိုက်ကူးသော ဒါရိုက်တာများ မပါစေချင်ကြောင်း၊ အကယ်ဒမီပွဲ မကျင်းပခင် အချိန်တွင် ဆန်ခါတင် ဇာတ်ကားများကို ရုပ်သံလိုင်းများတွင် ပြသ၍ ပရိသတ်များ၏ ဆန္ဒမဲကို ကောက်ခံ၍ ဆုံးဖြတ်စေလိုကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောကြားသည်။
မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် အစဉ်အလာအရ မိဘမေတ္တာဖွဲ့ ဇာတ်ကားများနှင့် တိုင်းကျိုးပြည်ပြု ဇာတ်ကားများကသာ ထူးချွန်ဆု အများအပြား ရလေ့ရှိသည်။ 
 
The.Voice Day New

0 comments to “အကယ်ဒမီ အကဲဖြတ်မှု ဒုတိယအဆင့် သြဂုတ်လကုန်တွင်စတင်မည်”

Post a Comment