သူငယ်ချင်း…
ဆိုးအတူကောင်းဖက် ကျောင်းအတူတက်ခဲ့ရာကနေ…
စစ်မြေမှာ တိုက်ပွဲကျတဲ့ မင်းသတင်းရရချင်း ငါအပြေးလာခဲ့ပါတယ်..
ငယ်တုန်းက ကျောင်းအတူ တက်ခဲ့တာတွေ..
ဆယ်တန်းအောင်စာရင်းထွက်လို့ ပျော်မဆုံးဖြစ်ခဲ့ကြတာတွေ..
စစ်သားတစ်ယောက်လုပ်တော့မယ်လို့ မင်းပြောခဲ့တာတွေ…
ငါတို့အတူ တက္ကသိုလ် တက်မယ်ကွာ၊ မင်း တစ်ခြားလုပ်ချင်ရင်
အဝေးသင်တက်ပြီး ဘွဲ့ယူပေါ့..
ငါတို့တွေလည်း မခွဲရ၊ မင်းအိမ်ကလည်း စိတ်ပူစရာ မလိုဘူးပေါ့ဆိုတဲ့
ငါ့စကားနားမထောင်တဲ့ မင်းကို..
ဒေါသထွက်ခဲ့ရတာလည်း ငါပြန်အမှတ်ရနေတယ်။
ဗိုလ်လောင်းသင်တန်းပြီးတော့ စစ်မြေပြင်မှာ တာဝန်ကျတယ်
ဆိုပြီး..
မင်းကတော့ ရယ်ရယ်မောမောနဲ့ သတ်ချင်ဖြတ်ချင်ရင် သားသတ်သမား
လုပ်မှာပေါ့။
ပစ်ချင်ခတ်ချင်ရင် သေနတ်ပစ် အသင်း ၀င်မှာပေါ့။..
ရာထူးတွေ၊ ပိုက်ဆံတွေလိုချင်ရင် ကုပ္မဏီ ထောင်မှာပေါ့…
စစ်သားဖြစ်ချင်လို့ စစ်ထဲဝင်ပြီးတဲ့နောက် ဘာကို မှုရအုံးမှာလဲကွာဆိုပြီး
ပြောခဲ့သေးတယ်။
မင်းအိမ်ကို သတင်းသွားမေးတော့ သားရှေ့တန်းရောက်နေတယ်၊
၎ လ ကျော်သွားပြီတဲ့။
တောင်တွေ၊ကုန်းတွေကြားမှာ ကျောပိုးအိတ် ၁ လုံးစာ ရိက္ခာနဲ့
မင်းဘယ်လို စားသောက်ခဲ့လဲ သူငယ်ချင်း။
လစာ သိန်းကျော်နဲ့ ငှက်ပျောပင်ပြုတ်စားရတဲ့ စစ်သားဘ၀ကို
မင်းဘာလို့ သံယောဇဉ် တွယ်ရသလဲ..
မိုက်လိုက်တာကွာ ဆိုတဲ့စကားကို ဒီအချိန်မှာ ငါမပြောထွက်တော့ပါဘူး
သူငယ်ချင်း…
စစ်ပွဲရပ် ဆိုတဲ့ ကာလအတွင်း ကချင်စစ်ပွဲမှာ ဖမ်းမိတဲ့
စစ်သားများဆိုပြီး အင်တာနက်မှာ တင်ကြ..
မင်းအိမ်ကို ငါယူလာပြတော့ မင်းအမေ မျက်ရည်ကျခဲ့တာများ
ငါမင်းကို မြင်စေချင်သေးတယ်..
တစ်နေ့တစ်နေ့ မင်းတပ်ရဲ့ သတင်းမကြားရပါစေနဲ့လို့လည်း
ငါဆုတောင်းနေခဲ့ရတယ်ကွ။
မင်းနဲ့ ပြောခဲ့တဲ့စကားတွေ၊ ငါတို့ အတူ ပျော်ရွှင်ခဲ့၊
ငြင်းခုန်ခဲ့တာတွေ စဉ်းစားရင်း…
မင်း ရှိတဲ့နေရာရောက် ငါတွေ့လိုက်ရတာက အလောင်းမပါတဲ့
မင်းဈာပန ဆိုတော့…
ငါမျက်ရည်ကျ မိတာ မင်း အပြစ်တော့ မတင်နဲ့ကွာ.
လေးစားဂုဏ်ယူပါတယ်ဆိုတဲ့ စကားတစ်ခွန်းထက် ပိုပြီး ပြောပြချင်တာမို့..
ငါ့မျက်ရည်တွေ အရင်သုတ်ပါရစေအုံး သူငယ်ချင်း…