Tuesday, August 20, 2013

အောင်ဆန်း နီတိ(၂)

,

ဆရာနတ်မောက်ဘုန်းကျော်သည် ဗိုလ်ချုပ်အောင်ဆန်းစစ်ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်တွင် "ငမိုး"အား "လူပေါ"ဟု ပြောဆိုခဲ့ခြင်းအပြင် ငမိုးသွားမည့် လမ်းအား အတားခိုင်းခဲ့ခြင်းနဲ့ပါတ်သက်ပြီး အခြားသူတစ်ဦးဆိုလျှင် ထိုစကား ထိုလုပ်ရပ်များအတွက် ဒုက္ခလှလှကြီးရောက်သွားနိုင်ကြောင်း ဖွင့်ဟခဲ့သည်။ ငမိုးသည် ငါထိပ်သီးဟူသော မာန်မာနမရှိ ဟန်ကြီးပန်ကြီး မလုပ်တတ် ဘွင်းဘွင်းရှင်းရှင်း ရှိကြောင်းဆိုခဲ့၏။ယနေ့ခောတ် နိုင်ငံရေးလောကတွင် ငမိုးလောက် အလုပ်မလုပ် ငမိုးလောက် တိုင်းပြည်ကို အကျိုးမပြုပါပဲလျှက် ငါလူ့ထိပ်သီး ငါသာလျှင် ပြည်သူ့ခေါင်းဆောင်ကြီး ငါလုပ်သမျှတင့်တယ်သည်ဟု အထင်ရှိနေသူများကို ကျွန်တော်တွေ့မြင်သိနေရသောအခါ ငမိုးနှင့် ယှဉ်စဉ်းစားမိ၏။ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်နေ့က ကျွန်တော်တို့သူငယ်ချင်းတွေ ရွှေတီဂုံစေတီတော် သို့လာကြသော ဘုရားဖူးများအား အယုတ်အလတ်အမြတ်မရွေး အအေးဘူးများ ကမ်းပြီး လှူဒါန်းခဲ့ ကြ၏။ထိုနေ့မှာပင် ဘုရားတက်ဖူးသောအခါ လူအများကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေရှိရ၏။ထိုအချိန်တွင် ကျောင်းသားခေါင်းဆောင် ဆိုသူ လူကြီးတစ်သိုက်သည် ဘုရားလာဖူးသည် ကိုတွေ့ခဲ့ရ၏။ထိုသူများသည် ဘုရားပေါ်သို မိမိတို့အား ၀န်းရံထားသူများခြံရံလျှက် ဓါတ်ပုံ ဗီဒီယို ကင်မရာ မင်းများနှင့် အခြံအရံ ဗိုလ်ပါအပေါင်းစုံညီလျှက် မိမိတို့ကိုယ်ကို တကယ့်ထိပ်သီးကြီးတွေ အမှတ်နှင့် ရောက်လာကြပုံကို မြင်လိုက်တော့ ကျွန်တော်စိတ်ထဲ ငမိုးကို ပြေးသတိရမိ၏။ငမိုးသာ ရှိလျှင် ထိုသူများကို လက်ညှိုးထိုးကာ နတ်မောက်ဘုန်းကျော်အား ပြပြီး ပြောပေလိမ့်မည် ဟေ့..ကြည့်စမ်း ဟိုမှာ လူပေါ တစ်သိုက် ဘုရားတက်လာသကွ လို့ပြောချေလိမ့်အံ့။ တစ်ခါ ဘယ်တိုင်းစစ်ဌာနချုပ် တံဆိပ် ဘယ်ဝန်ကြီးဌာန ယာဉ်ဝင်ခွင့်တံဆိပ် စစ်ဦးထုပ်အနီပါတ် အစိမ်းပါတ် များ ကားဒက်ရှ်ဘုတ်ပေါ်တင်ပြီး ကြမ်းရမ်းစွာမောင်းနှင် နေသော အရပ်ဝတ်အရပ်စားဖြင့် လူငယ် လူရွယ်လေးတွေကို တွေ့သောအခါတွင်လည်း စစ်ဝန်ကြီးငမိုးထုတ်ခဲ့သော အမိန့် နှင့် သူကိုယ်တိုင်လိုက်နာခဲ့ပုံလေးတွေကိုလဲ ယှဉ်မိ၏။အရပ်ဝတ်ဖြင့် သွားသောကြောင့် ကားအလံတိုင် မှ ရာထူးအဆင့်အတန်း အလံလေးတွေ ဖြုတ်ခံရသော ငမိုး တုန့်ပြန်ပုံက "ကဲ ငါသွားနိုင်ပြီလားကွ" တဲ့လေ ကွာခြားလိုက်ပုံများပြောပါတယ်။ "ကျုပ်တို့မြန်မာပြည် မိဘ တိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲ ကောင်တွေ မွေးရမယ်" ဆိုတဲ့ သီချင်းလေးကြားမိတိုင်း လူငယ်တွေ ဗိုလ်အောင်ဆန်းကို ကဗျာရေး ရုံ အာဇာနည်နေ့ လမ်းလယ်ခေါင်တက် ကားဟွန်းတီး ဥသြ ဆွဲ ရုံ နဲ့တော့ ဘာမှမထူးဘူး လို့ပဲပြောချင်တယ်။အောင်ဆန်းကို တကယ်လေးစားရင် အောင်ဆန်းလိုကျင့်ကြရမယ်။အောင်ဆန်း ဘယ်လို ကျင့်ခဲ့သလဲ သိအောင်လုပ်ရမယ်။အောင်ဆန်း ဘယ်လို ကြံခဲ့သလဲ လေ့လာရမယ်။သိနေ လေ့လာနေရုံနဲ့တော့လဲ မပြီးဘူး အောင်ဆန်း လိုလဲ လက်တွေ့ကျင့်ရမယ်။ဒါမှသာ တိုင်းပြည်အတွက် တကယ့်ကို မျိုးချစ်စိတ်အပြည့်နဲ့ သူရဲကောင်းလူငယ်တွေပေါ်ထွန်းလာနိုင်မယ်။ နိုင်ငံ့ရှေ့ရေး လက်ဆင့်ကမ်းဖို့ သူရဲကောင်းလူငယ်တွေ လိုအပ်တယ်။ယနေ့ခေတ်မှာ လူငယ်တွေဟာ ကိုယ်တိုင် သူရဲကောင်း အကျင့်ကျင့်ဖို့ထက် သူရဲကောင်းအောက်စွဲ သူရဲကောင်းဖော်လံဖား လုပ်ဖို့လောက်သာ ပိုပြီး စိတ်အားထက်သန်နေကြတယ်။ကိုယ် ကိုယ်တိုင် သူရဲကောင်းအကျင့် ကျင့်ကြံနေနိုင်ပါလျှက် သူရဲကောင်းဟု ယုံစားသူများကို ဖော်လံဖားလုပ်တတ်ကြတယ်။ဒါကိုလဲ သူရဲကောင်း သို့မဟုတ် ထိပ်သီးကြီးဟု ကိုယ့်ကိုယ်ကို ထင်နေသူတွေက ပျော်မွေ့နေတတ်ကြတယ်။ အောင်ဆန်း စစ်ဝန်ကြီးဘ၀က ရုံးအဆင်းတစ်နေ့မှာ သူ့ ဖိုင်တွဲကြီးရယ် ဂျပန်ဓါးကြီးရယ် နဲ့ လက်ဆွဲအိတ် အလေးကြီးရယ်နဲ့ အတော်ကလေးကိုးလို့ကန့်လန့် ဖြစ်ပြီး ရုံးဆင်းလာတယ်။ဒါကို သူ့ကိုယ်ရံတော် တပ်မှုးက တွေ့တော့ အပြေးလေးနဲ့ "ဗိုလ်ချုပ် ကျွန်တော့်ပေးပါလား" ဆိုတော့ အောင်ဆန်းက သူ့ ဖလဖ လုပ်တယ်ထင်ပြီး "မင်းအလုပ်က ငါ့ကိုယ်ရံတော်ဗိုလ်အလုပ်၊မင်းဟာငါ့ ကူလီမဟုတ်ဘူး။ ငါ့ဘာသာ ငါ အနိုင်သားဘဲ" လို့ ဘုပြောခဲ့သတဲ့။ဒီလိုပါပဲ သူရဲကောင်းဆိုတာ မျိုးဟာ အသေးအဖွဲ ကိစ္စမှာတောင် ဖော်လံဖား အလုပ်မခံကြပါဘူး။အောင်ဆန်းသည် နောက်လိုက်မမွေး ငါကို ဗဟိုပြုပြီး လှုပ်ရှားကြ ငါလုပ်ပေးမှ ရကြစေ ဆိုသောအကျင့် မရှိ အများညီညွတ်စွာလုပ်ကြဖို့ကိုသာလျှင် လိုလားသူဖြစ်သည်။ယနေ့ခေတ်တစ်ချို့ နိုင်ငံရေးသမားတွေပြောကြသည် မိမိအာဏာလိုချင်တာဟာ မိမိ တို့အတွက် မဟုတ်ပါကြောင်း အများပြည်သူအတွက်သာလျှင်ဖြစ်ကြောင်းကို အထပ်ထပ်ပြောကြ ဆိုကြသည်။အာဏာရမှသာ တိုင်းပြည်အတွက် လုပ်ပေးနိုင်မည်ဟုယူဆကြပုံရသည်။အာဏာရ မှ လုပ်ပြမည်ဟု ဖြစ်ပေသည်။ထို့ကြောင့်ပင်လျှင် အာဏာမရရအောင် နောက်လိုက်တွေမွေးကြသည်။
အာဏာအတွက် နည်းမျိုးစုံကြိုးပမ်းကြသည် ပါတီကြီးတစ်ခုပင်လျှင် ပါတီတွင်းအာဏာ အတွက် အောက်ခြေပါတီဝင်အချင်းချင်း အုပ်စုဖွဲ့ ကွဲနေကြသည်။ထိုသို့သောအခြေအနေမျိုးကိုအောင်ဆန်း ပြောကြားခဲ့သည်က " မဟုတ်ပါဘူး ဘာစကားများနေစရာရှိလဲ၊ မင်းတို့ အလကားစကားများနေတာပဲ၊ ဒီလောက် မိုက်တွင်းမနက်ကြနဲ့ ငါသာ"အာဏာရှင် လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ၊..ရဲဘော်တွေထဲကလဲ စောက်သုံးမကျတဲ့ကောင်တွေ အများကြီးပဲ၊ဆိုရှယ်လစ်ထဲကလဲ ဘ၀င်မြင့်ပြီး အလကားအထင်ကြီးနေတာတွေ တစ်ပုံကြီး၊ပြောချင်သေးတာက မင်းတို့ ဆိုရှယ်လစ်တွေဟာ ကွန်မြူနစ်ကို ဖဆပလ ထဲက ထုတ်မပစ်ခင်တုန်းက အပေါက်မျိုးတွေ အားကြီးလုပ်နေတာ တွေ့ရတယ်။ဒါတွေကိုရပ်တန်းကရပ်ရင်ကောင်းမယ်။…ပြောချင်သေးတယ်၊ငါဟာဘယ်တော့မှ နောက်လိုက်မစုဘူး၊သိသားပဲ တစ်ချို့ခေါင်းဆောင်တွေ ရာထူးပေးအာဏာပေးပြီး နောက်လိုက် စုနေကြတယ်။ငါတို့တော့ဘယ်တော့မျှ ဒီလိုမလုပ်ဘူး။ကိုယ့်ယုံကြည်ချက်အတိုင်းလုပ်သွားမှာပဲ ဘယ်တော့မှနောက်လိုက်မမွေးလို့ အခုလဲတစ်ယောက်ထီးတည်းသမားပဲ။မင်းတို့ကောင်တွေ အလကား စာအုပ်လေးနှစ်အုပ်သုံးအုပ်လောက်ဖတ်ပြီး စကားများနေကြတယ်။ကဲ ငါမေးမယ် (what is revolution)ကဲဖြေကြစမ်း..။ရဲဘော်တွေမေးရင် တစ်မျိုးရမယ် ဆိုရှယ်လစ်တွေမေးရင် အဖြေတစ်မျိုးရမယ်။အဲ့ဒီတော်လှန်ရေးရဲ့ အယူအဆ တောင်မှ တစ်ဦးနဲ့တစ်ဦးတူအောင် မညှိနှိုင်းနိုင် သေးဘူး မစုစည်းနိုင်သေးဘဲနဲ့ ဘာလို့ဖင်ခေါင်းကျယ်ချင်ရတာလဲ၊အချင်းချင်းလဲ တည့်အောင် ဘယ်တော့မျှ မနေကြဘူး၊မင်းတို့ မညီညွတ်ရင် "အားလုံးဖင်စုတ်သွားမယ်" သိရဲ့လား။မင်းတို့တတွေ မညီညွတ်ရင် ဘာတွေဖြစ်ကုန်မယ်ဆိုတာသိရဲ့လား ပြီးတော့ မင်းတို့ နှစ်ဦးသဘောတူ ဖွဲ့ထားတဲ့ ငါးဦးကော်မတီ ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာကြပေါ့။မညီညွတ်ဘူးဆိုတာနဲ့ ပါတ်သက်ပြီး ညီညွတ်အောင်လုပ်ဖို့ကတော့ အလွယ်ကလေးပဲ တစ်ဦးနဲ့တစ်ဦးတစ်ဖက်စကားနဲ့ အထင်လွဲ ဟိုလုပ်ဒီလုပ်လုပ်ရင် တော့ဘယ်တော့မှညီညွတ်မှာမဟုတ်ဘူး။ငါ့တော့ဘာမှမနာလိုမရှိကြနဲ့ လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးကထွက်မှာပဲ။လွတ်လပ်ရေးရပြီးလျှင် ဆွဲထားတောင်မနေဘူး၊ စကားများမနေကြနဲ့ ဒါပဲ.။"ဟု စတုထ္ထအကြိမ် ပြည်သူ့ရဲဘော်ညီလာခံတွင် ပြောကြားခဲ့ပါသည်။
သူ့အပြောသည်ရှင်းသည် ပြတ်သားသည် သူ့နောက်လိုက်ပါဟု တစ်ခွန်းမဆို သူလုပ်ပေးမှဖြစ် မည်ဟုမပြော ညီညွတ်ရေးကို ကိုယ့်ဖာသာတည်ဆောက်ကြရမည် မညီညွတ်လျှင် ဒုက္ခရောက်ကြ ရမည်ကို သတိပေးခဲ့လေသည်။ညီညွတ်အောင်ကား ကိုယ့်ဖာသာပင်ကြိုးပမ်းကြရမည်ဖြစ်ပေသည်။
သူလုပ်နိုင်တာကို လက်တွေလုပ်ပြသည်။ပြီးလျှင် ကျန်တာတွေအတွက် ကိုယ့်ဖာသာလျှောက်လှမ်းကြ စေ တော့ သူကတော့ ၀င်ရောက်စွက်ဖက်ခြင်း ပဏာ ၀င်ယူခြင်းပြုတော့မည်မဟုတ်ပဲ လုပ်နိုင် သလောက် လုပ်ပေးခဲ့ပြီးထားခဲ့ပေတော့မည်။အောင်ဆန်းသည် ထိုသို့သောလူစားမျိုး ဖြစ်သည်။

(ဆက်ရေးပါဦးမည်)

(ဆန်းသစ်)

0 comments to “အောင်ဆန်း နီတိ(၂)”

Post a Comment