မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ
ထပ်မံမဖြစ်လာဖို့အတွက် အရှင် ဦးဝီရသူနဲ့ အစ္စလမ် ငြိမ်းချမ်းရေးနှင့်
ချစ်ကြည်ရေး သံတမန်ကွန်ယက်တို့ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ သဘောတူ
လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဦးဝီရသူနဲ့အစ္စလမ်ဘာသာ သဘောတူ လက်မှတ်ထိုး - U Wirathu
ပဋိပက္ခတွေ ထပ်မံမဖြစ်အောင် ဦးဝီရသူနဲ့ အစ္စလမ်အဖွဲ့တို့ သဘောတူ လက်မှတ်ထိုးစဉ် (Credit: ABC)
ဒီတကြိမ် လက်မှတ်ထိုးတဲ့ တွေ့ဆုံပွဲဟာ တတိယအကြိမ် အဖြစ် တွေ့ဆုံ ဆွေးနွေးတာဖြစ်ပြီး နှစ်ဖက် ဘာသာရေး ခေါင်းဆောင်တွေက ပြည်သူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ဥပဒေမဲ့ တုန့်ပြန်တာတွေ မလုပ်အောင် ဟောပြော စည်းရုံးသွားဖို့ သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
အဓိကရုဏ်းတွေရဲ့ ဇစ်မြစ်အလိုက်ရှာဖွေပြီး တားဆီးနိုင်ဖို့အတွက် အခုလို နှစ်ဘာသာ ငြိမ်းချမ်းရေးကို တည်ဆောက်တာ ဖြစ်တယ်လို့ ၉၆၉ ဆရာတော် အရှင်ဝီရသူက အခုလိုမိန့်ပါတယ်။
“အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းကို ရှာဖွေလိုက်တဲ့အခါမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်တာရှိတယ်။ သံဃာများအပေါ် အကြမ်းဖက်တာရှိတယ်။ နောက် အုပ်စုဖွဲ့ပြီး အင်အားသုံးပြီးတော့ အနိုင်ကျင့်တာလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဒေါသတစ်ကြီး ပြန်ပြီး တုန့်ပြန်လို့ အဓိကရုဏ်းဖြစ်တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီလို အကြမ်းဖက်ရန်စမှုများလည်း မပေါ်ပေါက်အောင် ဦးဇင်းတို့ ခုလို ငြိမ်းချမ်းရေးကို တည်ဆောက်တာ”
အဓိကရုဏ်း တစ်ခုဖြစ်ပေါ်လာတာနဲ့ တစ်ဖက်နဲ့ တစ်ဖက် ချက်ခြင်း အသိပေးပြီး သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကို တင်ပြပြီး ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့ အစ္စလမ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး ကွန်ယက်က တာဝန်ခံ ဦးရွှေကြည်က ပြောပါတယ်။
“ကျွန်တော်တို့က ဆရာတော်ဆီ ရောက်တဲ့ Cause ကိုယူမယ်။ ကျွန်တော်တို့ အစ္စလမ် အဖွဲ့အစည်းကို တင်ပြမယ်။ လူကြီးတွေ ရှင်းကြပါ။ နိုင်ငံတော် အာဏာပိုင်တွေကိုလည်း တင်ပြမယ်။ ဒီမှာတော့ ဒီလို သွေးပူနေပြီ။ ဒီလို အခြေအနေရှိနေပြီ။ ဆရာတော်တွေက ဒီလိုဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့က ဒီလိုအကြောင်းရှိတယ်။ ကဲ အစ္စလမ် ဘာသာရေး ခေါင်းဆောင်တွေ ဒီမှာ အသိပေးတယ်။နိုင်ငံတော်ကို အသိပေးပါ။ ဆရာတော်ကို အသိပေးပါ။တွေ့ကြပါ ဆုံကြပါ။ ဒါကို ကျွန်တော်တို့က တံတား ထိုးဖို့ လုပ်နေတာပါ”
၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်းက ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဟာ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းတွေကိုပါ ကူးစက်ပြန့်ပွားလာခဲ့တာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှကနေ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။