Thursday, September 26, 2013

တစ်ခေတ်ဆန်းလာသောအမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ

,

 
၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ လေးနှစ် တစ်ကြိမ် ထုတ်ပြန် သော ၂ဝဝ၅ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ သုံးသပ်ချက် Quadrennial Defense Review (QDR) ကိုထုတ်ပြန် ခဲ့သည်။ ကာကွယ်ရေး ဝန်ကြီး ဌာန၏ လုပ်ထုံး လုပ်နည်းအရ ကာကွယ်ရေး ဆိုင်ရာ သုံးသပ်ချက် သည် လာမည့် လေးနှစ်တာ ကာလ အတွင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ ဆောင်ရွက်မည့် အမျိုးသား ကာကွယ်ရေး မူဝါဒနှင့် ကာကွယ်ရေး မဟာဗျူဟာ များကို ဖော်ပြပြီး ကာကွယ်ရေး ဘတ်ဂျက် အတွက် ငွေသုံးစွဲရန် လျာထား ချက်များကို ဖော်ပြထား သကဲ့သို့ အနာဂတ် ကာလတွင် အမေရိကန် နိုင်ငံ အနေဖြင့် ရင်ဆိုင်ရ ဖွယ်ရှိသော ခြိမ်းခြောက် မှုများ၊ အန္တရာယ် များကို အနှစ် နှစ်ဆယ်ထိ မျှော်မှန်း သုံးသပ် ထားခြင်း ကြောင့် ကာကွယ်ရေး ဆိုင်ရာ လေ့လာ သူများ အနေဖြင့် အလေးထား စောင့်ကြည့် ရသော စာတမ်း ဖြစ်သည်။ ထို့ပြင် ယခု စာတမ်းမှာ ၂ဝဝ၁ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ သုံးသပ်ချက် ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ပေါ်ပေါက် ခဲ့သော အာဖဂန် စစ်ပွဲ၊ အီရတ် ကျူးကျော် စစ်ပွဲများ၏ အတွေ့ အကြုံများ၊ သင်ခန်းစာ များကို အခြေခံ ထားသောကြောင့် အမေရိကန် တပ်မတော် အနေဖြင့် မည်သည့် မဟာဗျူဟာ များကို ချမှတ် ကျင့်သုံး သွားမည်ကို စိတ်ဝင်စားစွာ စောင့်ကြည့် ခဲ့ကြသည်။
၂ဝဝ၅ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ သုံးသပ်ချက်
၂ဝဝ၅ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ သုံးသပ် ချက်ကို လေ့လာပါက အောက်ပါ အဓိက အကြောင်းတရား လေးခုကို မျှော်မှန်းပြီး သုံးသပ် ထားသည်ကို တွေ့ရမည် ဖြစ်သည်-
(က)
အစွန်းရောက် အကြမ်းဖက် ဝါဒကို ချေမှုန်း တိုက်ဖျက်ရေး။
(ခ)
အမိမြေ လုံခြုံရေး။
(ဂ)
တရုတ်နိုင်ငံ ကဲ့သို့သော အသစ် ပေါ်ထွန်း လာသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများကို ကိုင်တွယ် ထိန်းသိမ်း နိုင်ရေး။
(ဃ)
အမေရိကန် နိုင်ငံအပေါ် ရန်လိုနေသော နိုင်ငံများ၊ အဖွဲ့ အစည်းများ လက်တွင်းသို့ ဓာတု၊ ဇီဝနှင့် အနုမြူ လက်နက်များ ရောက်ရှိ မသွားရေး။
ထို့ပြင် အမေရိကန် နိုင်ငံအနေဖြင့် သမားရိုးကျ မဟုတ်သော တိုက်ခိုက်မှု (Irregular Attack) ၊ နှောက်ယှက် ဖျက်ဆီး တိုက်ခိုက်မှု (Destructive Attack) နှင့် ထိခိုက် ပျက်စီးမှု များပြား စေသော တိုက်ခိုက်မှု (Catastrophic Attack) သုံးမျိုးနှင့် ရင်ဆိုင် နိုင်ဖွယ် ရှိသည်ဟု သုံးသပ်ထား သည်ကိုလည်း တွေ့ရ ပါသည်။ သမားရိုးကျ မဟုတ်သော တိုက်ခိုက်မှု များမှာ ပြောက်ကျား စစ်ပွဲများ၊ အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပြီး ထိခိုက် ပျက်စီးမှု များပြား စေသော တိုက်ခိုက်မှု များမှာ အမေရိကန်ကို ဆန့်ကျင်သော နိုင်ငံများ၊ အုပ်စုများမှ အနုမြူ၊ ဓာတုနှင့် ဇီဝ လက်နက်များကို အသုံးပြု တိုက်ခိုက်ခြင်း ဖြစ်သည်။ နှောက်ယှက် ဖျက်ဆီး တိုက်ခိုက်မှု ဆိုသည်မှာမူ တိုးတက် နေသော သတင်း အချက်အလက် နည်းပညာ များကို အသုံးပြု၍ နိုင်ငံ တစ်နိုင်ငံ (သို့) အဖွဲ့ တစ်ခုမှာ အမေရိကန် နိုင်ငံ၏ စစ်ဘက်၊ နယ်ဘက် ကွန်ပြူတာနှင့် သတင်း အချက်အလက် ကွန်ယက်များကို တိုက်ခိုက် ခြင်းပင် ဖြစ်သည်။ ထိုအချက်ကို ကြည့်ပါက အမေရိကန် နိုင်ငံသည် ၎င်းတို့ကို သမားရိုးကျ စစ်အင်အားဖြင့် စိန်ခေါ် နိုင်သူ မရှိတော့ဟု ယုံကြည်ခဲ့ပြီး ရန်သူသည် သမားရိုးကျ မဟုတ်သော နည်းလမ်းများ၊ တနည်းအားဖြင့် ဘက်မညီ စစ်ပွဲ (Asymmetric Warfare) ပုံသဏ္ဍန် ဖြင့်သာ စိန်ခေါ် လာနိုင်သည် ဟု ရှုမြင် သုံးသပ်ခဲ့ သည်ကို တွေ့ရမည် ဖြစ်သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့များ (Special Operation Forces)
ထိုကဲ့သို့ ရန်သူမှ သမားရိုးကျ မဟုတ်သော နည်းလမ်းများဖြင့် တိုက်ခိုက် လာမည်ဟု သုံးသပ်သော အခါ အမေရိကန် တို့သည်လည်း သမားရိုးကျ မဟုတ်သော နည်းလမ်း များဖြင့် တုံ့ပြန်ရန် စဉ်းစား လာခဲ့ ကြသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ် ကာကွယ်ရေး ဆိုင်ရာ အထူး တပ်ဖွဲ့များကို အကြီးအကျယ် တိုးချဲ့ရန် တင်ပြထား သည်ကို တွေ့ရပါသည်။
ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိ အင်အား ငါးသောင်း တစ်ထောင် ရှိသော အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (Special Operations Command, SOCOM) ကို ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း အင်အား တစ်သောင်း နှစ်ထောင် ထပ်မံ တို့ချဲ့ ဖြည့်တင်း သွားမည် ဖြစ်သည်။ အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်တွင် ဦးထုပ်စိမ်း တပ်ဖွဲ့ (Green Berets) ၊ ရိန်းဂျား တပ်ဖွဲ့၊ ဒယ်လ်တာ တပ်ဖွဲ့ (Delta Forces) ၊ ရေတပ်မတော် အထူး တပ်ဖွဲ့ (Navy SEAL) နှင့် အခြား ကွန်မန်ဒို တပ်ဖွဲ့များ ပါဝင်ပြီး ယခုအင်အား တိုးချဲ့မှုသည် ဗီယက်နမ် စစ်ပွဲ နောက်ပိုင်းတွင် အထူး တပ်ဖွဲ့များကို အင်အား အများဆုံး တိုးချဲ့ ခဲ့ခြင်းပင် ဖြစ်သည်။ ဤတိုးချဲ့မှုတွင် အများဆုံး ပါဝင်သည့် တပ်ဖွဲ့မှာ ဘာသာ စကား မျိုးစုံတတ်ကျွမ်း ပြီး ဒေသခံ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ဆင် နိုင်စွမ်း ရှိအောင် လေ့ကျင့် ပေးထားသော ကြည်းတပ်၏ ဦးထုပ်စိမ်း တပ်ဖွဲ့များ ဖြစ်ကာ လက်ရှိတပ်ရင်း ၁၅ ရင်းမှ ၂ဝ ထိ တိုးချဲ့ ဖွဲ့စည်း သွားမည် ဖြစ်သည်။ အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ ဘတ်ဂျက် ကိုလည်း လာမည့် ငါးနှစ် အတွင်း ဒေါ်လာ ၇.၄ ဘီလျံ ထပ်မံ တိုးမြှင့် သုံးစွဲသွားရန် အဆိုပြု ထားသည် ကိုလည်း တွေ့ရှိရ ပါသည်။
စစ်ရေး ရည်မှန်းချက် ခြောက်ရပ်
စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှု အပြီးမှ စတင်ပြီး ကာကွယ်ရေး ဝန်ကြီး ရမ်းစဖဲလ်က အခြေပြုရာ နယ်မြေ၊ နိုင်ငံ သတ်သတ် မှတ်မှတ် မရှိသာ အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက် ချေမှုန်း ရာတွင် ကန့်သတ်ချက် များသော သမားရိုးကျ တပ်ဖွဲ့များထက် လျှို့ဝှက်ပြီး စွမ်းရည် ထက်မြက်သော အထူး တပ်ဖွဲ့ ငယ်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ သည်။ ထိုအယူအဆကို သမ္မဘုရှ် ကလည်း ထောက်ခံ ခဲ့ပြီး ၂ဝဝ၅ ခုနှစ် မတ်လတွင် အထူး တပ်ဖွဲ့များကို စစ်ဆင်ရေး အာဏာ ပိုမို ပေးအပ်သည့် ညွှန်ကြား ချက်ကို လက်မှတ် ရေးထိုး ခဲ့သည်။ ထိုညွှန်ကြားချက် အရ အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်သည် ယခင်က အမေရိကန် တပ်မတော်၏ ဒေသဆိုင်ရာ ကွပ်ကဲမှု ဌာနချုပ် တပ်မှူးများ၏ စစ်ဆင်ရေး များကို အထောက်အကူပေးရသည့် အဆင့်မှ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ဆင်မှု များကို မိမိ အစီအစဉ်ဖြင့် ဦးစီး ဆောင်ရွက်ခွင့် ရရှိတော့ မည်ဖြစ်သည်။ အထူး သဖြင့် ၂ဝဝ၂ ခုနှစ် အောက်တို ဘာလတွင် ဝန်ကြီး ရမ်းစဖဲလ် လက်မှတ် ရေးထိုးခဲ့သော ထိပ်တန်း လျှို့ဝှက် အဆင့်ရှိ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် အမျိုးသား စစ်ရေးမဟာ ဗျူဟာ စီမံချက် (National Military Strategic Plan for the War on Terrorism, NMST-WOT) မှ သတ်မှတ် ထားသော ရည်မှန်းချက် များကို အကောင်အထည် ဖော်ပေး ရမည် ဖြစ်သည်။ ထိုစီမံချက်နှင့်ပတ်သက်၍ ထွက်ပေါ်လာသော သတင်းအစအနများ အရ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အမေရိကန် တို့အနေဖြင့် အောက်ပါ စစ်ရေး ရည်မှန်းချက် ခြောက်ရပ်ကို ချမှတ် ထားသည်ကို တွေ့ရှိရ သည် -
(က)
အကြမ်းဖက် ဝါဒကို သဘော တရား ရေးရာ ထောက်ခံမှုများ ဖြစ်ပေါ် စေသော အခြေအနေ များကို တန်ပြန် နိုင်မည့် အခြေအနေများ ပေါ်ပေါက် လာအောင် ဆောင်ရွက်ရန်။
(ခ)
အကြမ်းဖက် သမား များနှင့် ၎င်းတို့၏ အဖွဲ့အစည်း များကို ဖျက်ဆီးပစ်ရန်။
(ဂ)
အကြမ်းဖက် သမားများ ဆက်လက် ရပ်တည်နိုင်ရေး အတွက် လိုအပ်သော အထောက် အပံ့များကို ဖြတ်တောက် ပစ်ရန်။
(ဃ)
မဟာမိတ် နိုင်ငံများ၊ မိတ်ဆွေ နိုင်ငံများကို အကြမ်းဖက် သမားများအား ချေမှုန်း နိုင်စွမ်း ရှိအောင် အကူအညီ ပေးရန်။
(င)
အကြမ်းဖက် သမားများကို ထောက်ခံ နေသော နိုင်ငံများ၊ အဖွဲ့ အစည်းများကို ထောက်ခံခြင်း မပြုစေရေး အတွက် စည်းရုံး သိမ်းသွင်းရန်၊ လိုအပ်ပါက ဖိအား ပေးခြင်း၊ အကျပ် ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်အင်အား သုံးခြင်း နည်းလမ်း များကို အသုံးပြုရန်။
(စ)
လူ အမြောက်အများ သေကြေ စေနိုင်သော လက်နက်များ မပြန့်ပွား ရေးကို ဆောင်ရွက်ရန်၊ ထိုလက်နက်များ ထုတ်လုပ်ရာတွင် အထောက်အကူ ဖြစ်စေမည့် နည်းပညာ၊ ဓာတ်သတ္တု၊ ပစ္စည်း ကရိယာများကို မလိုလား အပ်သော နိုင်ငံ/ အဖွဲ့အစည်းများ လက်သို့ မရောက်အောင် တားဆီး ဟန့်တား ဖျက်ဆီး သွားရန်။ တိုက်ခိုက်မှု ခံရပါက နောက်ဆက်တွဲ ပြဿနာများကို ကိုင်တွယ် ဖြေရှင်း နိုင်စွမ်း ရှိအောင် ဆောင်ရွက် ထားရန်။
ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အထက်ပါ စစ်ရေး ရည်မှန်းချက် ခြောက်ရပ်ကို အကောင်အထည် ဖော်နိုင်ရန် အတွက် စီမံချက် ၇၁ (OPLAN ၇၁) ဟု အမည်ပေး ထားသော စစ်ဆင်ရေး စီမံချက် တစ်ခုကို ရေးဆွဲ ထားပြီး ဖြစ်သော်လည်း အထူး စစ်ဆင်ရေး ဌာနချုပ် အနေဖြင့် ကာကွယ်ရေး ဝန်ကြီးမှ အကြမ်းဖက် ကွန်ယက်ဟု သတ်မှတ် ပေးသော ပစ်မှတ်များကို တိုက်ခိုက် ဖျက်ဆီးရမည် ဆိုသော အချက်မှလွဲ၍ အသေးစိတ် အချက်များ ထုတ်ပြန်ခြင်း မရှိသေးပါ။
နောက်ဆက်တွဲပြဿနာများ
ထိုကဲ့သို့ အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်စေခြင်း အပေါ် စစ်ရေး၊ နိုင်ငံရေး ပညာရှင်များ၊ နိုင်ငံရေး သမားများ သာမက တပ်မတော် အရာရှိကြီး အတော် များများ ကလည်း စိတ်မသက်မသာ ခံစား ခဲ့ကြရ သည်ကို တွေ့ရသည်။ အီရတ်နှင့် အာဖဂန်ရှိ အမေရိကန် အကျဉ်း စခန်းများ တွင်ရော၊ ဂွာတာနာမို အကျဉ်းစခန်း များနှင့် အခြား နေရာများ တွင်ပါ ဖြစ်ပေါ်ခဲ့သော အကျဉ်းသားများ အပေါ် မဖွယ်မရာ ပြုလုပ်မှုများ၊ နှိပ်စက် ညှင်းပန်းမှုများ၊ အမေရိကန် ပြည်သူများ အပေါ် ဥပဒေပြင်ပမှ စောင့်ကြည့် ထောက်လှမ်း မှုများ၊ အကျဉ်းသားများ၊ စစ်သုံးပန်း များ၏ အခွင့်အရေး နှင့်ပတ်သက်သော နိုင်ငံတကာ စံနှုန်းများကို လျစ်လျူရှုမှု များကြောင့် ယခု အထူးတပ်ဖွဲ့ များဖြင့် လျှို့ဝှက် စစ်ဆင် ရေးများ ဆောင်ရွက်မည် ဆိုသော အချက်ကို လူအများ အပြားက စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ် တိုးတက်မှု တစ်ရပ် အနေဖြင့် ရှုမြင်ခဲ့ ကြသည်။ အကဲခတ်များကမူ အထူး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်သည် ကာကွယ်ရေး ဝန်ကြီး၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ရှိသဖြင့် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လုပ်လိုသော ရမ်းစဖဲလ်၏ လက်ကိုင်တုတ် ဖြစ်သွားက ၁၉၅ဝ၊ ၆ဝ ခုနှစ်များအတွင်းက ကွန်မြူနစ် ဝါဒ ဆန့်ကျင်ရေး ခေါင်းစဉ်အောက်၌ စီအိုင်အေ အဖွဲ့မှ နိုင်ငံတကာ ဥပဒေများ ပြင်ပမှ လုပ်ရပ်များ ဆောင်ရွက် သကဲ့သို့ ပြန်လည် ဖြစ်ပေါ် လာမည်ကို စိုးရိမ်လျှက် ရှိကြသည်။ တကယ်တော့ လည်း ကွန်ဂရက် လွှတ်တော်ရော အမေရိကန် ပြည်သူများပါ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်းတွင် အထူး တပ်ဖွဲ့များ အနေဖြင့် အာဖဂန်နှင့် အီရတ် စစ်ပွဲများတွင် ပါဝင်ခဲ့သည့် အခန်း ကဏ္ဍများမှ လွဲ၍ အခြား ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဘာတွေ လုပ်နေသည်ကို မသိခဲ့ရပေ။ ပင်တဂွန် စစ်ဌာနချုပ် မှလည်း အထူး တပ်ဖွဲ့များသည် ဖိလစ်ပိုင်၊ ဂျော်ဂျီယာ၊ ယခင် ဆိုဗီယက် အုပ်စုဝင် အာရှ အလယ် ပိုင်းနိုင်ငံများနှင့် အာဖရိက ဦးချို ဒေသများတွင် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် မိတ်ဆွေ များနှင့် ပူးပေါင်း ဆောင်ရွက် နေသည် ဆိုတာထက် ပိုပြော မပြခဲ့သည်ကို တွေ့ရသည်။ လွှတ်တော် အမတ်များ၏ မေးမြန်းချက် များမှာလည်း အမျိုးသား လုံခြုံရေး အတွက် ဆိုသော အကြောင်း ပြချက်ဖြင့် အလိမ္မာသုံး ငြင်းပယ်ခံ နေရဆဲ ဖြစ်သည်။
စစ်ရေးအမြင် သက်သက်ဖြင့် ကြည့်လျှင်ပင် အထူး တပ်ဖွဲ့များ အသုံးပြု ခြင်းသည် ထိရောက်သော နည်းလမ်း ဖြစ်သော်လည်း အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် တစ်ခု တည်းသော အဖြေ မဟုတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။ အထူး တပ်ဖွဲ့များ၏ ပြောင်မြောက်သော လုပ်ဆောင်ချက် များကြောင့် အချိန်တို အတွင်း အောင်ပွဲခံ ခဲ့သည် ဆိုသည့် အာဖဂန် နစ္စတန်နှင့် အီရတ် နိုင်ငံ များ၌ပင် စစ်ပွဲပြီး နောက်ပိုင်း လုံခြုံရေး ပြဿနာများကို ဖြေရှင်းရန် အတွက် သမားရိုးကျ တပ်ဖွဲ့ များကို အသုံးပြု စစ်ဆင် နေရဆဲ ဖြစ်သည်။ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲသည် စစ်ရေး နည်းလမ်း အပြင် သံတမန် နည်းလမ်း၊ စီးပွားရေး နည်းလမ်း၊ စည်းရုံးရေးနှင့် လူမှုရေးနည်းလမ်း စသည့် စစ်ရေး မဟုတ်သော နည်းလမ်းများကို အသုံးပြုရန် လိုအပ်ပေရာ ရမ်းစဖဲလ်၏ အထူးတပ်ဖွဲ့ သက်သက် အယူအဆ (SOCization) ဟု အမေရိကန် တပ်မတော် အရာရှိ တစ်ချို့က သရော်ထားသော အယူအဆမှာ အောင်မြင်မှု ထက် မလိုလား အပ်သော ဘေးထွက် ပြဿနာ များကို ပိုမို ဖြစ်ပေါ် စေမည်ဟု ယူဆရ ပေသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Rumsfeld's Secret Operations, Washington Post, 9/1/2006
၂။
Plan Seeks More Elite Forces to Fortify Military , Washington Post,24/1/2006
၃။
Rumsfeld's New War Paln, Washington Post, 25/1/2006
၎။
Quadrennial Defense Review (QDR)by Defense Department.

0 comments to “တစ်ခေတ်ဆန်းလာသောအမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့များ ”

Post a Comment