Friday, September 27, 2013

သမိုင်းဝင် ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက် လှေပြိုင်ပွဲ ကျင်းပ

,


အမရပူရမြို့နယ် ရွှေကြက်ယက် ကျေးရွာအုပ်စုရှိ ရွှေကြက်ယက်-ရွှေကြက်ကျ ဘုရား လှေဦးတိုက် ပွဲတော်တွင် ယခုနှစ်၌ မျိုးဆက်သစ် လူငယ်များအား ပွဲထုတ်ယှဉ်ပြိုင် စေခဲ့ကြောင်း သိရသည်။

လှေဦးတိုက် ပွဲတော်ကို မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီ ပွဲတော်တွင် တစ်ပွဲအပါအ၀င် ဖြစ်သည့် လှေပြိုင်ပွဲသဘင် ကျင်းပလေ့ရှိသော တော်သလင်း လပြည့်ကျော် ၇၊ ၈ ရက် (စက်တင်ဘာ၂၆၊၂၇ ရက်) တွင် ရွေကြက်ကျဘုရား ဧရာဝတီမြစ်ပြင်တွင် ကျင်းပလေ့ရှိပြီး အဆိုပါ လှေဦးတိုက် ပွဲတော်၏ ထူးခြားချက်မှာ ကျေးရွာအလိုက် ငှက်လှေများဖြင့် လှော်ခတ်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

''အရင်နှစ်တွေတုန်းက လှေပြိုင်ပွဲ အတွေ့အကြုံရှိတဲ့ လူကြီးအသင်းတွေနဲ့ပဲ ကျင်းပဖြစ်တယ်။ ဒီနှစ်တော့ မျိုးဆက်သစ် လူငယ်တွေကိုလည်း ရိုးရာလှေပြိုင်ပွဲဆိုတာ ဘယ်လိုဆိုတာ သိအောင်ရယ် လက်ဆင့်ကမ်း ထိန်းသိမ်းသွား နိုင်အောင်ဆိုပြီး လူငယ်အသင်းတွေကို ဦးစားပေး ယှဉ်ပြိုင်စေခဲ့တယ်။ လူငယ်အများစုလည်း စိတ်ဝင်တစား ၀င်ပြိုင်ကြပါတယ်'' ဟု လှေပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးဝင်းအောင်က ပြောကြားသည်။

ယခုနှစ် လှေဦးတိုက် ပွဲတော်တွင် ရွှေကြက်ယက် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ တစ်ရွာလျှင် တစ်သင်းစီ ၁၃ သင်းပါ ၀င်ယှဉ်ပြိုင်ခဲ့ပြီး ငှက်လှေတစ်စီးလျှင် ပြိုင်ပွဲဝင် လှေလှော်သမား ၁၁ ဦး ပါဝင်ကြောင်း၊ ပထမဆုငွေကျပ် တစ်သိန်းဖြင့် ဆုဖလားတစ်လုံး၊ ဒုတိယဆုငွေကျပ် ခုနစ်သောင်းဖြင့် ဆုဖလားတစ်လုံး၊ တတိယဆုငွေကျပ် ငါးသောင်းဖြင့် ဆုဖလားတစ်လုံးစီ အသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

''ရွှေကြက်ယက် လှေဦးတိုက် ပွဲတော်က အင်းဝခေတ် မြန်မာမင်းတွေ လက်ထက်ကတည်းက အစဉ်အလာမပျက် ကျင်းပလာတဲ့ပွဲပါ။ လှေပြိုင်ပွဲ ထည့်သွင်းကျင်းပ ရတာက ကျေးရွာအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိလာပြီး အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်နဲ့ လူငယ်တွေ ကြံ့ခိုင်မှုဖြစ်ပေါ် လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ'' ဟု ဦးဝင်းအောင်က ပြောကြားသည်။ လှေဦးတိုက် ပွဲတော်ကို တော်သလင်း လပြည့်ကျော် ၇ ရက်တွင် ဆွမ်းတော် ကြီးကပ်ခြင်း၊ ၀တ်အသင်းများ ၀တ်တက် ၀တ်ပြုခြင်း၊ ဘုရားဆီမီး ပူဇော်ခြင်းများ ကျင်းပပြီး လပြည့်ကျော် ၈ ရက်တွင် ရွှေကြက်ယက် ကျေးရွာအုပ်စုရှိ ဂေါစက္ကန် ကျေးရွာများမှ ပို့လာသမျှ ဆွမ်းအုပ်များကို သံဃာတော်များကို ပင့်ဖိတ်လောင်းလှူကြောင်း၊ ထိုထဲမှ တစ်ပုံအား ကိုးသင်းရွာသားများက ခံယူကာ လှေဦးတွင် ကန်တော့ပွဲတင်၊ လှေဝမ်းဗိုက်တွင် ဆွမ်းခဲဖွယ်များတင်ကာ လှေကိုအောက်မှ အထက်သို့ သုံးကြိမ်တိုင်တိုင် ရွှေကြက်ယက်ဘုရားကို ဦးတိုက်ကန်တော့ပြီး ဆွမ်းခဲဖွယ်များကို ရေစာ၊ ၀ဲစာကျွေးကာ လှေဦးတိုက် ပွဲတော်ကို စတင်ကျင်းပခြင်း ဖြစ်သည်။

အမရပူရမြို့နယ် ရွှေကြက်ယက် ကျေးရွာအုပ်စုရှိ ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက်ပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ- အောင်သူ)

0 comments to “သမိုင်းဝင် ရွှေကြက်ယက်-ရွှေကြက်ကျဘုရား လှေဦးတိုက် လှေပြိုင်ပွဲ ကျင်းပ”

Post a Comment