Friday, September 27, 2013

“က ယ် တ င် ခြ င်း”

,


ဒီမနက်စောက
ရန်ကုန် Orchid Hotel မှာရောက်ရှိတည်းခိုနေတဲ့ စင်္ကာပူနိုင်ငံသားအချို့Food Poison ဖြစ်ပြီး မူးဝေအော့အန်နေကြတယ်ကြားလို့ ရုံးနှင့်လည်းနီးတာကြောင့် ခဏလှည့်ဝင် သွားခဲ့ပါတယ်။ ဟိုရောက်တော့ Orchid Group ရဲ့MD ဦးဌေးအောင်တစ်ယောက် ဆရာဝန်တွေနဲ့ စင်္ကာပူကျောင်းသားလူငယ်လေးတွေတည်းတဲ့အခန်းမှာ ကိုယ်ဖိရင်ဖိ ပြုစုပေးနေတာ တွေ့ရပါတယ်။

သူတို့ဟာ စင်္ကာပူနိုင်ငံ NG & EANN POLY University မှ တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေဖြစ်ပြီး တည်းခိုနေထိုင်သူ (၃၂) ယောက်အနက် (၁၄) ဦးအကြီးအကျယ် မူးဝေအော့အန်နေကြရှာတာပါ။

ဦးဌေးအောင်ရှင်းပြရာမှာ “ သူတို့မနက် (၂) နာရီ ကတည်းက အန်တာ၊ မူးတာ၊ ဝမ်းလျှောတာ စဖြစ်တယ်လို့ ပြောတယ်။ မနက်အထိ ကြိတ်ကုနေကြတာ၊ မိဘတွေလည်း မပါကြတော့ ကလေးတွေကြည့်ပဲ ရှက်လည်း ရှက်တယ် ထင်ပါတယ်။ ဘယ်လိုမှ မဟန်နိုင်ကြလို့ မနက် (၉) နာရီလောက်မှ Reception ကို အကြောင်းကြားတယ်။ ဟိုတယ်က သတင်းပို့လို့ ကျွန်တော်ကြားကြားချင်းလာပြီး ကူပေးနေတာပါ။
(၂) ယောက်က တော်တော်အခြေအနေစိုးတယ်။ Unconscious တောင် တစ်ချက်တစ်ချက် ဖြစ်ဖြစ်သွားတယ်။ လူကြီးတွေလည်း မပါတော့ သူတို့အတွက် စိုးရိမ်လို့ နီးစပ်တဲ့ဆရာဝန်တွေခေါ်ပြီး treatment ပေးနေတာပါ” လို့ ဆိုပါတယ်။
Hotel Admin အဖွဲ့က သက်ဆိုင်ရာသံရုံး၊ နယ်မြေအာဏာပိုင်အဖွဲ့တွေကို အကြောင်းကြားနေချိန်မှာ ကျောင်းသားတွေနဲ့ လိုက်ပါလာတဲ့ ဆရာ (၂) ဦးက စိတ်ပူလို့ SSC ဆေးရုံကို ခေါ်သွားတယ်ပြောပါတယ်။ ဟိုမှာ စမ်းသပ်တာ လုပ်ပေးပေမယ့် ဆေးကုသဖို့အဆင်မပြေဘူး၊ အခန်းမရဘူးဆိုပြီး သူတို့ပြန်လာကြပါတယ်။ အဲဒီအချိန်မှာ (၂) ယောက်က တော်တော်မျော့နေပြီ။

သူတို့အသက်အန္တရာယ်ရှိပါတယ်။

အထက်လန်အောက်လျောဟာ ပေါ့လို့မရပါဘူး။

သူတို့ဟာ နိုင်ငံခြားသားတွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ဟာ စင်္ကာပူနိုင်ငံအစိုးရခွင့်ပြုချက်နဲ့ ရောက်လာကြသူတွေ။ ဒီအခြေအနေမျိုးမကြုံခဲ့ရင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်ထဲက နန့်တိုင်းဆိုတဲ့ ကျေးရွာလေးမှာ ပြည်နယ်ကျန်းမာရေးဦးစီးမှူးနဲ့ ပူးပေါင်းပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆယ်ရက်တိုင်တိုင် လုပ်အားပေးကူညီကြမယ့် လူငယ်လေးတွေပါ။ သူတို့ တစ်ခုခုဖြစ်သွားရင် (၂) နိုင်ငံဆက်ဆံရေးအထိ ရှုပ်ထွေးလာဖွယ်ရာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဆီမှာကလည်း နိုင်ငံခြားသားဆိုရင်……အရေးပေါ်ကိစ္စမျိုးဆိုရင်…….ချက်ချင်းဆေးကုသပေးဖို့ အကန့်အသတ်တွေများနေဆဲပါ။ သူတို့အုပ်စုကို ဆေးရုံဆေးခန်းပို့ပြီး ချက်ချင်းလက်ခံကုသပေးဖို့ အခက်အခဲရှိခဲ့တာအမှန်ပါ။

××××× ××××× ××××× ××××××

ကျွန်တော် (၁၂း၀၀၀)ချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆီ သတင်းပို့တင်ပြလိုက်တယ်။ ဝန်ကြီးချုပ်ရဲ့ ချက်ခြင်း ကူညီဆောင်ရွက်ပေးမှုကြောင့် သူတို့တွေ ဂျပန်ဆေးရုံကြီးမှာ တက်ရောက်ကုသခွင့်ရသွားကြပါတယ်။ ဆေးရုံအုပ်ကြီးနှင့်တကွ ဆရာဝန်၊ သူနာပြုများ၊ အထူးဂရုစိုက် ကုသပေးခဲ့မှုကြောင့် မွန်းလွဲပိုင်း တိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ စင်္ကာပူသံရုံးက ကောင်စစ်ဝန်တို့ လာရောက်ကြည့်ရှုအားပေး ချိန်မှာ ဆေးရုံတက်နေတဲ့ ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၇) ဦး စုစုပေါင်း (၉) ဦးလုံး Drip ကလေးတွေ ချိတ်လို့ Stable ဖြစ်သွားကြပါပြီ။
တောက်လျှောက်လိုက်ပါလာတဲ့ ဆရာများရော၊ နယ်မြေအာဏာပိုင်အဖွဲ့တွေရော၊ ကျွန်တော်တို့တွေရော အဲဒီကျမှ ဟင်း…. ချနိုင်ကြပါတယ်။
××××× ××××× ××××× ××××××
ဖြစ်စဉ်တွေကို ပြန်လေ့လာကြည့်တော့ သူတို့လေးတွေကို မနေ့ကနေ့လည်ပိုင်းမှာ မြန်မာနိုင်ငံ ဆရာဝန်များ အသင်း (MMA) မှ နေ့လည်စာနဲ့ ဧည့်ခံခဲ့ကြောင်း၊ ညစာကိုတော့ အဖွဲ့ (၃) ဖွဲ့ခွဲပြီး တစ်ဖွဲ့က ဗိုလ်ချုပ်လမ်းက ရွှေမြို့တော် ချစ်တီးထမင်းဆိုင်၊ ကျန် (၂) ဖွဲ့က အဲဒီနားက စိန်သုံးလုံးတရုတ်စားသောက်ဆိုင်နှင့် သုံးဆယ့်ခြောက်လမ်းကြေးအိုးဆိုင်တို့မှာ ညစာ စားခဲ့ကြကြောင်း၊ မနက်(၂) နာရီနောက်ပိုင်းမှာ မူးဝေ အော့အန်မှု (၁၄) ယောက်ဖြစ်ခဲ့ပြီး (၉) ယောက်ဟာ ဆေးရုံတက်ကုသခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ကျန် (၅) ယောက်ကတော့ ဟိုတယ်အစီအစဉ်နဲ့ ဟိုတယ်မှာပဲ ဆက်ပြီးတော့ Treatment ပေးထားဆဲပါ။ ဟိုတယ်မှာ မမောနိုင်မပန်းနိုင် တောက်လျှောက်ကူညီကုသပေးနေသူကတော့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက ဒေါက်တာထွန်းထွန်းဝင်းဆိုသူပဲ ဖြစ်ပါတယ်။
ကျွန်တော်က ဟိုတယ်က ပြန်ထွက်လာချိန် ည(၁၁)နာရီအထိ သူက Orchid Hotel မှာ Care လုပ်နေဆဲပါ။ “နိုင်ငံခြားသားတွေ တစ်ခုခုဖြစ်သွားရင် မကောင်းဘူးဗျာ” လို့သူက ဆိုပါတယ်။
××××× ××××× ××××× ××××××
သူတို့ဟာ မနေ့က ညပိုင်းဆိုင်တွေမှာ စားတဲ့အစားအသောက်ကလွဲရင် တခြားဘာမှမစားခဲ့တာကြောင့် ညစာကြောင့် ဖြစ်ခဲ့ရတယ်လို့ ယေဘုယျသုံးသပ်ရရှိပါတယ်။ အစာအဆိပ်သင့်ရခြင်း အကြောင်းအရင်းကို တာဝန်ရှိသူတွေ ဆက်လက်ဖေါ်ထုတ်ကြမှာပါ။ ညပိုင်းမှာ မိတ်ဆွေသတင်းသမားအချို့ ရောက်ရှိလာတာကြောင့်ရော လူကြီးများစိုးရိမ်စွာ မေးမြန်းနေတာကြောင့်ရော ဖြစ်စဉ်တွေကို အသေးစိတ်မေးကြည့်တော့မှ သူတို့လေးတွေရဲ့ မွန်မြတ်တဲ့စိတ်ဓါတ်တွေကို ထပ်သိလာရတယ်။ သူတို့ဟာ ဒုက္ခရောက်နေသူကို ကယ်တင်ဖို့လာကြာတာ………ဆိုဘဲ။
ကလောမြို့နယ်ထဲက နန့်တိုင်းဆိုတဲ့ ရွာလေးမှာ ယင်လုံအိမ်သာတွေ ဆောက်ပေးကြလိမ့်မယ်။
ရေတွင်းတွေ တူးပေးကြလိမ့်မယ်။
စားသောက်ရေးခက်ခဲနေတဲ့ ရွာသူရွာသားတွေကို ပါလာတဲ့ သူတို့စုဆောင်းငွေလေးတွေနဲ့ ပစ္စည်းပစ္စယတွေ ဝယ်ပြီး လှူဒါန်းကြလိမ့်မယ်။စင်္ကာပူမှာ ကျေးရွာဆိုတာ မရှိဘူး။အဲဒီအတွက် (၂) နိုင်ငံ လူကြီးများကို တင်ပြပြီး Exchange Visit အစီအစဉ်၊ Volunteer Helper အစီအစဉ်နဲ့ သူတို့လာရောက်ကြခြင်းဖြစ်ပါတယ်။
××××× ××××× ××××× ××××××
ညည့်လယ်ယံကျော်လို့ ကျွန်တော်တို့ ဂျပန်ဆေးရုံကြီးကပြန်လာကြတော့ မနက်ပိုင်းက အသည်းအသန်ဖြစ်ခဲ့တဲ့Vietnum ကျောင်းသူလေးက ယဲ့ယဲ့လေးပြုံးရင်း ကျွန်တော်တို့ကို အပေါက်ဝ လိုက်ပို့ပါတယ်။

“Thank you, Thank you very much
We’ve never forgotten Bama People” လို့
မျက်ရည်စများနဲ့ပြုံးပြီးနှုတ်ဆက်တာတွေ့ခဲ့ရပါတယ်……….။

မောင်မောင် (ရန်ကုန်တက္ကသိုလ်)

0 comments to ““က ယ် တ င် ခြ င်း””

Post a Comment