Friday, September 27, 2013

မြန်မာဆိုတာ ရေရှည်တည်တံ့နိုင်ဖို့

,
 
တစ်ခါတုန်းက ဆရာကြီးတစ်ယောက်က ဘယ်လမ်းလိုက်ချင်သလဲလို့မေးတာမို့ May be I will join to Oncology လို့ ဖြေမိတယ်။

ဆရာကြီးက ပြန်ပြောတယ်။ May be ( မသေချာ ) ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းကြောင်း ပြသလိုဖြစ်နေတာမို့ သူများအထင်သေးတတ်တယ်။ မသုံးသင့်ဘူးတဲ့။

အင်းးးးးးးးးးး ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်ပြလွန်းရင် Hyper လို့ အပြောခံရတဲ့ ၀န်းကျင်ကလာမှန်း ဆရာကြီးကမှ မသိတာနော်။

ကိုယ့်ကိုယ်ကို low profile လို့ ခေါ်တဲ့ နှိမ့်ချဆက်ဆံတတ်တဲ့ ပုံစံမျိုးရှိနေမှ လူတွေက သဘောကျတတ်တဲ့ ပတ်ဝန်းကျင်ကနေ high profile လို့ ခေါ်တဲ့ ယုံကြည်မှု ရဲရင့်မှု ပြတ်သားမှုတွေသာ ထိပ်ဆုံးတန်ဖိုးများအဖြစ် ကြီးစိုးတဲ့ပတ်ဝန်းကျင်ကို ရုတ်တရက်ရွှေ့ပြောင်းရတဲ့အခါ နေသားတကျ မဖြစ်တာ၊ ကသိကအောက်နိုင်တာမျိုးစုံကို ကြုံကြရတာ ဓမ္မတာပါပဲ။ အထင်သေး အမြင်သေး မျက်လုံးများကိုလည်း အလွယ်တကူ ဆုအဖြစ်ရတတ်သေးတယ်ပေါ့။

သူတို့အချင်းချင်းမှာတောင် ထိပ်ဆုံးရောက်ဖို့အတွက် အမြင့်ဆုံးတန်ဖိုးတွေဘယ်လောက်အရေးပါသလဲ သိချင်ရင် Iron Lady ကိုသာကြည့်။

သာမာန်အိမ်ရှင်မဘ၀ကနေ ၀န်ကြီးချုပ်ဘ၀မတက်ခင် မာဂရက်သက်ချာကို လေ့ကျင့်ပုံသွင်းခဲ့ကြတာ။ နမူနာယူစရာပါ။

အခုလဲ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်မှာ သမ္မတကြီးရဲ့ ပုံစံဟန်ပန်နဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ မချင့်မရဲ ဖြစ်ကြတာ တကယ်တော့ မဆန်းပါ။

သမ္မတကြီးပြင်းခဲ့တာ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့ပညာရေးဘောင်ထဲကပဲ။

ပဲပင်စိုက်ပြီး ကောက်ညှင်းလိုချင်လို့တော့ မရစကောင်း။

ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အရှိဟာ အရှိပါ။

ပြောချင်တာက နောင် လာမယ့်ကလေးတွေ။

ဖွင့်ထားတဲ့တံခါးတွေ၊ ၀င်လာမယ့် လူအရင်းအမြစ်တွေ၊ ကူးလာမယ့် ယဉ်ကျေးမှုမျိုးစုံ

ကိုယ်ခံအားကောင်းဖို့ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေမှပါ။

မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ့်ယဉ်ကျေးမှုရဲ့ အကောင်း အဆိုးတွေကို အတွင်းကျကျသိပြီး ငါဟာ မြန်မာ လို့ ယုံကြည်မှုရှိမှ။

ဘာသာရေးလဲ ထိုနည်းလည်းကောင်း။

လူမှုရေးလဲ ထိုနည်းလည်းကောင်း။

ထမိန်သိမ်း ၀တ်ရုံနဲ့တော့ ယဉ်ကျေးမှုကို မကာနိုင်။

သြကာသလောက်နဲ့တော့ ဘာသာရေးကို မထိန်းနိုင်။

မလိုအပ်ပဲ ရိုကျိုးဆက်ဆံပုံမျိုးနဲ့တော့ နိုင်ငံခြားသားများက တက်နင်းသွားပါလိမ့်မယ်။

Confidence Confidence Confidence

ကလေးတွေကို ယုံကြည်ရဲရင့်အောင် သင်ပေးကြပါ။ ရုပ်ရော၊ စိတ်ရောပေါ့။

ရွာကြီးဖြစ်လာတဲ့ ကမ္ဘာကြီးအလယ်မှာ သူတို့မားမားမတ်မတ်ရပ်နိုင်မှသာ

မြန်မာဆိုတာ ရေရှည်တည်တံ့နိုင်မှာလေ။

0 comments to “မြန်မာဆိုတာ ရေရှည်တည်တံ့နိုင်ဖို့”

Post a Comment