သြဂုတ်လ
၆ ရက်နေ့တွင် ဖြန့်ချိလိုက်သော စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ဟောင်း
လီကွမ်ယု၏ One Man’s View of the World စာအုပ်သစ်တွင် ပြည်ပရောက်
မြန်မာပညာရှင် အင်အားစု ပြည်တော်ပြန် လုပ်ကိုင်ကြလျှင် မြန်မာနိုင်ငံ၏
စီးပွားရေး တိုးတက်မှု ပိုမိုမြန်ဆန်မည်ဟု ကောက်ချက်ချ ရေးသားထားသည်။
မြန်မာပြည်မှ ယိုစီးသွားခဲ့သော ဦးနှောက်များ ပြည်တွင်း
ပြန်စီးဝင်နိုင်လျှင် မြန်မာပြည်မှ အကျိုးအမြတ် ရမည်ဟု ရိုးရှင်းစွာချသည့်
ကောက်ချက်လား၊ စင်ကာပူနိုင်ငံမှ အဆင့်မြင့် ပညာသင်ကြား လေ့ကျင့်ပေး ထားသော
မြန်မာဦးနှောက်များ ဌာနေပြန်သွားလျှင် စင်ကာပူတွင် အရှုံးပေါ်နိုင်လိမ့်မည်ဟု
သတိပေးသည်လား ဆိုသည်တော့ မကွဲပြားလှ။
ဦးနှောက် ယိုစီးခြင်းဟူသော ဝေါဟာရသည် ၁၉၆၀ ဝန်းကျင်တွင် ဗြိတိန်ပညာရှင်
အများအပြား အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာကြ သည်မှ အစပြု၍ ဗြိတိန်
သတင်းစာများမှ သုံးစွဲလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၉၀
နောက်ပိုင်း တွင် မြန်မာပညာရှင်များ နိုင်ငံပေါင်းစုံသို့ အစုလိုက်
အပြုံလိုက် ထွက်ခွာမှုများ ရှိခဲ့သည်။ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုဖြစ်သည့်
ဗြိတိန်နိုင်ငံမှ အစပြုသုံးနှုန်းခဲ့သည့် ဝေါဟာရ ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ
နိုင်ငံများမှ ပညာရှင်များ ပြည်ပထွက်ခွာ အခြေချခြင်းကို ရည်ညွှန်းသည်က
နှောင်းပိုင်းနှစ်များတွင် ပိုမိုတွင်ကျယ်လာသည်။
အမှန်တကယ်မှာမူ ဦးနှောက် ယိုစီးခြင်း၏ဒဏ်ကို ခံစားရသည်မှာ ဖွံ့ဖြိုးဆဲ
နိုင်ငံများတွင်သာ မဟုတ်ချေ။ ဖွံ့ဖြိုးပြီး နိုင်ငံများသည်လည်း အပါအဝင်
ဖြစ်သည်။ ပညာရှင်များအဖြစ် ပေါ်ထွန်းလာစေရန် ဥယျာဉ်မှူးကဲ့သို့
ပြုစုပျိုးထောင်ထားသည့် ဌာနေနိုင်ငံများမှာ အသီးအပွင့်များ မခံစားရ၍
နစ်နာသည်ဟု ယူဆကြ၍ ဦးနှောက် ယိုစီးသည်ဟု ဆိုလိုကြခြင်း ဖြစ်သည်။
ဦးနှောက်ယိုစီးခြင်း ဖြစ်ရသည့် အကြောင်းရင်းမှာ ဦးနှောက် ပြုန်းတီးမှု
(Brain Waste) ကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ စာတမ်းများက ထောက်ပြကြသည်။
ပညာရှင် အများအပြားသည် တတ်မြောက်ထားသော ပညာရပ် အဆင့်အတန်းအထိ အသုံးချခွင့်
မရပါက ပြုန်းတီးမခံနိုင်ဘဲ အသုံးချခွင့် ရနိုင်သော ဒေသများသို့ ပြောင်းရွှေ့
အသုံးချလိုကြသည်။
ယခင် ဆယ်စုနှစ်များတွင် ကျင့်သုံးခဲ့သော တပ်မတော် အရာရှိများ အစိုးရဌာန
ပေါင်းစုံသို့ ဝင်ရောက် စီမံအုပ်ချုပ်စေခြင်းသည် အရပ်ဘက် ဌာနများမှ
ပညာရှင်များ၏ ဦးနှောက် အများအပြားအား ပြုန်းတီးစေခဲ့သည်။ ထို့အတူ
စစ်ပညာအထူးပြု သင်ယူထားကြသော တပ်မတော် အရာရှိများသည်လည်း သင်ယူထားသော
စစ်ဘက်ဆိုင်ရာ ပညာရပ်၊ လုပ်ကိုင်ခဲ့သော စစ်ရေး အတွေ့အကြုံ များနှင့်
မကိုက်ညီသည့် ဌာနများ ပြောင်းရွှေ့ လုပ်ကိုင်ရခြင်းသည် တပ်မတော် အရာရှိတို့၏
ဦးနှောက် ပြုန်းတီးခြင်းပင် ဖြစ်သည်။ အချို့ ဦးနှောက်များမှာ
ပြုန်းတီးသော် လည်း အခြားနိုင်ငံများသို့ ယိုစီးမသွား။ အချို့
ဦးနှောက်များမှာ ပြုန်းတီး မခံနိုင်၍ အခြားနိုင်ငံများသို့
ယိုစီးသွားခဲ့ကြသည်။
လူမှု သိပ္ပံပညာရှင်များအကြား ၁၉၆၀ နှစ်များတွင် စတင်သုံးနှုန်းခဲ့သော
ဦးနှောက် ယိုစီးခြင်းဟူသည့် အယူအဆမှာ နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၈၀
နောက်ပိုင်းတွင် ပြောင်းလဲသွားသည်။ ဌာနေနိုင်ငံမှ ဆုံးရှုံးရသည်ဟု ယူဆရသည့်
ပညာရှင်များသည် ပြောင်းရွှေ့ သွားသည့် နိုင်ငံများတွင် သေတစ်ပန် သက်တစ်ဆုံး
မနေနိုင်ကြဘဲ မိဘဆွေမျိုးနှင့် မိတ်ဆွေ အသိုင်းအဝိုင်းများရှိရာ
ဇာတိချက်မြှုပ်သို့ ပြန်ဝင် အခြေချလာရာ ပိုမို ဖွံ့ဖြိုးပြီးနိုင်ငံတွင်
ရရှိခဲ့သည့် ပညာ၊ အတွေ့အကြုံများကြောင့် ဦးနှောက်များမှာ
ပိုမိုအဖိုးတန်လာပြီး မိခင်နိုင်ငံမှာ အမြတ်ရသည်ဟု ယူဆကြပြန်သည်။ ဦးနှောက်
ပြန်စီးဝင်ခြင်း (Brain Gain) ဟု ခေါ်ဆိုကြသည်။
ထိုမှတစ်ဖန် ရွေ့လျား ပြောင်းလဲလာသော ကမ္ဘာပြုမှု ဖြစ်စဉ်ကြောင့် ၂၀၀၀
ပြည့်နှစ် အလွန်ခေတ်များနှင့် ပိုမိုကိုက်ညီသည့် အယူအဆတစ်ရပ်
လူမှုသိပ္ပံပညာရှင်များကြား ရေပန်းစားလာပြန်သည်။ ဦးနှောက် လှည့်စီးခြင်း
(Brain Circulation) ဟု အမည်ပေးလိုက်ကြသည်။
ယနေ့ခေတ် ကျွမ်းကျင် ပညာရှင်များသည် ယခင်နှစ် ၅၀ ကျော်က ကဲ့သို့
နိုင်ငံတစ်နိုင်ငံထဲမှ ပြုစုပျိုးထောင်ထားသည့် ပညာရှင်များ မဟုတ်ကြတော့။
နိုင်ငံစုံ လှည့်ပတ်သွားလာကာ ပညာရှာမှီးပြီး လုပ်ငန်း အတွေ့အကြုံ ရှာယူ
လုပ်ကိုင်နေကြသည့် လူငယ်များ ဖြစ်လာသည်။ ထိုသူတို့ကို ပညာရှင်များ
ဖြစ်လာစေရန် အစိုးရ တစ်ရပ်ထဲမှ တာဝန်ယူ ထောက်ပံ့ခြင်းမျိုး မဟုတ်။
သူတို့လုပ်အား၊ စုဆောင်းငွေ၊ ဘဏ်ချေးငွေ အစရှိသည့် ကိုယ်ပိုင်
အစီအမံများဖြင့် ပညာရှာမှီးကြခြင်း ဖြစ်သည်။
ဌာနေနိုင်ငံမှ ထွက်ခွာပြီး အခြားနိုင်ငံတစ်ခုတွင် သွားရောက် လုပ်ကိုင်၍
လေ့ကျင့် သင်ကြားပေးခဲ့သော ဌာနေနိုင်ငံမှ ဆုံးရှုံးရပြီး အခန့်သင့်
ရရှိသွားသည့် အခြားနိုင်ငံမှ အမြတ်ရသည်။ သို့သော် ထိုပညာရှင်သည် အဆိုပါ
နိုင်ငံတွင် ကိုယ်ပိုင် အစီအစဉ်ဖြင့် ထပ်မံ ပညာသင်၊ တစ်ဆင့် မြင့်မားသော
အလုပ်အကိုင်များ လုပ်ကိုင်ပြီးသောအခါ ထိုပညာရပ် အတွေ့အကြုံတို့ဖြင့်
ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖမ်းဆုပ်နိုင်ရန် မိခင်ဌာနေသို့
ပြန်ဝင်သွားပြန်သည်။ ထိုအခါ အဆိုပါ ပညာရှင်များ ရောက်ရှိသွားခဲ့သော
နိုင်ငံများမှာလည်း ဝင်လာခဲ့စဉ်က ရရှိခဲ့သည့် အမြတ်နှင့် ပြန်ထွက်သွား၍
ဆုံးရှုံးရသည့် အရှုံးကြောင့် လုံးဝမြတ်သည် မဆိုနိုင်ချေ။ မိခင်နိုင်ငံ
အတွက်သည်လည်း ထိုနည်းနှင့် လုံးဝရှုံးသည် မဆိုနိုင်ချေ။ ယခင်
အယူအဆများကဲ့သို့ အမြတ်နှင့် အရှုံး (Win-Lose) အခြေအနေ နှစ်မျိုးထဲ
ကောက်ချက်ချယူဆ၍ မရတော့။ ဤဖြစ်စဉ်ကိုပင် ဦးနှောက်များ လှည့်စီးခြင်း (Brain
Circulation) ဟု အမည်ပေး ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် အနှစ် ၂၀ မှ အစပြုကာ မြန်မာလူငယ် အများအပြားသည်လည်း
နိုင်ငံရပ်ခြား ထွက်၍ အဆင့်မြင့်ပညာ သင်ကြားသူများ နှစ်စဉ်
တိုးပွားလာခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ စင်ကာပူ၊ မလေးရှား၊
ဖိလစ်ပိုင်မှသည် ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန် အစရှိသည့်
ဖွံ့ဖြိုးပြီး နိုင်ငံများတို့တွင် မိမိတို့ကိုယ်ပိုင် အစီအစဉ်ဖြင့်
ပညာသင်ကြားပြီး လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်နေသူ အရေအတွက်မှာ နည်းသည်ဟု
မဆိုနိုင်ချေ။ ထိုသူများ လက်ရှိ သမိုင်းဝင် အပြောင်းအလဲအတွင်း တိုင်းပြည်
တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်လျှင် ဦးနှောက်
လှည့်စီးခြင်းဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။
သို့ရာတွင် ဦးနှောက် ယိုစီးခြင်းသည် ဦးနှောက် ပြုန်းတီးမှု (ဝါ)
အသုံးမချနိုင်မှုကြောင့် ဌာနေမွေးရပ်မြေကို စွန့်ခွာထွက်သွားရခြင်း၏
အကြောင်းရင်း ဖြစ်သည်ကို မေ့ထား၍ မဖြစ်နိုင်ချေ။ ထို့အပြင် ပညာရှင်များ
ပြန်ထွက် မသွားစေရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဆွဲဆောင်မည့်
မက်လုံးများ ဖြစ်သည့် အမြဲတမ်း နေထိုင်ခွင့်များ၊ နိုင်ငံသား
အခွင့်အရေးများ၊ သားသမီးများအတွက် ကောင်းမွန်သည့် ပညာရေးစနစ်၊ အဆင့်မြင့်
ကျန်းမာရေး စောင့်ရှောက်မှု၊ လူတန်းစေ့ နေထိုင်နိုင်သည့် အိမ်ရာ
စီမံကိန်းများနှင့် ဝယ်ယူနိုင်စေရန် ထုတ်ပေးထားသည့် အတိုးနိမ့် နှစ်ရှည်
ချေးငွေများ အစရှိသည်တို့ကလည်း ဆုံးဖြတ်ရခက်စေရန် လွန်ဆွဲထားဦးမည် ဖြစ်သည်။
ထို့ကြောင့် ဦးနှောက်များ ပြန်စီးဝင်ခြင်း (Brain Gain) သို့မဟုတ်
ဦးနှောက်လှည့်စီးခြင်း (Brain Circulation) စသည့် မည်သို့သော ဝေါဟာရ
သုံးနှုန်းသည်ဖြစ်စေ နိုင်ငံစုံတွင် ရောက်ရှိနေသည့် ဦးနှောက်များ ပြည်တွင်း
တွင် ပြန်လည် အခြေချ လုပ်ကိုင်လာစေရေးအတွက် လေ့လာခဲ့သည့် ပညာနှင့်
လုပ်ကိုင်လာသည့် အတွေ့အကြုံများ မပြုန်းတီးစေဘဲ ထိုက်တန်စွာ
အသုံးချနိုင်မည့် အခွင့်အလမ်းများ ရှိနေရန် လိုအပ်သည်။ သို့မှသာ ပြည်ပရောက်
မြန်မာပညာရှင် ဦးနှောက်များသာမက အခြားနိုင်ငံမှ ဦးနှောက်များပါ လှည့်ပတ်
စီးဝင်လာစေရန် ဆွဲဆောင်နိုင်မည် ဖြစ်သည်။