Written by - မောင်စံပေါ
(၁)
၂၁ ရာစု အဘိုးကြီးဆိုတော့ ၂၁ ရာစုနဲ့အညီ လိုက်လျောညီထွေ နေတတ်အောင် ကြိုးစားရတာပ။ ကြိုးစားဆိုတိုင်း လွယ်သဟာ မှတ်လို့ဗျာ၊ အခြေအနေလည်း ပေးပါမှ၊ ကျန်းမာရေးကလည်း ကောင်းပါမှ၊ စားဝတ်နေရေးလည်း မပူရပါမှ၊ သုံးစရာ ငွေကြေး ဖွတ်ကလိဒင်္ဂါး လေးတွေလည်း ထိုက်သင့်သလောက် ရှိပါမှ၊ ဒါတွေအားလုံး အကြောင်းစုံ ပေါင်းဆုံမှ ဖြစ်တာ မဟုတ်လားဗျာ။
(၂)
အကြောင်းစုံ တွေးကြည့်လိုက်တော့ ကျန်းမာရေးက ကောင်းနေသေးတယ်။ အခြေအနေ ပြောရရင် အင်တာနက်ရတဲ့ နေရာမှာ ရောက်နေပြီး ကွန်ပျူတာ အခြေခံ ဗဟုသုတလေးလဲ ရှိသဗျ။ ကျွန်ပျူတာ ခလုတ်တွေ နှိပ်တတ်တယ်။ အင်တာနက် သုံးတတ်တယ် ပေါ့ဗျာ။ လူတစ်ယောက်အဖြစ် အသက်ရှင်သန်ဖို့ အနည်းဆုံး လိုအပ်တဲ့ စားစရာ၊ ၀တ်စရာ၊ နေစရာတွေ ပြည့်စုံတယ်။ ဖွတ်ကလိဒင်္ဂါး လေးတွေလည်း ကွန်ပျူတာသုံးဖို့၊ အင်တာနက်သုံးဖို့ ရှိနေတယ်။ ဒီတော့ ဒီအဘိုးကြီး အားတိုင်းယားတိုင်း ကွန်ပျူတာဖွင့်၊ အင်တာနက်တက်၊ မုခဘုတ်အုပ် (Facebook) ကြည့်နေတာ မဆန်းဘူးပေါ့။
(၃)
မုခဘုတ်အုပ် စာမျက်နှာပေါ်ကို သူငယ်လေး တစ်ယောက် တက်လာတယ်။ အချောစားလေးပဲ။ ဟုတ်သလေ ကျုပ်တို့က တက္ကသီလာ မဟာအနွယ်တော်တွေ၊ ဆွေတော်မျိုးတော်တွေ ဆိုတော့ ဒီလိုပဲ ချီးမွမ်းရမှာပဗျာ။ ကျုပ်တက်ခဲ့တဲ့ ဘာသာရပ်ကို ကျုပ်လိုပဲ တက်ခဲ့၊ ဘွဲ့ရခဲ့သူဆိုတော့ ညီတော်လေးပေါ့။ အခုအရာရှိလေးပေါ့။
မှန်းစမ်းပါဦး။ ညီတော်လေး ဘာများ ဖြစ်ပါလိမ့်။ မုခစာအုပ် စာမျက်နှာ ဆိုတာက တက်တက်လာတဲ့ အကြောင်းခြင်းရာ ကိစ္စတွေများလှ မဟုတ်လား။ မီးပျက်တဲ့ အကြောင်း၊ ရေကြီးတဲ့ အကြောင်း၊ စာမရတဲ့ အကြောင်း၊ ယောက်ျားနဲ့ ဝေးနေတဲ့အကြောင်း၊ ရည်းစားကွဲလို့ ဘီအီးသောက်နေတဲ့ အကြောင်း၊ မောင်တော့်ရင်ခွင့် မခိုဝင်ရတာ ကြာလို့ သွပ်တွတ်တွတ် ဖြစ်နေတဲ့ အကြောင်း၊ မှိုင်းတွေအကြောင်း၊ မီးခိုးတွေ အကြောင်း၊ တောင်ကတုံးတွေ သျှောင်မထုံး နိုင်တော့တဲ့အကြောင်း စသဖြင့် အများကြီးမှ အများကြီးဗျာ။ ပြန်ပြီးဖောက်သည် ချရရင် မုခစွယ်စုံကျမ်း ဘုတ်အုပ်ကြီးဖြစ်ပြီး မြန်မာစွယ်စုံကျမ်းတွေ၊ ဗြိတိသျှ စွယ်စုံကျမ်းတွေကို ကျော်တက်သွားလိမ့်မယ်။
ထားပါတော့။ ညီတော်လေး ဘာများရေးထားပါလိမ့်။ ခေါင်းစဉ်တပ်ထားတာက ''အိုဗာတိုင်မရတဲ့ ၂၄ နာရီ'' ဆိုပဲ။ ဆက်ရေးထားတာက ''ဒီတစ်ပတ် စနေ၊ တနင်္ဂနွေလဲ ယူနီဖောင်းဝတ်ပြီး အန်တီ့ကို စောင့်နေပါတယ်'' တဲ့။ အင်္ကျီအဖြူပေါ်မှာ ဌာနတံဆိပ်ရင်ထိုး ထိုးလို့ ခန့်ညားလိုက်ပါဘိ ညီတော်။ ဒီတစ်ပတ်ဆိုတော့ ဟိုတစ်ပတ်စနေ၊ တနင်္ဂနွေတွေလည်း ဒီလိုပဲလို့ မှတ်ယူရတော့မပေါ့။ စနေ၊ တနင်္ဂနွေတောင် အိမ်မကပ် နိုင်ဘူးဆိုရင် နှမတော်က ရိက္ခာပြတ်လိမ့်မယ်။ သတိသာ ကြပ်ကြပ် ထားပေကရော့ ညီတော်။
(၄)
''စောင့်ဆိုလို့ ပြောရဦးမယ်ဗျာ။ စောင့်ခဲ့ရတာတွေလည်း များလှပါပြီ။ စောင့်ခဲ့ရတဲ့ အချိန်တွေလည်း ကြာခဲ့ပါပြီ။ ကြာတော့လည်း စောင့်ရတဲ့ ကိစ္စကို လုပ်ကိုမလုပ်ချင်တော့တာ။ အခုလည်း လာပြန်ပြီဗျာ''။
''ဘာလာတာလဲဗျ''
''အစည်းအဝေးတဲ့ဗျာ။ လူကြီးက ဘယ်အချိန် လာမလဲသာ မသိတာ။ ၁၀ နာရီစမယ့် အစည်းအဝေး အတွက် ၉ နာရီခွဲ နေရာယူပြီး ဖြစ်ပါရန်တဲ့၊ ၉ နာရီအရောက် သတင်းပို့ပါရန် တဲ့ဗျား''။
''အဲဒီတော့''
''အချိန်ပေါ့ဗျာ။ အချိန်၊ ကြိုလာပြီး စောင့်ရတဲ့ အချိန်ဗျာ။ အစည်းအဝေးတွေက ခဏခဏခေါ်တယ်။ နေ့တိုင်းလိုလို ရှိတယ်။ အလုပ်လုပ်ရမယ့် အချိန်တွေ ကုန်ကုန်တာပေါ့ဗျာ။ အစည်းအဝေး တစ်ခုအတွက် စောင့်ရချိန် တစ်နာရီဆိုရင် ရှစ်ခုဆို ရှစ်နာရီ။ တစ်ရက်စာ အလုပ်ချိန်ကုန်ပြီပေါ့။ ဒါတောင် အသွားအပြန် အချိန်တွေ ထည့်မတွက် သေးဘူးနော်''။
မိတ်ဆွေ အရာရှိကြီး တစ်ယောက်ရဲ့ ပေါက်ကွဲသံစဉ်။
(၅)
တစ်ရက်စာ အလုပ်လုပ်ချိန်တဲ့။ နိုင်ငံတော် သမ္မတကြီးကတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ရုံးချိန်ထက်ပိုပြီး အလုပ်မခိုင်းဖို့ ညွှန်ကြားထားတယ်ဆိုပဲ။ ဒါပေမဲ့။ ဟုတ်ကဲ့ ဒါပေမဲ့တွေလည်း ရှိပါသတဲ့။ ဟုတ်ကဲ့ဆိုပြီး ခေါင်းအမြဲညိတ်တာ ပုတ်သင်ညို။
အဖော်လုပ်ပေးရတဲ့ ပုတ်သင်ညိုဂျူတီ ဆိုတာလည်း ရှိသဗျ။ ညနေရုံးဆင်းချိန် ရောက်လို့ ၀န်ထမ်းငယ်တွေ၊ စာရေးစာချီတွေ ပြန်သွားပေမယ့် ညွှန်ချုပ်က မပြန်သေး။ ညွှန်ချုပ်က မပြန်သေးတော့ ဒုညွှန်ချုပ်ကလည်း ရုံးမဆင်းရဲ။ အလုပ်လုပ်စရာ ရှိရှိ မရှိရှိ ညွှန်ချုပ် ည ၈ နာရီမှ ပြန်လည်း စောင့်ပေကရော့ပဲ။ ညွှန်ချုပ်ကလည်း တစ်ပတ်မှာ ငါးရက်လောက်တော့ ရုံးဆင်းနောက်ကျ တတ်တယ်။ ညနေရုံးဆင်းချိန် လွန်ပြီးမှ ဖတ်ရတဲ့စာတွေ ဖြတ်ရတဲ့ အလုပ်တွေက မနည်းမနောကိုးဗျာ။ ကြာလာတော့ ညွှန်မှူးတွေ အလှည့်ကျ တာဝန်ချပြီး စောင့်ပေးကြတယ်။ ဒုညွှန်မှူး၊ လာက်ထောက် ညွှန်မှူးတွေလည်း အတူတူပေါ့ဗျာ။ ခိုင်းစရာရှိရင် ခိုင်းရအောင်။ လုပ်ပေးစရာရှိရင် လုပ်ပေးရအောင်ပေါ့ဗျာ။ ကိုယ့်အလုပ် မရှိတော့လည်း စာဖတ်လိုက်။ အင်တာနက်ကြည့်လိုက်၊ ဂိမ်းကစားလိုက်နဲ့ စောင့်ရတာပ။ အဲသလို အဖော်လုပ်ပေးရတဲ့ အထူးတာဝန်ကို ကိုယ့်ဘာသာ နာမည်ပေးထားကြတယ်။ ပုတ်သင်ညိုဂျူတီ။
(၆)
နောက်ဂျူတီ တစ်ခုက စာရေးတော်ဂျူတီ။ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သုတေသနစာ တမ်းဖတ်ပွဲတွေ၊ သင်တန်းတွေ၊ ဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ ခဏခဏ လုပ်တတ်တဲ့ ဌာနကြီး တစ်ခုပေါ့ဗျာ။ အဲဒီမှာ လူကြီးပြောဖို့ အဖွင့်မိန့်ခွန်း၊ အပိတ်မိန့်ခွန်းတွေ ရေးရတဲ့ ဂျူတီဗျာ။ အများစုကလည်း နိုင်ငံတကာနဲ့ ပတ်သက်နေတော့ ဗိုလ်လိုရေးရတာပ။
ဆိုင်ရာ အချက်အလက်စုရ၊ ရှာရ ရေးရ၊ အကြမ်းတင်ပြရ၊ ဟိုဟာထည့်ဆို ထည့်ရ၊ ဒီဟာနုတ်ဆို နုတ်ရနဲ့ အဲဒီညွှန်မှူးခမျာလည်း ပြောတော့သာ ညွှန်မှူး (ဘာ/ညာ) ဆိုရ မိန့်ခွန်းတွေ တန်းစီရေးနေရတာနဲ့ အချိန်ကုန်ပါရော။ အဲဒီတော့ ညည်းရှာတယ်။
''တော်ရုံသင့်ရုံဆို ပြီးရောပေါ့ကွာ။ အခုတော့ တစ်ခါတစ်ခါကို နည်းတာမဟုတ်ဘူး။ ကျမ်းပြုနေရတာ ကျနေတာပဲကွာ။ ပြီးတော့လည်း ရေးထားတာ အကုန်ဖတ်ချင်မှဖတ်၊ ရေးထားတဲ့အတိုင်း ပြောချင်မှ ပြောတာမောင်။ လူတွေကလည်း သိပ်စိတ်ဝင်စားတာ မဟုတ်ပါဘူးကွာ''
(၇)
''စိတ်မ၀င်စားတာတော့ မပြောနဲ့လေကွာ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာမှ မဟုတ်တာ။ လုပ်သမျှပွဲတွေ လူစည်အောင်ဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် အကုန်မလာမနေရ လာခိုင်းတက်ခိုင်းတော့ ဘာမှအကျိုး မရှိဘူးပေါ့ကွာ။ ကိုယ့်မူလ အလုပ်လဲပျက်နဲ့ ခက်ပါတယ်ကွာ''
နောက် သူငယ်ချင်းတစ်ယောက်ရဲ့ ''အင်အားပြ ဂျူတီ'' နဲ့ ပတ်သက်တဲ့ မှတ်ချက်။
(၈)
ပြောရရင် သွားရလာရတဲ့ အချိန်ကလည်း ထည့်တွက်ရမယ့် အချက်တစ်ချက်ပါ။ ရန်ကုန်မှာဆို ကားတွေကျပ်တော့ ကားပေါ်မှာ အချိန်ကုန်တာ များလာပါပြီ။ ကားကျပ်တာ နာမည်ကြီးတဲ့ ဘန်ကောက်တို့၊ ဂျကာတာတို့ကိုတောင် မီခဲ့ပြီလား။ ကျော်တက်ခဲ့ပြီလား။
''သူများကို မီသလား၊ ကျော်ပြီလား သွားပြောမနေနဲ့ကိုယ့်လူ။ ကိုယ့်အခြေအနေ ကိုယ်သိပြီး အကောင်းဆုံး အဖြေရှာရမှာ။ ကားအရေအတွက်က ချက်ချင်းကြီး ၀ုန်းခနဲများလာတယ်။ ကားမောင်းသူတွေထဲမှာ စည်းကမ်းမသိ၊ စည်းကမ်းမရှိတွေ တိုးလာတယ်။ လူတွေ လမ်းကူးစရာ လူကူးတံတားတွေ အများကြီး လိုနေသေးတယ်။ အများပြည်သူသုံး ပို့ဆောင်ရေးတွေ အဆင့်မြင့်ပေးရမယ်။ ဘတ်စ်ကားတွေ ပိုများအောင်၊ အဆင့်မြင့်အောင် လုပ်ရမယ်။ ပုဂ္ဂလိက ဘတ်စ်ကားတွေ ၀င်ငွေရအောင် အလုအယက်မောင်း၊ စည်းမရှိ ကမ်းမရှိမောင်း၊ တိုက်မှောက် ထွက်ပြေးစတဲ့ ကိစ္စတွေ ဖြေရှင်းရမယ်။ အဲဒီအတွက် နိုင်ငံတော်က ယာဉ်မောင်းနဲ့ နောက်လိုက် စပယ်ယာတွေကို လခကောင်းကောင်းပေးပြီး အစီးရေများများ၊ အခေါက်ရေများများ၊ အချိန်မှန်မှန် ဆွဲနိုင်အောင် လုပ်ပေးရမယ်။ အဲဒီအတွက် အရှုံးခံသင့်ရင် အရှုံးခံပေး။ လုပ်ပေးရမှာပဲ။ ကွာလာလမ်ပူမြို့လယ်မှာ ဆွဲပေးနေတဲ့ ဘယ်နားသွားသွား အလကားဆိုတဲ့ အဲယားကွန်း ဘတ်စ်ကားတွေ လောက်အထိ လုပ်ပေးရမယ် မပြောပါဘူး။ ပြီးတော့ မိုးပျံလမ်း၊ အမြန်လမ်း၊ မြေအောက်ရထား၊ မိုးပျံရထား''
''တော်တော် သူငယ်ချင်း၊ မင်းပြောတာတွေလုပ်ဖို့ ပိုက်ဆံအများကြီး လိုတယ်။ ဘယ်မှာလဲ မင်းပိုက်ဆံက''
''ဒါကတော့ ရှာရ ဖွေရ၊ အကူအညီ တောင်းရ၊ ချေးရ ငှားရမှာပေါ့''
''အေး ... အေး ချေးချင်ငှားချင် ကူညီချင် စရာလေးလဲ ဖြစ်ဦးမှပေါ့ကွာ''
ရှစ်မိုင်လမ်းဆုံနဲ့ ရန်ကုန်မြို့လယ် ခရီးကို နှစ်နာရီကျော် ကားစီးရလို့ စိတ်တိုနေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အငြင်းအခုံပါ။ အတင်းမယုံ ခိုင်းပါဘူး။ ကျုပ်ကိုယ်တိုင်လဲ ခဏခဏ ကြုံနေရပါတယ်။
(၉)
ဒီနေ့ခေတ် ကာလဟာ အင်မတန် အရေးကြီးတဲ့ ကာလကို ရောက်နေပါတယ်။ အလုပ် အများကြီး လုပ်ကြရမှာပါ။ အလုပ်အများကြီး လုပ်ဖို့ အချိန်အများကြီး လိုပါတယ်။ တကယ် အလုပ်လုပ်ချင်တဲ့ လူတွေ၊ တကယ် အလုပ်လုပ်နိုင်တဲ့ လူတွေရဲ့ အချိန်တွေ အလဟဿ ကုန်သွားမယ်ဆိုရင် အင်မတန် နှမြောစရာ ကောင်းပါတယ်။ ဆက်ပြီးတော့ မရောင်ရာ ဆီလူးတာတွေ ကြောင်ရေချိုးတာတွေ လုပ်နေကြမှာလား။ အချိန်ဟာ အသက်၊ အသက်ဟာ ဘ၀တဲ့။ အချိန်တွေ ကုန်သွားတာဟာ ဘ၀ရဲ့ အစိတ်အပိုင်းတွေ ပဲ့ပါသွားတာပါပဲ။
(၁၀)
''ရဲသျှမ်း'' က သူ့ရဲ့ဝတ္ထုတိုပေါင်းချုပ် စာအုပ်တစ်အုပ်ကို နာမည်ပေးထားတာက ''ကျွန်တော်အချိန်သူခိုး'' တဲ့။
နိုင်ငံခြားသား မိတ်ဆွေတွေကို စောင့်ရတဲ့ အချိန်မှာ သူတို့က ခဏလေး အချိန်ပေးဖို့ အားတောင့်အားနာနဲ့ ခွင့်ပန်လာရင် ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“Take your time”
ဟုတ်ကဲ့။ ကျုပ်ကတော့ ရင်းနှီးတဲ့ မိတ်ဆွေတွေကိုဆိုရင် နောက်ထပ် ၀ါကျတစ်ကြောင်း ထပ်ဆက် ပြောလေ့ရှိပါတယ်။
“Don’t take my time”
နောက်တာပါ။ အတည်ယူမယ် ဆိုရင်လည်း ရကြောင်းပါခင်ဗျား။
(၀န်ခံချက်-ပိုက်ဆံကို ဖွတ်ကလိဒင်္ဂါး ဆိုတာ (ဆရာကြီး) အီကြာကွေးရဲ့ ဝေါဟာရကို ခေတ္တငှားရမ်း သုံးစွဲခြင်း ဖြစ်ပါကြောင်း၊ နောင်တွင်လည်း ဆက်လက် သုံးစွဲဦးမည် ဖြစ်ပါကြောင်းနှင့် ပြန်လည် ပေးအပ်ရန် အစီအစဉ် မရှိပါကြောင်း)
တာမွေမြို့နယ် ဦးချစ်မောင်လမ်းနှင့် ဗိုလ်စိန်မှန် လမ်းပေါ်တွင် စက်တင်ဘာ ၂၄ ရက်က ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ) ကြည်နိုင်