ခေတ်ကြီးကပဲ
တိုးတက်လွန်းလာတာလား .... မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေပဲ
ပျက်စီးကုန်တာလားတော့ မသိတော့ပါဘူး။ ဟိုတစ်လောက လှဝိုင်းတို့
လင်မယားနှစ်ယောက် မန်းလေးသွားလည်ရင်း ဈေးချိုနားက ဟိုတယ်တစ်ခုမှာ
တည်းတုံးကပေါ့။ မနက်တစ်ပိုင်းလျှောက်လည်ပြီးလို့
နေ့လည်ခဏပြန်နားတဲ့အချိန်ဆိုရင် ဟိုတယ် Reception မှာ ဆယ့်ခြောက်နှစ်
ဆယ့်ခုနစ်နှစ်အရွယ်လေးတွေ Check in လုပ်ကြ Check out လုပ်ကြနဲ့။
မြင်ရတွေ့ရတာ မျက်စိမချမ်းသာဘူးရယ်။
သူတို့ပြောတဲ့ စကားလုံးလေးက လှတယ်။ ဘာတဲ့ ..... Living Together တဲ့။ တစ်ခုလောက်တော့ ပြောပြချင်ပါတယ်။ အနောက်နိုင်ငံတွေမှာ Living Together ဆိုတာ မဆန်းပါဘူး။ သားသမီး အသက် 18 နှစ်ပြည့်တာနဲ့ မိဘကလဲ သွားချင်ရာသွား အိပ်ချင်တဲ့လူနဲ့အိပ် လုပ်ချင်ရာလုပ် - လှည့်မကြည့်ကြတော့ပါဘူး။ နောက်ပြီး သူတို့ရဲ့ Living Together ဆိုတာ လက်မထပ်ထားတာတစ်ခုပဲ ရှိပါတယ်။ တစ်အိမ်ထဲ အတူတူနေတယ်။ အတူတူသွားတယ် လာတယ်။ တစ်ယောက်ရဲ့ ဝမ်းနည်းမှုကို တစ်ယောက်က ဖြေသိမ့်ပေးတယ်။ တစ်ယောက် အားငယ်နေရင် တစ်ယောက်က အားပေးတယ်။ ဒီတော့ သူတို့ရဲ့ Living Together ဆိုတာ လက်မထပ်ရသေးတာတစ်ခုပဲ ကျန်ပါတယ်။ ကျန်တာအားလုံးကတော့ တကယ့် အကြင်လင်မယားတွေလို နေထိုင်ကြတာပါ။ ကိုယ်နဲ့ အဆင်မပြေတော့ရင်တော့ ဂျောင်းပေါ့။ သူတို့ လက်မထပ်ထားဘူးဆိုတာက အဓိက အဲ့ဒီ အချက်ကြောင့်ပါ။ သူတို့နိုင်ငံတွေမှာ လက်ထပ်ထားပြီး လင်မယား ကွာရှင်းချင်ရင် ဇာတ်လမ်းက အတော်ရှုပ်ပါတယ်။ ဒါကြောင့် လက်မထပ်သေးဘဲ အတူတူနေကြည့်ကြတယ်။ နှစ်နှစ် သုံးနှစ်ပေါ့။ အတူနေကြည့်လို့ အဆင်ပြေပြီဆိုမှ လက်ထပ်ကြပါတယ်။ ဒါက အနောက်နိုင်ငံများရဲ့ Living Together။
မြန်မာနိုင်ငံရဲ့ Living Together ကတော့ ဆန်းတယ်။ သမီးရည်းစားချိန်းတွေ့တယ်။ ချိန်းတွေ့ရာကနေ စိတ်မထိန်းနိုင်တော့ရင် ဟိုတယ်တွေ တည်းခိုခန်းတွေ ရောက်ကုန်ကြရော။ ပြီးရင် အင်္ကျီလေးဘာလေး ဆွဲဆန့် ခေါင်းလေးဘာလေးဖြီး အိတ်လေးလွယ်ပြီး အိမ်ပြန်ကြတော့တာ။ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုလဲ မကျ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုလဲ မကတော့တဲ့ Living Together ကြီးပေါ့။
မြန်မာတွေဟာ အင်မတန်ယဉ်ကျေး သိမ်မွေ့ကြသူတွေပါ။ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေဟာလဲ အင်မတန် အထက်တန်းကျတာပါ။ မြန်မာလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ မြတ်စွာဘုရားရှင်ကလဲ ခိုးကြောင်ခိုးဝှက် ပြုမူတဲ့ အဗြဟ္မ စရိယာတွေကို ခွင့်မပြုခဲ့ပါဘူး။ တစ်ကြိမ်တစ်ခါ စိတ်အလိုလိုက်ပြီး မိုက်ခဲ့မိပြီးရင်လဲ နောက်ထပ်တစ်ကြိမ်ဆိုတာမျိုး ရှိမလာသင့်တော့ပါဘူး။ ခုဟာက သောက်လေ သောက်လေ ငတ်မပြေဖြစ်ပြီး လူကြားထဲတောင် မရှောင်နိုင်ကြတော့တာတွေထိ ဖြစ်လာကြတော့တယ်။
ယူမှာပဲလေ လို့ ပြောကြတဲ့သူတွေလဲ ရှိပါရဲ့။ ဘယ်တော့ ယူမှာလဲ ပြန်မေးတော့ ခွေးအလှည်းနင်း အထစ်ထစ်တွေ ဖြစ်ကုန်ကြရော။ တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့သည်ရှိသော် အရင်ဆုံး နစ်နာရမှာက မိန်းကလေးဘက်ကပါ။ အပျိုရည် ပျက်ဖူးတဲ့ မိန်းကလေးကိုလဲ ဘယ်သူကောင်းသားကမှ လှည့်မကြည့်တော့ပါဘူး။ မြန်မာ့လူနေမှု အသိုင်းအဝိုင်းထဲမှာလဲ ဘယ်လိုမှ အထင်ကြီးမခံရတော့ပါဘူး။ ယောက်ျားလေးက ဖုတ်ဖက်ခါ ထသွားလို့ရတယ်။ ဒီတော့ မြန်မာအမျိုးကောင်းသမီးလေးများ မိမိကိုယ်ကို ထိန်းသိမ်းကြပါ။ ယောက်ျားသားများကလဲ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ မိန်းကလေးကို မင်္ဂလာဦးည မရောက်မချင်း အပျိုစင်လေးအဖြစ် တင့်တင့်တယ်တယ် သန့်သန့်ရှင်းရှင်း ရှိနေပါစေ။
ဒါမှ လှဝိုင်းတို့ မြန်မာတွေဟာ အင်မတန် ယဉ်ကျေး သိမ်မွေ့ကြသူတွေပါ ဆိုတာ .....
လှဝိုင်း (နည်းပညာ)