Saturday, September 28, 2013

ဒုတိယရဲအုပ်လောင်း(အမျိုးသမီး)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

,

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ်လောင်း(အမျိုးသမီး) သင်တန်း အမှတ်စဉ်(၇၃/၂ဝ၁၂)စည်သူတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာ ၂၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်း(အမျိုးသမီး)သင်တန်း အမှတ်စဉ်(၇၃/၂ဝ၁၂)၊ စည်သူတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက် နံနက် ဝ၇၃ဝ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲဦးစီးအရာရှိချုပ်နှင့် ဦးစီးအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့မှူးများ၊ သင်တန်းသားများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် ရဲချုပ်ဇော်ဝင်းက ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် သင်တန်းဆင်းတပ်ခွဲ ဒုတိယရဲအုပ်လောင်းများက ရဲချုပ်အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ရဲချုပ်က အကောင်းဆုံးကျောင်းသူဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆုရ ကျောင်းသူအမှတ်(၄၆)၊ ဒုတိယရဲအုပ်လောင်း(မိုးအေး)၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ကျောင်းသူအမှတ်(၁၆၈)၊ ဒုတိယရဲအုပ်လောင်း(အေးအေးထွန်း)၊အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသူအမှတ်(၁၇၃)၊ ဒုတိယရဲအုပ်လောင်း(ကြည်ပြာထင်အောင်)၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသူအမှတ်(၂၂၈)၊ ဒုတိယရဲအုပ်လောင်း(ခိုင်သဇာကျော်)တို့အား ဆုများကို ချီးမြှင့်သည်။ယင်းနောက် ရဲချုပ်က မိန့်ခွန်းပြောကြားရာ၌ ‘‘အရာရှိငယ်တစ်ဦးတွင်ရှိရမည့် အရည်အချင်းများ ဖြစ်သော နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိခြင်း၊ အထက်အောက်ရိုသေလေးစားခြင်း၊ အမိန့်နာခံ တတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်ဝနေအောင် သင်တန်းကျောင်းကလေ့ကျင့် သင်ကြားပေးလိုက်ပြီဖြစ်၍ အရည်အချင်းပြည့်မီသည့် အမျိုးသမီးအရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရတော့မည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတကာရဲတပ်ဖွဲ့တိုင်းတွင် အမျိုးသမီးရဲအရာရှိများ၏ ဘက်ပေါင်းစုံက တာဝန်ယူဆောင်ရွက်မှုများသည် အရေးပါသည့် အင်အားတစ်ရပ်ဖြစ်ကြောင်း။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီရဲလုပ်ငန်းကို အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း၊Democratic Policing ခေါ်သော ဒီမိုကရေစီရဲလုပ်ငန်း၏ အနှစ်သာရမှာ ပြည်သူလူထုဗဟိုပြုသည့် ရဲလုပ်ငန်းဖြစ်ကြောင်း၊ လူထုလုံခြုံမှုဆိုင်ရာ ပြသနာများကိုဖြစ်ပေါ်စေသောမှုခင်းများ လူမှုဘဝ မတည်ငြိမ် မှုများနှင့် မှုခင်းများကိုကြောက်လန့်ခြင်း အစရှိသည်တို့ကို ကြိုတင်ကာကွယ်သည့်နည်းလမ်းများ၊ ပြသနာများကို အဖြေရှာပြီး ကိုင်တွယ်သည့်နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း။ အမျိုးသမီးများသည် လူ လူချင်းဆက်ဆံမှုဆိုင်ရာ Interpersonal Skill များမြင့်မားသည့် ဆက်ဆံရေးကောင်းမွန်သူ Good Communicator များဖြစ်နေခြင်းကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် အချိုးမညီစွာကျရောက်နေသော အကြမ်းဖက်မှုSexual and gender besed violence များကို ကိုင်တွယ်ဖြေရှင်းရာ၌ အလွန်အရေးပါကြောင်း၊ရဲမေများသည်အကြမ်းဖက်မှုမျိုးစုံ ခံစားနေကြရသော မှုခင်းသားကောင် (Victims) များအပေါ်၌ လူသားချင်း စာနာသည့် အားပေးမှု၊ ပံ့ပိုးမှုများပေးရန်၊ အပြစ်ကျူးလွန်သည့်တရားခံများ ဖော်ထုတ်ပြီး အပြစ်ကျူးလွန်သူများကို အမြန်ဆုံးတရားစီရင်၍ တရားမျှတမှုရယူပေးကြခြင်းဖြင့် တပ်ဖွဲ့ကို အထောက် အကူပြုပေးရမည်ဖြစ်ကြောင်း။ ပြည်သူများ၏ ဘဝလုံခြုံမှုရှိစေရန် အဓိကတာဝန်ထမ်းဆောင်ရသည့် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း၊ တစ်သားတည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ်ကို ရင့်သန်အောင်မွေးမြူပြီး ပြည်သူလူထုကို မိဘဆွေမျိုးသားချင်းသဖွယ် ရင်းနှီးပွင့်လင်းစွာပြုမူဆက်ဆံကြရန် ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ မိမိကိုယ်တိုင်ကလည်း ဥပဒေလိုက်နာမှုမှာ အများလေးစားရသည့် စံနမူနာပြပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း။ သို့မှ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဒီမိုကရေစီရဲလုပ်ငန်း စနစ်အောင်မြင်မှုရမှာဖြစ်ကြောင်း။ ရဲမေများသည် ဒီကျောင်းတော်ကြီးက ဆင်းသွားသည်နှင့် တာဝန်ကျရာတပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရတော့မှာဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အရည်အသွေး မြင့်မားတဲ့ ခေါင်းဆောင်ငယ်တွေဖြစ်အောင် ကြိုးစားတည်ဆောက်ခြင်းဟာ တပ်ဖွဲ့ကြီးကို အရည်အသွေး မြင့်မားတောက်ပြောင်အောင် ကြိုးစားနေခြင်းလည်းဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် နည်းပညာ ခေတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီရဲတပ်ဖွဲ့ကြီးဖြစ်လာအောင် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ခေတ်မီသည်ဆိုသည်မှာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ခေတ်မီတိုးတက်အောင် ပြင်ဆင်ရမှာဖြစ်ကြောင်း။ ရဲမေတို့အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ နိုင်ငံတကာနှင့် ဝင်ဆံ့နိုင်သော ဘာသာစကားတတ်ကျွမ်းမှု၊ ဆက်ဆံရေးပြေပြစ်မှု၊ ကျိုးကြောင်း ဆင်ခြင်မြှော်မြင်နိုင်မှု စသည့်အရည်အချင်းတွေ ပြည့်ဝအောင်ကြိုးစားကြရမှာဖြစ်သလို ခေတ်မီဆန်းပြားသည့် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေကို စနစ်တကျကိုင်တွယ် အသုံးချနိုင်အောင် လေ့ကျင့်သင်ယူပြီး နည်းပညာအကူအညီနဲ့ မှုခင်းတားဆီးနှိမ်နင်းရေး၊ ရဲလုပ်ငန်း ထိရောက်မြန်ဆန်ရေး ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ သို့မှသာ ပြုပြင်ပြောင်းလဲတိုးတက်နေသော ဒီမိုကရေစီကျင့်စဉ်များ နှင့်အညီ ပြည်သူလူထုကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ကြောင်း။ ရဲတပ်ဖွဲ့ရဲ့အဓိကတာဝန်မှာ To Protect and Serve the People ဖြစ်တယ် To Protect ဆိုတဲ့အတိုင်း ပြည်သူလူထုကို ဥပဒေမဲ့ကျူးလွန်မှုများမှ ကာကွယ်ပေးရမယ်။ To Serve ဆိုတဲ့အတိုင်း ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးမှုနှင့် လူမှုဘဝလုံခြုံဘေးကင်းရေး ဆောင်ရွက်ပေးခြင်း အားဖြင့် အလုပ်အကျွေးပြုကြရမယ်။ အထူးသဖြင့်ရဲမေတို့ဟာ တိုင်းရင်းသားပြည်သူလူထုကြားက သန္ဓေတည် ပေါက်ဖွားလာကြတဲ့ တပ်ဖွဲ့ဝင်များဖြစ်လို့ မိမိတာဝန်ကျရာဒေသအသီးသီးမှာ ဒေသခံတိုင်းရင်းသားပြည်သူ များကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီး ဆောင်ရွက်ရာမှာ လူသားများ၏ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို လေးစားမှုနှင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန် ပြည်တွင်းဥပဒေများအပြင် နိုင်ငံတကာစံချိန် စံညွန်းအတိုင်း သိရှိလိုက်နာဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း။ ရဲမေတို့အနေနဲ့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ သစ္စာ၊ သမာဓိ၊ သတ္တိဆိုတဲ့ဆောင်ပုဒ်ကို ဦးထိပ် ပန်ဆင်ပြီး မိမိရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် လေ့ကျင့်နေထိုင်သွားကြရန် လိုကြောင်း။သင်တန်းကျောင်းမှ လေ့ကျင့်ပေးလိုက်သော သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်များတွင် အကျိုးရှိစွာအသုံးချကြရန်နှင့် ဖြောင့်မတ်မှန်ကန်သော ကိုယ်ကျင့်တရားထားရှိ၍ တစ်သက်တာလုံးမရပ်မနားသင်ကြားမှုပြုကာ ကြိုးစားဆောင်ရွက်သွား ကြစေလိုကြောင်းမှာကြားခဲ့ပါသည်။အဆိုပါသင်တန်းဆင်းပွဲသို့ သင်တန်းသူတပ်ဖွဲ့ဝင်(၂၇၉)ဦး၊ စာရေးဝန်ထမ်း(၂၅)ဦး၊ စုစုပေါင်း (၃ဝ၄)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်း ရရှိသည်။

0 comments to “ဒုတိယရဲအုပ်လောင်း(အမျိုးသမီး)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ”

Post a Comment