Sunday, September 29, 2013

* အချောင်ရလိုက်တဲ့ငွေနဲ့ ပျက်ပြားသွားတဲ့စိတ်ဓာတ် *

,

ဆရာသုတ
JOB seekers Journal (Vol.2 No.17- 28.9.2013)
လက်ပ်တော့ပ် ကွန်ပျူတာ တစ်လုံးကို ၃-၄သိန်းလောက်နဲ့ ရ တဲ့ အခုအချိန်မှာလွန်ခဲ့တဲ့ ဆယ်နှစ် လောက်က သာမန်အဆင့်လောက် လက်ပ်တော့ပ် တစ်လုံး ၀ယ်ချင်ရင် သိန်း၂၀ကျော် ပေးရတယ်ဆိုတာ များလွန်းတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့လည်း သူ့ခေတ်နဲ့ သူ့ဈေး၊ သိန်း၂၀ကျော်ပေးပြီးလက်ပ်တော့ပ် ၀ယ်သုံးသူတွေအများကြီးပါ။ အခု အချိန်မှာ အဲဒီလက်ပ်တော့ပ်တွေ ထဲက ရိုရိုသေသေကိုင်လို့ ကောင်း နေသေးတဲ့လက်ပ်တော့ပ်တွေလည်း ရှိမှာပါပဲ။ ဒါပေမဲ့ သွားရောင်းရင် ဘယ်သူမှ ၀ယ်တော့မယ် မထင် ဘူး။ ၀ယ်ရင်လည်း သောင်းဂဏန်း ရရင် ကံကောင်းပဲ။ အဲဒီလိုပဲ တစ်ချိန်က လက်ကိုင်ဖုန်းတစ်လုံး ကို သိန်း ၄၀လောက်နဲ့ ၀ယ်ပြီး သုံးတဲ့လူတွေလည်း ရှိခဲ့ပါတယ်။ အခု အဲဒီဖုန်းကတ်တွေကို ရောင်း ရင် ၂သိန်း ၃သိန်းထက် ပိုမရနိုင် ဘူးထင်ပါတယ်။ အခု သံရည်ကျို စက်ပို့နေတဲ့ မော်တော်ကားတွေ လည်း တစ်ချိန်က ချမ်းသာတဲ့သူမှ စီးနိုင်ခဲ့တဲ့ ကားတွေပါ။ သိန်း ၂၀၀၊ ၃၀၀ နဲ့ ၀ယ်စီးခဲ့ရတယ်။ဒါကတော့ တန်ဖိုးကြီးတဲ့ လူသုံးပစ်္စည်းတွေ ၀ယ်ယူအသုံးပြုရင်း တန်ဖိုးဆုံး သွားတာ၊ တန်ဖိုးအများကြီး လျော့ ကျသွားတာကို ကြုံတွေ့ရတဲ့ ပထမ အုပ်စု ဆိုပါတော့။
ဒုတိယအုပ်စုကတော့ ပစ်္စည်း ၀ယ်ရာမှာ ကံကောင်းပြီး တန်ဖိုးမ ရှုံးတဲ့အပြင် အများကြီး အမြတ်အ စွန်းရသွားတဲ့ အုပ်စုပါ။ တစ်ချိန်က စာတိုက်ကြီးမှာ ဆဲလူလာဖုန်းတွေ ကို မည်သူမဆို ၅သိန်းနဲ့ လျှောက် လို့ ရတုန်းက လျှောက်ထားလိုက် ပြီး ဖုန်းဈေးတွေ ကောင်းလာတော့ သိန်း ၂၀လောက်နဲ့ ပြန်ရောင်းခဲ့တဲ့ သူတွေ၊လေးဘီးကားတွေ တစ်သိန်း ကိုသုံးစီးလောက်အထိဈေးကျခဲ့စဉ် က ၀ယ်ထားခဲ့ပြီး ယာဉ်အိုယာဉ် ဟောင်း အအပ်လက်ခံတဲ့အခါကျ တော့ သိန်း ၁၀၀ကျော် ရသွားကြ သူတွေ၊ တစ်ချိန်က မြို့သစ်မှာ မြေ ကွက်ကလေးကို ၄-၅ သိန်းနဲ့ ၀ယ် ထားပြီး အခု သိန်း ၄၀၀၊ သိန်း ၅၀၀ နဲ့ ပြန်ရောင်းတဲ့လူတွေပါပါ တယ်။
““အဲဒီအုပ်စုနှစ်စုမှာ ဘယ်အုပ် စုထဲပါတဲ့သူ ဖြစ်ချင်ပါသလဲ”” လို့ မေးရင်ဒုတိယအုပ်စုထဲပါချင်တဲ့သူ များမယ် ထင်ပါတယ်။ အလကား နေရင်း ကံကောင်းပြီး အများကြီး အမြတ်အစွန်းရလာတာကိုဘယ်သူ မလိုချင်ရှိပါ့မလဲ။ အလကားနေရင်း ကံဆိုးပြီး လက်ထဲက ပစ်္စည်း ဈေး ကျ တန်ဖိုးဆုံးသွားတာကို ဘယ်သူ ကြုံတွေ့ချင်ပါ့မလဲ။
ဒါပေမဲ့ လက်တွေ့ဘ၀မှာ ဒီ လူသုံးပစ်္စည်းတွေက ရှုံးတာ မြတ် တာ တစ်ခုထဲကို ကြည့်လို့မရဘူး၊ အလုပ်အကိုင်နဲ့ အထွေထွေ လူနေ မှုဘ၀ကိုပါ ကြည့်ဖို့ လိုမယ်ထင် တယ်။ အဲဒီလို နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့်ကြည့်လိုက်မယ် ဆိုရင် ပထမအုပ်စုက လူတွေအ များစုဟာ ငွေတွေအများကြီး ဆုံး ရှုံးသွားတာမှန်ပေမယ့်ဆင်းရဲမသွား ဘူး။ အလုပ်အကိုင် ကောင်းနေသူ တွေဖြစ်တဲ့အတွက် နောက်ထပ်အ သစ်အသစ်သောလက်ပ်တော့ပ်တွေ ကိုဝယ်သုံးနိုင်ကြတယ်။ အိုင်ဖုန်း တွေ၊ အိုင်ပက်တွေ၊ အင်ဒရိုက်ဖုန်း တွေ၊ တက်ဘလက်တွေကို ပြောင်း သုံးကြတဲ့သူတွေလည်း ရှိတယ်။ အချို့ဆို ကားဝယ်ရင် ရှုံးမှာ သိ လျက်နဲ့ ပိုပြီး တန်ဖိုးကြီးတဲ့ ကား တွေကိုတောင်တန်တယ်ဆိုပြီးပြောင်း စီးလိုက်သေးတယ်။ ဒုတိယ အုပ်စု ကလူတွေကတော့ငွေတွေအများကြီး မြတ်စွန်းသွားတာမှန်ပေမယ့်အများ စုက ဒုံရင်းဒုံရင်းပါပဲ။ သူတို့ဘ၀မှာ ဘာမှသိသိသာသာ ထူးခြားတိုး တက်သွားတာကိုမတွေ့ရဘူး။အချို့ ဆိုရင် တစ်ချိန်က အများကြီးမြတ်ခဲ့ တာကို စွဲလမ်းအောက်မေ့ပြီး လုပ် လက်စ အလုပ်ကလေးတွေကို စွန့်၊ ၀ယ်ရောင်းလိုလို ပွဲစားလိုလို ဟို ယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားကြတယ်။
ဒီနေရာမှာ ခေတ်စနစ်တွေရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ် တွေကို ပြောလိုရင်း မဟုတ်ဘဲ ကိုယ့်အလုပ်ကို ဖိဖိစီးစီးအောင် မြင်အောင်လုပ်နေရင် ပတ်ဝန်း ကျင်မှာဖြစ်ပျက်နေတဲ့ဈေးအတက် အကျတွေရဲ့ ဒဏ်ကို ထိုက်သင့်သ လောက်ခံနိုင်တယ်ဆိုတာကို သိစေ လိုရင်းဖြစ်ပါတယ်။တစ်ဆက်တည်း ခေတ်စနစ်ရဲ့ ထူးခြားချက်ကြောင့် ကြက်ကန်း ဆန်အိုးတိုးပြီး ကိုယ့် လုပ်အားနဲ့ စဉ်းစားတွေးခေါ်မှု မပါဘဲ အချောင်ရလိုက်တဲ့ ငွေတွေ ဟာ ရေရှည်မှာ အကျိုးဖြစ်အောင် သုံးဖို့ ခက်တတ်တယ်၊ လုပ်နေကျ အလုပ်တွေက ရတဲ့ဝင်ငွေကို နည်း တယ်ဆိုပြီး မတင်းတိမ် မရောင့်ရဲ နိုင်ဖြစ်ရာက လက်ကြောမတင်း တော့ဘဲ စိတ်ဓာတ်တွေ ပျက်ပြား သွားနိုင်တယ်ဆိုတာကို သတိပြုရ မှာဖြစ်ပါတယ်။ ဆိုလိုတာက အ ချောင်ရလိုက်တဲ့ ငွေဆိုတာ တ ကယ်တော့ အချောင်ရတာ မဟုတ် ဘဲ မတင်းတော့တဲ့ လက်ကြော၊ ပျက်ပြားသွားတဲ့ စိတ်ဓာတ်တွေနဲ့ ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။
အလုပ် လုပ်တယ်ဆိုတာ ကျည်ပွေ့နဲ့ ဆန်ဖွတ်သလို တစ်နေ ရာတည်း ထောင်းရပါတယ်။ ဆန် စင်ရာ လိုက်ပြီး မထောင်းရပါဘူး။ ကိုယ်လုပ်နေကျ အလုပ်ကို အကျိုး အမြတ်နည်းလို့ ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ အသေ အချာစဉ်းစားပြီး ရေရှည်အတွက် ပြောင်းတာမျိုးဘဲ ဖြစ်ရမယ်။ ဒါမှ လည်း လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး နာမည်ရလာ မှာ ဖြစ်ပါတယ်။ လက်ပ်တော့ပ်ကို သိန်း ၂၀၊ ဖုန်းကို သိန်း၄၀၊ ကားကို သိန်းထောင်ဂဏန်း စသည်ဖြင့် ၀ယ်သုံးနိုင်ပြီး အဲဒီပစ်္စည်းတွေ သောင်းဂဏန်းအထိ ဈေးကျသွား လည်း ဘယ်လိုမှသဘောမထားဘဲ နေနိုင်တဲ့ အနေအထားမျိုးကို ရောက်အောင် ကြိုးစားမယ်လို့ ရည်မှန်းပြီး ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းနယ်ပယ်ထဲမှာပဲ တစ်နေ့ ထက်တစ်နေ့တိုးတက်မှု ရသထက် ရအောင် လုံ့လ၀ီရိယ စိုက်ထုတ်ပြီး အလုပ်လုပ်သင့်ပါတယ်။ အတိတ် ကံက ကောင်းနေလို့ ၀ယ်ထားမိတဲ့ ပစ်္စည်းတွေက ၄-၅-၁၀ ဆ၊ အဆ တစ်ရာ၊အဆတစ်ထောင်ဈေးတက် ပြီး အမြတ်အစွန်းတွေ အများကြီး ရခဲ့ရင်လည်း ဒီငွေတွေဟာ ငါအ တိတ်ကံ ကောင်းခဲ့လို့ ရတာဖြစ် မယ်လို့ တစ်ကြိမ်တစ်ခါပဲ ရတတ် တဲ့ သဘောသဘာဝကို နားလည် လက်ခံပြီး အကြိမ်ကြိမ်ရဖို့ အား စိုက်မနေဘဲ လက်ထဲက ငွေတွေကို အရင်းအနှီးရင်လည်းလုပ်၊ ကုသိုလ် ကောင်းမှုရင်လည်းလုပ်၊ အပျော် အပါးအသောက်အစားနဲ့ အချည်း နှီး ပျောက်ပျက်မသွားရအောင် သတိကြီးကြီးထားပြီး ရေရှည်အ တွက် စီစဉ်သင့်ပါတယ်။

0 comments to “* အချောင်ရလိုက်တဲ့ငွေနဲ့ ပျက်ပြားသွားတဲ့စိတ်ဓာတ် *”

Post a Comment