Sunday, September 29, 2013

“အရံ လူ”

,
                                                           


             တိုင်များကြားမှ ကျဉ်းကျဉ်းကျပ်ကျပ် မြင်နေရသော လမ်းမကြီးက အခါတိုင်းထက် ပိုကျယ်နေသည့်အလား ထင်ယောင်မှားရသည်။ တိုင်များကို ဆုပ်ကိုင်ထားရသော လက်နှစ်ဖက်မှာလည်း နီရဲနေလောက်ပြီ။ တလှုပ်လှုပ် တခါခါ မောင်းနေသောကားကြောင့် နာကျင်နေသော်လည်း လက်ကို မလွှတ်ရဲ။ နံဘေးအပေါက်မှ တိုးဝှေ့ဝင်လာသော လေနုအေးသည် ကားအတွင်း မရောက်မီပင် နံစော်သောလေနွေးနွေးများ အဖြစ်ပြောင်းလဲသွားကြ၏။ ကာရံပိုင်းခြားထားသော အရှေ့ပိုင်းကို မမြင်ရသော်လည်း ဆူဆူညံညံအသံများက တစ်ချက်တစ်ချက်လျှံ ထွက်လာနေကြသည်။ ဘယ်လိုမှ ပျော်ရွင်စရာမကောင်းနိုင်သော နေရာတွင် ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေနိုင်ကြသူများကို သူအံ့သြ၍ မဆုံး။
                သူဆုပ်ကိုင်ထားသည့် တိုင်၏အပေါ်နားတွင် လက်တစ်ဖက်က ဆုပ်ကိုင်လာသည်။ မကြည့်ရဘဲ မြင်နေရသည်ကနီနီရဲရဲ လက်သည်းနီဆိုးထားသော လက်ချောင်းများ။ သူ၏ကိုယ်လုံးကို သိမှတ်မဲ့ တစ်ခြားဖက် တိုးကပ်မိသည်။ ဘေးအကာသံပြားနှင့် လူက ထိကပ်နေသည့်တိုင် ဆက်တိုးနေမိပြန်၏။ ပူလောင်လောင်၊ နွေးတေးတေး သံပြား၏ အထိအတွေ့ကြောင့် သူ့ကိုယ်က တစ်ချက်တွန့်သွားမိသော်လည်း အပူခံ၍ ဆက်ကပ်နေမိပြန်သည်။ ပူလောင်သော အငွေ့အသက်၊ အပေါစား နှုတ်ခမ်းနီအနံ့၊ အမျိုးသားတို့၏ ကိုယ်မှထွက်သော အောက်သိုးသိုး ချွေးနံ့၊ စွဲနေသောဆေးလိပ်နံ့၊ အစရှိသည့် အနံ့အသက် အတွေ့အထိတို့က သူနှင့် စိမ်းလွန်းလှသည်။
                 သူ၏ နံဘေးမှ ပျစ်ပျစ်ချွဲချွဲ ခိုးခိုးခစ်ခစ် ရယ်သံတစ်ချို့နှင့် ပြီတီတီ ယောက်ျားသံအချို့ကြောင့်  သူ၏မျက်နှာ နားရွက်တို့ ထူပူလာသကဲ့သို့ ခံစားနေရ၏။ မျက်နှာကို ရှေ့သို့ ဇွတ်အတင်း တိုးကပ်ထားနေမိသည်။ ရှုပ်ရှုပ်ထွေး လမ်းမကြီးအတိုင်း တရွေ့ရွေ့သွားနေသော ကားကြီးထဲမှ သူ့တစ်ကိုယ်လုံးများ အငွေ့ပျံ လွင့်ထွက်သွား၍များ ရပါက ဘယ်လောက်ကောင်းပါလိမ့် မည်နည်း။ နံဘေးမှ အသံများက အရှိန်ရလာပုံရသည်။ တခစ်ခစ်၊ တသိမ့်သိမ့် ရယ်နေသော ကိုယ်လုံးတစ်ခုက သူ့ဆီထိကပ်နေသည်။ သူ့ခန္ဓာကိုယ်ပါ လိုက်လှုပ်ခါနေရသည်။ အပြင်သို့သာ အတင်းတိုးကြည့်နေမိပြန်တော့သည်။ မှတ်မိနေသော လမ်းတစ်ခုသို့ ကားက ချိုးကွေ့သွားစဉ် ရင်ထဲ၌ လှိုက်ခနဲ ဖြစ်သွား၏။ ကျောင်းပို့ ကျောင်းကြို သွားနေကျဖြစ်၍ မြင် မြင်သမျှအားလုံးကို မှတ်မိနေသည်။ အို ..ရှေ့နားဆို သားတို့ကျောင်းပေါက်ရှေ့ ဖြတ်တော့မှာဟု အသိဝင်ခိုက် ယောင်ရမ်း၍ ခေါင်းကိုငုံ့ချလိုက်မိသည်။
                  ကျဉ်းကျဉ်းကျပ်ကျပ်အထဲ ကားကလည်းအစောင်း နဖူးနှင့်သံတိုင်က ရိုက်မိသွားသည်။ အတန်ကြာမှ ခေါင်းမော့ပြီး မြင်ရသလောက် လည်ပြန်ကြည့်မိတော့ ကျောင်းလေးကို လွန်သွားပြီ။ နဖူးက အခုမှ နာလာသည်။ သို့သော် ရင်ထဲမှ ဒဏ်ရာနှင့် ယှဉ်လိုက်တော့ နဖူးကအနာသည် ပမွှားဖြစ်သွားရ၏။ ခေါင်းကိုပြန်ငုံ့လိုက်စဉ် ခြေဖမိုးပေါ်သို့ ပူနွေးနွေး အရည်တစ်စက် ဖတ်ခနဲ ပြုတ်ကျသွားပါသည်။

                                ×××××××××××××××××××××××××××××××××

                     ကလေးကျောင်းပို့ပြီး အပြန် အိမ်ပေါက်ဝရှိသေး ဆူဆူညံညံ အသံများက မစုကို အသင့်စောင့်ကြိုနေကြသည်။ စက်ဘီးကို ဒေါက်ထောက်အပြီး အိမ်ထဲ အပြေးတပိုင်း ဝင်လာလိုက်၏။ ဒေါသတကြီး အော်လိုက်သံက လှမ်းလိုက်စ ခြေလှမ်းကို တုန့်သွားစေပါသည်။

                    “ထွန်းလင်း..နင် အချိန်လည်းကြည့်ဦး၊ ခုမှ မျက်နှာသစ်ပြီးကာစ ရှိသေးတယ်၊ ငါ့စိတ်ကို လာလာဆွမနေနဲ့.ဟင်း….သူများတွေ လာဘ်ဖွင့်၊ မင်္ဂလာယူနေတဲ့အချိန် ဒီက မိနုတစ်ယောက်တော့ ကြည်ပါဦး၊ ဆဲဆိုနေလိုက်ရတာ။ ထွန်းလင်းရယ်..နင့်ဖာသာ သောက်စရာရှိသောက်ပြီး အေးအေးနေပါလားဟာ…အခုတော့ ကြည့်ဦး ကျက်သရေကိုမရှိဘူး၊ ဒါကြောင့်လည်း ငါ အခုရက်ပွိုင့်ကို မတည့်ဘူး..အဲ့ ဒါ နင့်ကြောင့်..သူတောင်းစားရဲ့”

                     “အေး..နုနု မှတ်ထား၊ ငါကလည်း အရက်ကို သောက်ချင်လို့သောက်နေတာ မဟုတ်ဖူး၊ ကိုယ့်မိန်းမ ဟိုလူ့ဆိုင်ကယ်နောက်ပါသွား၊ ဒီလူ့ ကားနဲ့လိုက်သွား၊ ပြီး တဟီးဟီး တဟားဟားနဲ့…အဲ့ဒါတွေ မတွေ့ချင်၊ မကြားချင်လို့သောက်နေတာ ..ဘာ..ဘာ.ဖြစ်လဲ”

                       အထဲမှ အပြန်အလှန် အသံတွေကြားနေရကတည်းက မစု အခြေအနေကို မှန်းဆ ရနေပြီ။ မျက်နှာချင်းဆိုင် ရပ်လျက် ဒေါသအမျက် ချောင်းချောင်းထွက်နေကြသော ညီမနှင့် မတ်အကြား သူအမြန်ဝင်ရပ်လိုက်ရသည်။

                        “ဟယ်..မင်းတို့ကလဲကွယ်၊ တော်ကြပါတော့၊ အခုမှ ကလေးကျောင်းပို့ပြန်လာတာ ၊ စောစောစီးစီး ..ပတ်ဝန်းကျင်လည်း အားနာကြပါဦး”

                        နုနုက အင်္ကျီကြယ်သီးတပ် ဝတ်နေရာမှ အစ်မဖြစ်သူကို မဲ့ရွဲ့ ပြောပြနေသည်။ခေါင်းစုတ်ဖွားနှင့် ထွန်းလင်းက ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။

                  “စု…ဘာမှဝင်ပြောမနေနဲ့၊ ဒီကောင်က အေးအေးဆေးဆေး ဇိမ်နဲ့ ထိုင်စားနေရတာကိုတောင် ကောင်းကောင်းမနေချင်ဘူး၊ ဒီသောက်ရည်ကိုလည်း မသောက်နဲ့လို့ တားလို့လား၊ အိမ်ထောင့်တာဝန်လည်း ဘာတွေများ လုပ်ရလို့တုံး၊ ကလေးကိစ္စတွေကအစ မမပဲ အကုန်လုပ်ပေးနေတာ။ ဒါကို ဒင်းက ရန်ရှာရှာနေတာ။ မဖြစ်ပါဘူး မမရယ်။ နုကိုလည်း တရားမချပါနဲ့တော့၊ နု သူ့ကို စိတ်ကုန်လှပါပြီ”

                     “ဟေ..ဟားဟား..ဟားဟား…စိတ်ကုန်မှာပေါ့ နုနုရဲ့ နင်က ငါမရှိမှ လွတ်လွတ်လပ်လပ် တော်သလင်းဇာတ် ခင်းကောင်းမှာကိုး..ဒီစကားမျိုးပဲ ပြောမှာပေါ့..ဟားဟ..”

                     ဝုန်းခနဲ ထွန်းလင်းဆီ ပြေးသွားသော နုနုကို မစုတစ်ယောက် မနိုင်မနင်း လှမ်းဆွဲထားလိုက်ရသည်။ နုနုကတော့ ဒေါသစိတ်ကြောင့် တစ်ကိုယ်လုံး တုန်တုန်ရီရီ။ မစုက နုနုကို ဖက်ဆွဲထားရင်း

                   “ကဲ မောင်ထွန်းရယ်၊ အစ်မသနားရင် တော်ပါတော့၊ ရော့ ပိုက်ဆံ..သွားသွား၊ မင်းမိတ်ဆွေတွေ စောင့်နေကြရော့မယ်”

                    ထွန်းလင်းက မစုပစ်ပေးလိုက်သော ပိုက်ဆံ အလိပ်လေးအား ကောက်၍ ပေစောင်းစောင်းကြည့်ရင်း ထွက်သွားသည်။ မစုလည်း ခုမှ သက်ပြင်း ချနိုင်တော့သည်။ နုနုကတော့ အသားများ တဆတ်ဆတ်တုန်လျက်၊ တောက်တစ်ခေါက်ခေါက်။

                    “ကဲကဲ နု….မျက်နှာလေး ပြန်သစ်ပြီး ပြင်လိုက်ဦး၊ စိတ်လျှော့ပါ ညီမလေးရယ်၊ မမ မျက်နှာမကြည့်ပါနဲ့၊ သားသား အတွက်တစ်ခုထဲပဲ ခေါင်းထဲထားပါ၊ ကလေးက ခုမှလေးတန်း၊ ငယ်လွန်းပါသေးတယ်ကွယ်၊ သည်းခံပါ သူနဲ့ တုတုမဖြစ်ပါနဲ့လို့ အမြဲပြောနေတာကို”

                     “ဒါပဲ နောက်ဆုံးတော့ စုတရားနာပြီး အံကြိတ်မျိုချရလွန်းလို့ အံသွားတွေတောင် ကျွံကုန်ပြီ။ ဒီမယ်မမ..မမက အဲ့လို ကာဆီးကာဆီးလုပ်နေလို့ ဒင်းက ရောင့်တက်တာ။ ဟင်း မိနုစိတ်နဲ့များ ဒင်းပြာဖြစ်နေတာကြာလှပြီ၊ စနေသမီး ဘာများမှတ်နေတုံး''

                     နုနုစကားအဆုံး သက်ပြင်းမောချရသူက မစု။ သူတို့ လင်မယားရန်ဖြစ်တိုင်း သူပဲအမြဲ ပွဲထိန်းပေးနေကျဆိုတော့ လုပ်ရိုးလုပ်စဉ်လိုပင် ဖြစ်နေသလားမသိ။ သူသတိထားမိသည်ကတော့ အတန်ကြာပြီ။ နုနုမြေပွဲစားအလုပ်
စတင်အောင်မြင်သည်လောက်ကပင် ဖြစ်လိမ့်မည်။ နဂိုကတည်းက လက်ကြောမတင်း လတ်လျှားလတ်လျှားကောင် ထွန်းလင်းကလည်း အလုပ်မယ်မယ်ရရမရှိ။ မူလအစကတော့ သူတို့လင်မယား အတူတူ တွဲလုပ်ခဲ့ကြသေးသည်။
                                                    ဘုဂလန့် ဂျစ်ကန်ကန်ထွန်းလင်းနှင့် သည်အလုပ်မျိုးက အဆင်မပြေ။ နောက်ပိုင်း မြေကွက်အရောင်းအဝယ်များ ကောင်းလာချိန်မှာတော့ ထွန်းလင်း အလုပ်ထဲမလိုက်တော့။ အရက်ဆိုင်နှင့် အိမ်ကိုပဲ ကူးချည်သန်းချည်။ တစ်ခါတစ်လေလည်း အိမ်ကိုပင် ပြန်မလာတတ်တော့။ မိန်းမက ပေးသောပိုက်ဆံနှင့် ဇိမ်အကျကြီးကျနေတော့သည်။ သူတို့အကြောင်း တွေးမိတိုင်း မစုတစ်ယောက် အမောကြီးမောရသည်။ ချစ်လှစွာသော သားလေးသံယောဇဉ်သာ မရှိလို့ကတော့ ရိပ်သာရောက်နေသည်မှာ ကြာလှဟု တွေးနေမိပြန်၏။
                                                    ညီမဖြစ်သူနုနု အကြောင်းလည်း အသိသားမို့ စိတ်ညစ်ရသည်။ ငယ်ကတည်းက ထက်သော၊ စွာသောနုနုက သူနှင့် တခြားစီ။ အခုလည်း မိသားစုတာဝန်အားလုံး ခေါင်းပေါ်ထမ်းထားရရှာသော ညီမဖြစ်သူအပေါ်လည်း သနားမိပြန်၏။ ထွန်းလင်း ထင်နေသလို မဟုတ်မှန်းလည်း သူကောင်းကောင်းသိနေသည်။ ပြဿနာဖြစ်တိုင်း ညီမဖြစ်သူကိုသာ နားချရပေါင်းကလည်း များလှပြီ။ အဓိက ရည်ရွယ်သည်ကတော့ သူ့တူလေးအတွက် စဉ်းစားပေးနေရခြင်းပင်။ ထွန်းလင်း လည်း အသိဝင်ပြီး တစ်ချိန်ချိန်ပြန်ကောင်းလာလိမ့်မည်ဟုလည်း မျှော်လင့်နေခဲ့မိသည်။ မိမစုံ၊ ဖမစုံ ကြီးပြင်းလာခဲ့ရသော ဘဝ၏ ခါးသီးသည့် အတွေ့အကြုံကြောင့် သူ့တူလေးကိုလည်း သူ့လို မကြုံစေချင်ပါ။ အခုလည်း ထုံးစံအတိုင်း ညီမဖြစ်သူအား ရွှေပြည်အေးတရားဟောအပြီး မစုမှာ မောကျန်နေခဲ့ရတော့သည်။


                             ×××××××××××××××××××××××××××××××××



                 နုနုတစ်ယောက် မြူးရွှင်နေသည်။ ညီမကိုကြည့်ပြီး ပီတိစိတ်နှင့် ကြည်နူးနေရသူက မစု။ ဒီပုံအတိုင်းဆို ပွိုင့်ကြီးကြီး တည့်လာပုံရသည်။

                      “စုရေ…ဟိုနေ့က အကွက်သေးတည့်သွားတဲ့ ဝယ်လက်လေ၊ မှတ်မိတယ်မဟုတ်လား၊ အဲ့ဒါ သူက စက်ရုံဆောက်ဖို့ ဧကကွက်အကြီး လိုချင်လို့ မှာထားတာ။ မနေ့က ပြတဲ့အကွက်ကို အတော်သဘောကျနေတယ်။ လူလည်း အများကြီးမပါဘူး မဝေနဲ့ နုနဲ့ နှစ်ယောက်ထဲ။ ပွိုင့်က လှနေပြီ မနက်ဖြန်သဘက် တည့်တော့မှာ၊ နုတော့ ထောပြီ မမရေ။ စုအတွက်လည်း နားကပ်လေး ပြန်လုပ်ပေးမယ်နော်..မမ”
                                                                                                                                                                 “မလိုပါဘူး ညီမလေးရယ်။ မမက ဘာမှမလိုပါဘူး၊ နုတို့ မိသားစု ပျော်ရွှင်နေတာမြင်ရရင်ပဲ မမက ကျေနပ်ပြီးသား။ သားလေးရှေ့ရေးအတွက် အရေးကြီးတာ။ မောင်ထွန်းလည်း သည်းခံပြီး စောင့်ပေးပါနုရယ်။ လောလောဆယ် မကောင်းတာတော့မှန်ပါတယ်။ ဒါပေမဲ့ သားလေး သံယောဇဉ်နဲ့ သူပြင်လာလိမ့်မယ်လို့ မမက ထင်ထားတာ။ ညီမလည်း အလုပ်လုပ်တာတော့လုပ်ပေါ့၊ အနေအထိုင် ၊အသွားအလာ ဆင်ခြင်။ ဒါ ညီမလေးကို ခြေလှမ်းမှားနေတယ် မဆိုလိုဘူးနော်၊ မောင်ထွန်းက ဒါကိုပဲ ထောက်ပြထောက်ပြပြီး ပြောပြောနေတော့..

                                                 “အို မမရယ်။ ဒီလောကကြီးမှာ နုအကြောင်း မမလောက်သိတဲ့သူ မရှိပါဘူး၊ အလုပ်သဘောအရ သွားရတာ၊ လာရတာတော့ ရှိတာပေါ့၊ ဒါပေမဲ့ သူပြောသလို မဟုတ်ပါဘူးမမရယ်၊ ဘယ်သွားသွား မဝေက အမြဲ တတွဲတွဲ ပါ ပါတယ်မမ။ နုသိက္ခာ၊ နု ကိုယ်ကျင့်တရား အပွန်းအပဲ့မခံပါဘူးမမ..ဒါကိုတော့ စိတ်သာချ။ ဟို သူတောင်းစား မူးမူးရူးရူးနဲ့ စွပ်စွဲနေတာ မနည်းသည်းခံနေရတာ၊ မမအမြဲ ပြောသလို သားလေးမျက်နှာတစ်ခုထဲကြောင့် ဒင်း သက်သာနေတယ်မှတ်၊ ဘယ်နေ့ မိနု လက်စာမိမယ်မသိဘူး၊ မခံနိုင်တဲ့တစ်နေ့တော့ ဒင်း ကိစ္စတုန်းပဲ….ခွေးမြီးကောက် ဘယ်တော့မှ ဖြောင့်မှာ မဟုတ်တော့ပါဘူး မမရယ်”

                   မစုက နုနုပါးစပ်ကို အသာလှမ်းပိတ်လိုက်ရင်း

                                               “အို နုရယ်၊ ညီမလေး ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ မမ မကြိုက်ပါဘူး၊ မမအတွက်က ဘာမှမလိုအပ်တော့ပါဘူ၊ မမက မိသားစုရဲ့ အရံလူပါကွယ်၊ မမ အဓိက ဖြစ်စေချင်တာက သားသားလေးကို မိစုံဖစုံနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းသွားတာပဲမြင်ချင်တာပါ။ အဲ့လိုဖြစ်အောင်သာ ကြိုးစားပေးပါ ညီမလေးနုရယ်..။ အခုဆို လုပ်ငန်းကလည်း အောင်မြင်စပြုနေပြီဆိုတော့ အလုပ်ထဲ အာရုံစိုက် လုပ်ညီမလေး။ မောင်ထွန်းလည်း အသိတရားရပြီး ကောင်းကောင်းမွန်မွန် ဖြစ်လာအောင် နားချပေါ့ကွယ်”

                                      “အင်း..စု ..စု ငါ့အစ်မ အပျိုကြီး ဘာမှမသိရှာဘူး၊ ကျောက်ခဲကို ရေညှစ်ချင်တုန်း။ လူတိုင်းသူ့စိတ်နဲ့နှိုင်းပြီး အကောင်းမြင်လွန်း အားကြီးနေတာ၊ ဒီမယ်မမ စောစောကကို ပွိုင့်တည့်မှန်းသိလို့ ပိုက်ဆံ ငါးသောင်းတဲ့..တောင်းနေတာ၊ ဘာလုပ်မှာလဲဆိုတော့ ဘာလုပ်လုပ်တဲ့ ၊ ပေးချင်စရာ..လုပ်ပေါက်က၊ ငါးသောင်းမပြောနဲ့ ငါးပြားတောင်မပေးဘူး ပြောလွှတ်လိုက်တယ်၊ အလကားကောင်၊ မမသာ မရှိရင် ဒီလိုကောင်မျိုး ဆယ်ခါပြန်ကွဲပြီးပြီ”

                                                      “နုကလည်းကွယ် နည်းနည်းပါးပါး ကျေနပ်အောင်ပေးလိုက်ပြီးရော၊ သားလေး မျက်နှာကြည့်၊ မမ မျက်နှာ ထောက်စရာမှမလိုတာပဲလေ၊ မိဘဆိုတာ ကိုယ့်စိတ်ဆန္ဒထက် သားသမီးဘဝအတွက် ဦးစားပေးရမှာ၊ လိုအပ်ရင် ကိုယ့်ဘဝကိုတောင် သားသမီးအတွက် စတေးရဲရမယ်။ ဒါ မိဘတစ်ယောက်ဖြစ်လာရင် ထားသင့်တဲ့စိတ်သဘောထားပဲ၊ ညီမလေးနုက လိမ္မာပါတယ်၊ ငယ်ကတည်းက မမဆုံးမ လာခဲ့တာပဲ..ကဲကဲ စိတ်လျှော့၊ ပျော်စရာလေးတွေပဲ စဉ်းစားနော် ညီမလေး”

                                        “အင်း ငါ့အစ်မ သူတော်ကောင်းကြီး ရိပ်သာမှာမနေရဘဲ၊ အနိဌာရုံတွေနဲ့ပဲ တွေ့နေရတာ..စိတ်မကောင်းစရာ”

                                          မစုတစ်ယောက် ညီမဖြစ်သူနုနု၏ ဆံပင်လေးများကို နုညံ့စွာပွတ်သပ်ပေးနေရင်း ပြုံးနေပါတော့သည်။


                          ×××××××××××××××××××××××××××××


                                            မွန်းတည့်နေ၏ အပူရှိန်ပြင်းပြင်းအောက်တွင် မစုစက်ဘီးနင်း၍ အိမ်ပြန်လာခဲ့သည်။ ကလေးကျောင်း ထမင်းသွားကျွေးပြီး သူ့တူလေးမှာလိုက်သော ပါဝါရိန်းဂျား အရုပ်လေးက စက်ဘီရှေ့တွင် ချိတ်လျက်။ ကျောင်းထဲပြန်ဝင်ခါနီး တီတီတာတာမှာနေသော သားသား၏ပုံလေးကိုတွေးရင်း မစုတစ်ယောက် မွန်းတည့်နေကိုပင်မေ့၍ အေးချမ်းနေသည်။ပါဝါရိန်းဂျား အရုပ်လေးကို ညနေကျောင်းဆင်းဆင်းချင်း ပေးနိုင်ရန် အိမ်အပြန် တစ်ခါထဲ ဝင်ဝယ်လာခဲ့သည်။ မိဘအရင်းထက် ကြီးတော်ကို ပိုချစ်သော တူတော်မောင်လေးအကြောင်း တွေးနေရလျှင် သူ့အတွက် အရာရာပြည့်စုံနေသလိုပါပေ။
                                           အိမ်ဝင်းပေါက်အရောက် မစုစက်ဘီးပေါ်မှဆင်း၍ တွန်းဝင်လာခဲ့သည်။ နေ့ခင်းအိမ်ပြန်လေ့မရှိသော နုနု၏ ဆိုင်ကယ်က အိမ်အပေါက်ရပ်ထားလျက်။ တစ်စုံတစ်ခုကြောင့် လူကထိတ်ခနဲ ဖြစ်၏။ ဘာမှန်းတော့ မသိ။ တစ်အိမ်လုံးကလည်း တိတ်ဆိတ်နေလျက် ရှိသည်။
                            အိမ်အဝင်ပေါက် ဖိနပ်ချွတ်တွင် မောင်ထွန်း၏ နောက်မြီးတို ဖိနပ်ကိုတွေ့လိုက်တော့ ကပျာကယာ အိမ်ထဲ အမြန်လှမ်း ဝင်လိုက်မိ၏။ ယခုလို တိတ်ဆိတ်မှုကြီးကို မစုမနှစ်သက်၊ လန့်သလိုလိုတွေးမိပြီး ကြက်သီးက ဖြန်းခနဲ ထလာသည်။
                နုနုတို့ အိပ်ခန်းပေါက်အရောက် မောင်ထွန်း၏ အသံနက်ကြီးဖြင့် အော်လိုက်သံကြောင့် မစုရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး ရုတ်တရက် ကြက်သေသေပြီး တွေတွေကြီး ရပ်နေမိသည်။ နုနု အသံ ကြားလိုက်ရမှ အိမ်ခန်းအတွင်း ဝုန်းခနဲ အလိုလိုရောက်သွားသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူမှာ မူးမေ့လဲသွားမတတ်။ ထို့နောက် သိမှတ်မဲ့ လုပ်လိုက်မိသည်။

                   “ဟေ့..နုနု..မ ..လုပ်…နဲ့…”

                  မစုက အော်လည်းအော်ရင်း နုနုကို ဆောင့်တွန်းပစ်လိုက်သည်။ သူတွန်းလိုက်သောကြောင့် နုနုက ယိုင်လဲသွားပြီး နံဘေးမှ ကုတင်တိုင်နှင့် နဖူးဆောင့်မိပြီး လဲသွားသည်။ မစုက နုနုလက်ထဲမှ ဓားကိုယူလိုက်ပြီး လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင် တသိမ့်သိမ့် ရှိုက်ငိုနေမိတော့၏။ သွေးအိုင်ထဲမှ မောင်ထွန်းကတော့ မလှုပ်မရှက်။
                    ဆူဆူညံညံ အသံများကြောင့် ဘေးအိမ်နီးနားချင်းများက အိမ်ထဲရောက်လာကြသည်။ မစုကတော့ ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် တသိမ့်သိမ့် ရှိုက်ငိုနေဆဲ။ နုနုကလည်း သူ့နဖူးကို လက်ဖြင့်အုပ်ထားရင်း တွေတွေကြီး ငေးနေမိသည်။ ရပ်ကွက်ထဲမှ လူများကလည်း မြင်ကွင်းကို ကြောင်ပြီး ကြည့်နေမိကြသည်။ အသံအားလုံးက တိတ်ဆိတ်နေသဖြင့် လူအများကြီး ရှိနေသည်ဟုပင် မထင်ရစရာ။ ခေတ္တခဏ တိတ်ဆိတ်မှုက မစု၏ စကားပြောသံကြောင့် သက်ဝင်လှုပ်ရှားသွားရပါတော့သည်။

                   “နု..နု   ..ညနေ.. သား..သားလေး ကျောင်းသွားကြိုရင်.ပါ .. ပါဝါရိန်းဂျား အရုပ်လေး ယူ.. ယူဖို့ မေ့....မေ့မသွား..နဲ့..ဦး”


                                                                "ခန့်ညီဖေ”
                                               Friday, September 27, 2013 1:25P:M

0 comments to “ “အရံ လူ””

Post a Comment